၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
နေပြည်တော် ဇွန် ၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးထားပြီးဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ ယနေ့တွင်စတင်ဖွင့်လှစ်၍ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ အတန်းများအလိုက် သင်ခန်းစာများ သင်ကြား/သင်ယူနေမှုတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ထို့ပြင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက် ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
အလားတူ အမှတ်(၁) တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း ရန်ကုန်(ရဲမွန်) နှင့် အမှတ်(၂) လူငယ်ပညာရေး သင်တန်းကျောင်း နေပြည်တော်တို့တွင် အခြေခံပညာအထက်တန်းအဆင့် Grade-10၊ Grade-11 နှင့် Grade-12 အတန်းများကိုလည်း စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ စိတ်ပါဝင်စားစွာဖြင့် လာရောက်လျှောက်ထား ကျောင်းအပ်နှံသူများ များစွာရှိကြောင်း သိရသည်။
သတင်းစဉ်
MDN
