တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုဂုဏ်ပြု
မြန်မာ့နိုင်ငံရေးသမိုင်းတစ်ကွေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိကာလသည် တာဝန် ထမ်းဆောင်သူများအတွက် အခက်အခဲအကျပ်အတည်း ကြီးမားစွာရင်ဆိုင်ခဲ့ရသည့် ကာလတစ်ခုဖြစ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုးကြီးနှင့် စတင်ရင်ဆိုင်ခဲ့ရပြီး တစ်ဆက် တည်းမှာပင် အဖြစ်မှန်ကိုမသိ၊ သိဖို့လည်းမကြိုးစား၊ အဖျက်အမှောင့်ပယောဂများကို အခြေခံသည့် ဆူပူအကြမ်းဖက်မှုများ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်ကို ယူခဲ့ရသည်။ မြန်မာနိုင်ငံ၏ သမိုင်းတွင် နိုင်ငံ၏အန္တရာယ် ရန်စွယ်ကျမည့်အချိုးအကွေ့ တစ်ခုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကိုမူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည့်မတ် လွှဲပြောင်းပေးနိုင်ခဲ့သော သမိုင်းမော်ကွန်းတစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။
“တောမီးလောင် တောကြောင်လက်ခမောင်းခတ်” ဆိုသကဲ့သို့ မူလကတည်းက စိတ်သဘောထားမမှန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်း မီးလောင်ရာလေပင့် ဆူပူ အကြမ်းဖက်မှုများကို အားပေးမြှင့်တင်ပြီး တိုက်ပွဲများ ဖော်ဆောင်လာခဲ့ခြင်းကြောင့် အစိုးရနှင့်ပြည်သူများအားလုံး ဆင်းရဲဒုက္ခများစွာဖြင့် ခက်ခဲပင်ပန်းကြမ်းတမ်းခဲ့ကြရသည်။ တစ်ဆက်တည်းမှာပင် မိုခါမုန်တိုင်း၊ ရာဂိမုန်တိုင်းနှင့် အင်အားပြင်းမန္တလေး ငလျင်ကြီးတို့၏ သဘာဝဘေးအန္တရာယ်ကို ဆက်တိုက်ခံစားခဲ့ကြရသည်။ ထိုသို့ဆူပူအကြမ်းဖက်မှုများနှင့် အင်အားကြီးမားသည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရ၊ ထိခိုက်ဆုံးရှုံးမှုများရှိသကဲ့သို့ ဖွံ့ဖြိုးတိုးတက်စပြုနေပြီဖြစ်သည့် အရှိန်အဟုန်များလည်း ရပ်တန့်သွားပြီး ရှိပြီးသား အခြေခံအဆောက်အအုံ အများအပြားသည်လည်း ပျက်စီးသွားခဲ့သည်။
ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီလ ၅ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်း ခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားစဉ် “မိမိတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် အခြေခံများကို ခက်ခက်ခဲခဲကြိုးစား ရုန်းကန်ဆောင်ရွက်ခဲ့ကြရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံနှင့်ပြည်သူများအတွက် စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေခဲ့သည့်သူများ အများအပြားရှိခဲ့ကြသဖြင့် ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စ အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့်ပူးပေါင်းပြီး စွန့်လွှတ်စွန့်စားစွာဖြင့် အန္တရာယ်ကိုမမှုဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက် ခဲ့ကြသူအားလုံးကို ယခုနေရာမှ ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိသည်ကို ဂုဏ်ပြုစကားပြောကြားလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်တွင် အစိုးရ၏ ဦးစီးဦးဆောင်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အဓိကကျသည်။ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသအလိုက်၊ကဏ္ဍအလိုက် ချမှတ်ပေးထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကို အောင်မြင်အောင်ဆောင်ရွက်ရသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ သာမန်အချိန်၌ပင် မလွယ်ကူသည့်တာဝန်များကို ယခုကဲ့သို့အခက်အခဲမျိုးစုံကြားမှ လုပ်ဆောင်ရခြင်းသည် ပိုမိုခက်ခဲကြမ်းတမ်းလှသည်။ တော်ရုံတန်ရုံစိတ်ဓာတ်မျိုး၊ ဝတ်ကျေတန်းကျေ လုပ်ဆောင်မှုမျိုးဖြင့် အောင်မြင်မှုရမည်မဟုတ်ဘဲ လက်ရှိအခြေအနေကို ရောက်လာနိုင်မည်မဟုတ်ပေ။ ၅ နှစ်တာကာလ၏ အခက်အခဲများ၊ အန္တရာယ်များ၊ အကျပ်အတည်းများကို ကြိုးကြိုးစားစားဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ၊ အပြစ်ကင်းကင်း ဆောင်ရွက်နိုင်ခဲ့ခြင်းများကို လေးလေးစားစား အသိအမှတ်ပြု မှတ်တမ်းတင်လို၍ ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပခြင်းဖြစ်သည်။
မည်သည့်လုပ်ငန်းတွင်မဆို ခေါင်းဆောင်မှုသည် အဓိကကျလှသည်။ ဦးစီးဦးဆောင်အကောင်အထည်ဖော်ကြရသည့် အကြီးအကဲများ၏ တာဝန်သည် အလွန်အရေးကြီးသည်။ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ချမှတ်ခဲ့သည့်ဦးတည်ချက်များ၊ ရည်မှန်းချက်များ၊ အမျိုးသားရေးတာဝန်များကို နိုင်ငံတော်အကြီးအကဲနှင့်အတူ ယုံယုံကြည်ကြည်၊ကြိုးစားပမ်းစား စိတ်ရင်းစေတနာကောင်းများဖြင့် အကောင်အထည်ဖော်ပေးကြသည့် လုပ်ဖော်ကိုင်ဖက်များအား နိုင်ငံတော်အကြီးအကဲက လေးလေးစားစားဖြင့် ဂုဏ်ယူပြီး အသိအမှတ်ပြုဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်းဖြစ်သည်။ မကြာမီရက်ပိုင်း အတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေး နိုင်တော့မည်ဖြစ်သည်။ တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလ အစအဆုံးတွင် ပေးအပ်သည့် တာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့၍ နိုင်ငံတော်အကြီးအကဲ အနေဖြင့် လေးလေးစားစား အသိအမှတ်ပြုခြင်းမှာ တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုကို ဂုဏ်ပြုခြင်းဖြစ်၍ အလွန်ပင်ကောင်းမွန်လှသည့် ဆောင်ရွက်ချက်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ ဧပြီ ၇ ရက်)
MWD
