စိတ်ရင်းစေတနာကောင်းနှင့်နိုင်ငံ့ခေါင်းဆောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်သတင်းမှာ မြန်မာနိုင်ငံနှင့်မြန်မာပြည်သူလူထုအတွက် အထူးပင် ဝမ်းသာဖွယ်ကောင်းလှသည့် သတင်းကောင်းဖြစ်သည်။ ပြည်ပနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်တွင်းရှိ ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ကာ ဂုဏ်ပြုလျက်ရှိကြသည်။
မြန်မာနိုင်ငံရှိ ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များကလည်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပတ်သက်၍ ဝမ်းမြောက်ကြည်နူးသည့် ပီတိသဝဏ်လွှာများကို ပေးပို့ကြသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်”ဟုပြဋ္ဌာန်းထားသည့်အတိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာဆိုင်ရာ ပွဲတော်အခမ်းအနားများသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်အားပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက် အားပေးသည့်အတွက် သက်ဆိုင်ရာ ဘာသာဝင်များကလည်း ဝမ်းသာပီတိဖြစ်ကြသည်။ ထို့ကြောင့် ယခုအခါ ပြည်ထောင်စုလွှတ်တော်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် တစ်ခဲနက် ရွေးချယ်တင်မြှောက်သည့်အခါအလွန်ပင် ဝမ်းသာပီတိဖြစ်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှစတင်၍ ခေတ်အဆက်ဆက်တွင် အစိုးရအမျိုးမျိုး၊ နိုင်ငံရေး စနစ်အမျိုးမျိုးဖြင့်ပြောင်းလဲ ကျင့်သုံးခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရလဒ်များဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းမှုမရှိဘဲ မဲမသမာမှုရလဒ်များဖြင့် ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရသည်။
ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အစိုးရအဖွဲ့ကို ဖွဲ့စည်းရာတွင် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုရှိစေရေး တပ်မတော်သားများဖြင့်သာ သီးခြားဖွဲ့စည်းခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ပြီး အတွေ့အကြုံရှိသည့် အရပ်သားများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ထိုအထဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပြီးဆုံးပါက ရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဟု လုပ်ငန်းစဉ် ချမှတ်ထားပြီးဖြစ်သည်။
ထိုသို့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရာတွင် နိုင်ငံရေးအရသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်မှုများအထိဖြစ်ပေါ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေသည့်အချိန်လည်းဖြစ်ပြီး ပြင်းထန်သည့်သဘာဝဘေးများလည်း ကြုံတွေ့ရသည်။ အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြားမှ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ ထို့ပြင် ငြိမ်းချမ်းရေးကိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် (၈၉)ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် (၂၅) ကြိမ်၊ နိုင်ငံရေးပါတီများနှင့်(၂၂)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃)ကြိမ် စုစုပေါင်း(၁၄၉)ကြိမ်တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ခဲ့သည်။
ထို့ပြင် PDF အပါအဝင်အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ပေးခဲ့သည့်အတွက် လမ်းမှားသို့ ရောက်ရှိသွားသည့် လူငယ်လူရွယ်များမှာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နေကြသည်။ နိုင်ငံတော်နှင့်မိဘပြည်သူများအတွက် ဝမ်းသာကြည်နူးဖွယ်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် စေတနာ၊ မေတ္တာ၊ ကရုဏာကြီးမားစွာဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်ဦးတည်ကာ ဖြေလျှော့မှုမျိုးစုံဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေး အတွက် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုအားပေး ဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်နှင့်မတူအောင် ဖွံ့ဖြိုးတိုးတက်မှုများရရှိနေပြီဖြစ်သည်။ ပညာရေးကဏ္ဍမြင့်မားတိုးတက်စေရေးအတွက်လည်း ယနေ့ခေတ်မှာ နည်းပညာခေတ်ဖြစ်သည့်အတွက် နေပြည်တော်တွင် Napyitaw State Academy နှင့် Napyitaw State Polytechnic University တို့ကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်လေးခု၌လည်း Polytechnic University များကိုဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ထို့အတူ ကျန်းမာရေးကဏ္ဍအပါအဝင် အခြားသောကဏ္ဍများစွာကိုလည်း တိုးတက်အောင်စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်သည့်အခါ ပြည်တွင်းပြည်ပရှိ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခြင်းမှာ စိတ်ရင်းစေတနာကောင်းဖြင့် နိုင်ငံအကျိုး သယ်ပိုးလျက်ရှိသည့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်းလည်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ ဧပြီ ၆ ရက်)
MWD
