တရုတ်-ရုရှား ထိပ်သီးအစည်းအဝေး ကျင်းပ ၊ အမေရိကန်၏ ကာကွယ်ရေး စီမံကိန်းနှင့် နိုင်ငံခြားရေးမူဝါဒကို နှစ်နိုင်ငံဝေဖန်
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင်ထိပ်သီးအစည်းအဝေးတစ်ခုကို လက်ခံ ကျင်းပခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဗုဒ္ဓဟူးနေ့ (မေ ၂၀) တွင် ပေကျင်း မြို့သို့ရောက်ရှိလာသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ကော်ဇောနီ ခင်း၍ ခမ်းနားထည်ဝါစွာကြိုဆိုခဲ့ပြီး နိုင်ငံတကာမျက်နှာစာတွင် အမေရိကန် ၏ လွှမ်းမိုးမှုကို သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသည့် အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖျင်က လက်ရှိကမ္ဘာ့အခြေအနေသည် ပရမ်းပတာဖြစ်ရပ်များနှင့် ပြည့်နှက်နေသော်လည်း တရုတ်-ရုရှား ဆက်ဆံရေးသည် ‘မတည်ငြိမ်မှုများကြားက တည်ငြိမ်မှု’ ကို ဆောင်ကြဉ်းပေးသည့် အင်အားစုဖြစ်ကြောင်း ချီးမွမ်းပြောဆိုခဲ့သည်။ ထို့ပြင် ၎င်းက “တစ်ဦးတည်းအာဏာလွှမ်းမိုးဖို့ ကြိုးပမ်းတဲ့ အင်အားကြီးဝါဒရေစီးကြောင်းတွေ သောင်းကျန်းနေပါတယ်" ဟု ဆိုကာ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ နယ်ပယ်ကျော်လွန်လုပ်ဆောင်မှုများကို တရုတ်တို့၏ ပုံမှန်အသုံးအနှုန်းဖြင့်ဝေဖန်ခဲ့ပြီး ထိုအခြေအနေများကိုရင်ဆိုင်ရန် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
အမေရိကန်နှင့် ရုရှားဟူသော ပဋိပက္ခများကြား နစ်မွန်းနေသည့် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံလုံးမှ ခေါင်းဆောင်များကို ရက်ပိုင်းအတွင်း လက်ခံ တွေ့ဆုံခွင့်ရခြင်းသည် သမ္မတရှီကျင့်ဖျင်အတွက် တရုတ်နိုင်ငံ၏ ကမ္ဘာ့ဩဇာအာဏာကြီးမားသူ (Global Powerbroker) အဖြစ် ဂုဏ်သတင်းကို ခိုင်မာစေသည့် အခွင့်အရေးတစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း ထရမ့်၏ ခရီးစဉ်နှင့်မတူဘဲ ပူတင်၏ ခရီးစဉ်တွင်မူ နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ပြသခဲ့ကြသည်။
ခေါင်းဆောင်နှစ်ဦးသည် ရင်းနှီးသောပုဂ္ဂိုလ်ရေးနှောင်ကြိုးကို အလေးအနက်ပြုခဲ့ကြပြီး ပူတင်က တရုတ်-ရုရှားဆက်ဆံရေးသည် မကြုံစဖူးအဆင့်သို့ ရောက်ရှိနေကြောင်းနှင့် ခွဲခွာရခြင်းကို နှိုင်းယှဉ်သည့် "တစ်ရက်ခွဲခွာရတာဟာ ဆောင်းဦးသုံးခါစာ (သုံးနှစ်) ကဲ့သို့ ခံစားရတယ်" ဟူသော တရုတ်စကားပုံကို သုံးနှုန်း၍ ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ဦးစလုံးက အနောက်အုပ်စုက မတရားလွှမ်းမိုးထားသည့် ကမ္ဘာ့စနစ်ကို ပြန်လည်ပုံဖော်ရန်နှင့် ‘ဝင်ရိုးစုံကမ္ဘာ’ (Multipolar World) ကို တည်ဆောက်ရန် ၎င်းတို့၏ မိတ်ဖက်ပြုမှုကို အတိုင်းအဆမဲ့ဆက်လက်တိုးချဲ့မည့် ပူးတွဲ ကြေညာချက်တစ်စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ ပူးတွဲကြေညာချက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒေါ်လာဘီလီယံပေါင်းများစွာတန် Golden Dome ဒုံးကျည်ကာကွယ်ရေး စနစ် တည်ဆောက်မည့် အစီအစဉ်ကို မဟာဗျူဟာမြောက် တည်ငြိမ်မှုအပေါ် သိသိသာသာခြိမ်းခြောက်နေမှုအဖြစ် ပူးတွဲရှုတ်ချခဲ့ကြသည်။ စစ်ပွဲများနှင့်ပတ်သက်၍လည်း သမ္မတရှီကျင့်ဖျင်က အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ်စစ်ပွဲဆင်နွှဲမှုကို တိုက်ရိုက်ရည်ညွှန်းကာ ကမ္ဘာ့စွမ်းအင်နှင့် ထောက်ပံ့ရေးကွင်းဆက်များ မပြတ်တောက်စေရန် စစ်ပွဲကို အလုံးစုံ ချက်ချင်းရပ်တန့်ရန် နှောင့်နှေးနေ၍မရကြောင်း ပြောကြားခဲ့သည်။
ရုရှားသမ္မတပူတင်ကလည်း အရှေ့အလယ်ပိုင်းအကျပ်အတည်းကြားတွင် ရုရှားအနေဖြင့် တရုတ်နိုင်ငံအတွက် စိတ်ချရသော သယံဇာတထောက်ပံ့သူ အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်းအာမခံခဲ့ပြီး စွမ်းအင်၊ စက်မှုနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
သို့သော်လည်း အဆိုပါခမ်းနားထည်ဝါသောပြကွက်များ၏ နောက်ကွယ်တွင် ရုရှား သမ္မတပူတင်သည် ယူကရိန်းစစ်မျက်နှာ၌ စိန်ခေါ်မှုအသစ် များနှင့် ရင်ဆိုင်နေရသည်။ ခရီးစဉ်မတိုင်မီရက်ပိုင်းက မော်စကိုမြို့သည် ယူကရိန်း၏ ဒရုန်းအစင်းရေ ၅၀၀ ကျော်ဖြင့် အကြီးအကျယ် တိုက်ခိုက် ခြင်းကိုခံခဲ့ရပြီး စစ်မြေပြင်တွင်လည်း ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နယ်မြေအချို့ ပြန်လည်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ နေရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
