ဆက်စပ်ကဏ္ဍများ
အယ်ဒီတာ့အာဘော်(၂ဝ၂၆ ခုနှစ်၊ မေ ၇ ရက်) လူမှုပတ်ဝန်းကျင်တွင် အများထက်ပိုမိုထူးကဲစွာ သာလွန်ကောင်းမွန်သူများကို ဂုဏ်ပြုချီးကျူးလေ့ရှိသည်မှာ မြန်မာ့ဓလေ့ကောင်းတစ်ခုဖြစ်သည်။ သက်ဆိုင်ရာနယ်ပယ်များအလိုက် ထူးချွန်သူများကို ရွေးချယ်ဂုဏ်ပြုပေးလျက်ရှိရာတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း လူရည်ချွန်များအဖြစ်ရွေးချယ်ကာ နိုင်ငံတော်က အရေးတယူဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။ “လူရည်ချွန်”ဆိုသည်မှာ ထူးချွန်ထက်မြက်သူ၊ အသိဉာဏ်ပညာပြည့်ဝသူ၊ အများထက်သာလွန်အောင် ကြိုးစားအားထုတ်နိုင်သူ၊ ပင်ကိုစွမ်းရည်မြင့်မားသူများ ဖြစ်ကြသည်။လူရည်ချွန်စီမံကိန်းဆိုသည်မှာ ကျန်းမာသန်စွမ်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်ပြီး ဗလငါးတန်ပြည့်ဝသည့် လူကောင်းလူတော်များ၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများမှတစ်ဆင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် ပညာတတ်လူငယ်များ ပေါ်ထွန်းလာရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူအချင်းချင်း လူရည်ချွန်ရွေးချယ်ခံရသူများကို အားကျအတုယူလိုစိတ်၊ မိမိကိုယ်တိုင်လူရည်ချွန်ဖြစ်အောင် ကြိုးစားလိုစိတ်များနှင့် ကောင်းသောယှဉ်ပြိုင်မှုများနှင့် အဘက်ဘက်မှ လေ့လာသင်ယူလိုစိတ်များကို မြှင့်တင်ပေးခြင်းလည်းဖြစ်သည်။ ထိုသို့ကောင်းမြတ်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူရည်ချွန်စီမံကိန်းသည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးရာ အစဉ်အလာကောင်းသည့် ပညာရေးစီမံကိန်း တစ်ခုလည်းဖြစ်သည်။ ယခင်က လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသူများသည် ယခုအချိန်တွင် နိုင်ငံ့တာဝန်များကို အဆင့်မြင့်စွာထမ်းဆောင်နေကြသူများ ရှိနေပြီး လက်ရှိအစိုးရအဖွဲ့ အသီးသီးတို့၌ပင် လူရည်ချွန်ရွေးချယ်ခံခဲ့ရသူ ၁၂ ဦးပါဝင်သည်။၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို မေလ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်ပြီး ဩဝါဒအမှာစကားပြောကြားစဉ် “မောင်တို့မယ်တို့အနေဖြင့် မိမိတို့ရရှိထားသည့်လူရည်ချွန်ဟူသည့် ဂုဏ်ပုဒ်၊ အဆင့်အတန်းနှင့်အညီ ပြောဆိုနေထိုင်ပြုမူလုပ်ကိုင်မှုများကိုမြှင့်တင်နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ “အတ္တနှင့်ပရ”မျှတမှုရှိအောင် ကျင့်ကြံနေထိုင်ကြရန်နှင့် ခေတ်စနစ်၏ တိုးတက်မှုနည်းလမ်းများကို အမြဲမပြတ်ရှာဖွေနေရန် လိုအပ်သကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ် မသွားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ လူငယ်ဘဝတွင်ရှိသင့်သည့် ကျင့်ဝတ်များဖြစ်သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များကို လိုက်နာနေထိုင်ကြရန်နှင့် မိဘ၊ ဆရာသမားတို့ကို ရိုသေလေးစားပြီး ဘာသာတရား၏ အဆုံးအမနှင့်အညီကိုယ်ချင်းစာမှု၊ သည်းခံခွင့်လွှတ်မှုဟူသည့် အခြေခံစိတ်ဓာတ်ကောင်းများမွေးမြူကြရမည်ဖြစ်ကြောင်း၊ အများက လေးစားအတုယူရမည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန်”ထည့်သွင်းမှာကြားခဲ့သည်။ဒီမိုကရေစီနိုင်ငံတော်သစ်ကို စတင်လျှောက်လှမ်းသည့် အချိန်ကာလတွင် နိုင်ငံတော်က အားထားရသည့် လူရည်ချွန်မောင်မယ်များအနေဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရာ၌ စွမ်းအားနှင့်ပူးပေါင်း ပါဝင်မှုသည် အထူးအရေးကြီးပေသည်။ လူရည်ချွန်မောင်မယ်များမှာ စာပေဘာသာရပ်များကိုသာ ကျွမ်းကျင်ပိုင်နိုင်ခြင်းမဟုတ်ဘဲ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ တစိုက်မတ်မတ်လေ့ကျင့်မှု စသည့် ကာယ၊ ဉာဏစွမ်းအားများနှင့် စစ်ဆေးအကဲဖြတ်မှုအဆင့်ဆင့်ကို ယှဉ်ပြိုင်ကျော်ဖြတ်နိုင်ခဲ့ကြသူများဖြစ်သည်။ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့သဖြင့် အောင်မြင်မှုများရရှိပြီး မိမိမိသားစု၊ မိမိကျောင်း၊ မိမိဒေသအတွက် ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ၏ အင်အားဖြင့် တည်ဆောက်ရခြင်းဖြစ်သည်။ လူငယ်တိုင်းသည် နိုင်ငံကိုဦးဆောင်နိုင်သူ မဖြစ်သော်လည်း လူငယ်အားလုံးသည် နိုင်ငံတော်၏အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန် လူရည်မွန်များ ပေါ်ထွက်လာအောင် လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အဓိက အင်အားစုဖြစ်သည့်အတွက် အသိပညာ အတတ်ပညာပြည့်ဝရန် လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးမည့်သူများဖြစ်ကြရမည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့် အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊ သမိုင်းကြောင်းများ၊ သဘာဝတောတောင်ရေမြေများ၊ သယံဇာတအရင်းအမြစ်များကို တန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူရည်ချွန်မောင်မယ်များအနေဖြင့် အများက လေးစားရမည့်စံပြ လူငယ်အဖြစ် ထာဝစဉ်ရပ်တည်နိုင်ပါစေကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။ ။MWD
လူရည်ချွန်စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်သုံးရပ်မှာ (၁) ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ (၂) ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် (၃) ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန် ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့် လူရည်ချွန်စီမံကိန်းသည် နိုင်ငံတည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်သော တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ရေး၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။လူရည်ချွန်တစ်ယောက်ဖြစ်လာရန်ဆိုသည်မှာ ကျောင်းစာတွင် ထူးချွန်ရုံမျှသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် အထွေထွေဗဟုသုတ စသည်တို့တွင်လည်း ဘက်စုံအရည်အချင်း ပြည့်ဝ၍ သူတကာထက် ထူးကဲသာလွန်ဖို့လိုသည်။ သို့ဖြစ်ရာ လူရည်ချွန်သည် ကျောင်းအဆင့်တွင် အတန်းလိုက် အမြင့်ဆုံးရမှတ်များရရှိထားသူဖြစ်ပြီး ကျောင်းအဆင့်မှ ရွေးချယ်လိုက်သည့် လူရည်ချွန်များမှာ မြို့နယ်အဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုတို့ကို ဖြေဆိုကြရသည်။ လူတွေ့နှုတ်ဖြေတွင် ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တ၊ လောကနီတိ၊ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့တို့နှင့်ပတ်သက်၍ အကဲဖြတ်မေးမြန်းခြင်းကို ဖြေဆိုကြရပြီး ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကိုပါ ခံယူကြရခြင်းဖြစ်သည်။ ယင်းနောက် အတန်းအလိုက် တစ်မြို့နယ်လျှင် နှစ်ဦးနှုန်းဖြင့် ခရိုင်အဆင့်ဆက်လက်ရွေးချယ်ခြင်းဖြစ်သည်။ယင်းကဲ့သို့ အဆင့်ဆင့်စိစစ်ရွေးချယ်မှုများကို ဘက်စုံထူးချွန်သည့် အရည်အသွေးများပြသ၍ ကျော်ဖြတ်လာကြသည့် လူရည်ချွန်များမှာ ဘဝတစ်လျှောက်လုံးတွင်လည်း မိမိတို့၏ အရည်အသွေးများဖြင့် နိုင်ငံနှင့် အများပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြသည်။ “ ကောင်းမြတ်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူရည်ချွန်စီမံကိန်းသည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့သားကောင်း ရတနာများ မွေးထုတ်ပေးရာ အစဉ်အလာကောင်းသည့် ပညာရေးစီမံကိန်းတစ်ခုလည်းဖြစ်ကြောင်း၊ ယခင်က လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသူများသည် ယခုအချိန်တွင် နိုင်ငံ့တာဝန်များကို အဆင့်မြင့်စွာ ထမ်းဆောင်နေကြသူများရှိသကဲ့သို့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များနှင့် အဖွဲ့အစည်းများတွင်လည်း ပါဝင်အကျိုးပြု နေပြီကို မောင်တို့ မယ်တို့ အသိပင်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အသီးသီးတို့၌ လူရည်ချွန်ရွေးချယ်ခံခဲ့ရသူ (၁၂)ဦး ပါဝင်ကြောင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူနိုင်ရေး အသိပေးပြောကြားလိုကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား တွေ့ဆုံသြဝါဒအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ လူရည်ချွန်ဖြစ်ခဲ့သူသည် တစ်သက်တာ လူရည်ချွန်ပင်ဖြစ်သည့် သာဓကဖြစ်သည်။လူငယ်များသည် အနာဂတ်ကာလတွင် နိုင်ငံ၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်ပြီး နိုင်ငံကို ပုံဖော်တည်ဆောက်ကြရမည့်သူများဖြစ်သည်။ ထို့အပြင် အနာဂတ်ကာလ၏ အသစ်အသစ်သော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရမည့်သူများဖြစ်ရာ ထူးချွန်ထက်မြက်သည့် လူငယ်များဖြင့်သာ ယင်းသို့သောစိန်ခေါ်မှုများကို ကျော်လွှားနိုင်ကြမည်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံ၏အနာဂတ် အကောင်းအဆိုးသည် လူငယ်များ၏ စွမ်းရည်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မူတည်ဖြစ်ပေါ် မည်ဖြစ်သည့်အလျောက် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေ ဆောင်ရွက်ကြရန်လိုသည်။ လူငယ်များသည် အသိ ပညာ အတတ်ပညာ ပြည့်ဝသူများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်သူများ၊ နိုင်ငံအကျိုးနှင့် အများအကျိုးသယ်ပိုးလိုစိတ်ရှိသူများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ကောင်းမြတ်သည့် အမျိုးသားရေး အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊ သဘာဝတောတောင် ရေမြေနှင့် သယံဇာတအရင်းအမြစ်တို့ကို တန်ဖိုးထားကာကွယ်စောင့်ရှောက်လိုစိတ် ပြင်းပြသူများဖြစ်ရန်လိုသည်။သို့ဖြစ်ရာ နိုင်ငံအတွက် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့သော လူရည်ချွန်စီမံကိန်းများမှ နိုင်ငံအတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများစွာ ပေါ်ထွန်းလာခဲ့သည့် အစဉ်အလာနှင့်အညီ မျိုးဆက်သစ် လူရည်ချွန်မောင်မယ်များအနေဖြင့်လည်း မိမိတို့ရှေ့တွင် ကောင်းသောလမ်းကို ညွှန်ပြခဲ့သည့် လူရည်ချွန်ကြီးများနည်းတူ နိုင်ငံနှင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်း သမီးကောင်းတို့ ဖြစ်ကြပါစေကြောင်း။ ။moi
၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူလူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းစခန်း အသီးသီးတို့တွင် သင်တန်းသား သင်တန်းသူ လူငယ်များ တက်ရောက်သင်ယူလေ့ကျင့်နေကြပြီဖြစ်သည်။ပင်လယ်ပြင်နယ်နိမိတ်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းများပိုင်ဆိုင်ထားပြီး အချက်အချာကျသောနေရာတွင် တည်ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ပညာရပ်များကို နိုင်ငံသူနိုင်ငံသားများ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ တတ်မြောက်ထားကြရန်လိုသည်။ သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလအတွင်း အချိန်ကို အလဟဿမဖြစ်စေဘဲ ရေကြောင်း၊ လေကြောင်းဆိုင်ရာ ပညာရပ်များကို ယခုကဲ့သို့ လေ့လာသင်ယူနေကြခြင်းက မိမိအတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးကျေးဇူးဖြစ်ထွန်းသည်။ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော် (ရေ) သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်း၊ အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာများ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းစသည့် ဘာသာရပ်များနှင့် အတတ်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးကြောင်း သိရသည်။ထိုနည်းတူစွာ အခြေခံလေကြောင်းလူငယ်သင်တန်းများတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ် ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ (လက်နက်မဲ့) ဘာသာရပ်များ၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်းများတွင် လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတ၊ Airfield Procedure၊ RC လေယာဉ် ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ (လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်များ ထည့်သွင်းပို့ချပေးပြီး တပ်မတော်(လေ) ပျံသန်းရေးအုပ်များ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးသည်ဟု သိရသည်။အထက်ပါသင်တန်းများတွင် စတင်ဖွင့်လှစ်ခဲ့ချိန်မှ ယခုချိန်ထိ လူငယ်များသောင်းနှင့်ချီ၍ တက်ရောက်ပြီးခဲ့ကြပြီဖြစ်ပြီး သင်တန်းဖွင့်လှစ်ရသည့် မူလရည်မှန်းချက်များ အောင်မြင်ခဲ့သည်။ ရက်သတ္တငါးပတ်ခန့်မျှသော သင်တန်းကာလအတွင်း နိုင်ငံ၏ဒေသအသီးသီးမှ တက်ရောက်လာကြသည့် လူငယ်မောင်မယ်များသည် သင်တန်း၌တွေ့ဆုံကြကာ အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့်၊ အတွေ့အကြုံဗဟုသုတများ ဖလှယ်ခွင့်တို့ရရှိခဲ့ကြသလို ခင်မင်ရင်းနှီးသည့် မိတ်ကောင်းဆွေကောင်းများလည်း တိုးပွားခဲ့ကြသည်။ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၀ ကျော်ရှိသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျောက် ပြည်ထောင်စုဖွား တိုင်းရင်းသူ တိုင်းရင်းသားလူငယ်များ တွေ့ဆုံခွင့်နှင့် ချစ်ခင်ရင်းနှီးခွင့်တို့လည်း ရရှိခဲ့ကြသည်။အနာဂတ်ကာလ နိုင်ငံတော်ကို ယနေ့လူငယ်များက ဆက်လက်မြှင့်တင်တည်ဆောက်သွားကြရမည်ဖြစ်သကဲ့သို့ ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရမည်လည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ၏ အနာဂတ်ကိုပိုင်စိုးသည့် လူငယ်များအား စွမ်းရည်မြင့်မားသည့် အဖိုးတန်လူသားအရင်းအမြစ်များဖြစ်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုသည်။ နိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ စွမ်းရည်မြင့်သည့် လူငယ်များ၏ စွမ်းပကားဖြင့် မိမိနိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃ တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်။” ဟူ၍ ပြဋ္ဌာန်းထားသည်နှင့်အညီ နိုင်ငံတော်အစိုးရသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။မျက်မှောက်ကာလ ကမ္ဘာကြီးသည် နည်းပညာများ မြင့်မားခြင်းနှင့်အတူ အရှိန်အဟုန်ဖြင့်တိုးတက်ပြောင်းလဲလျက်ရှိရာ ယနေ့လူငယ် မောင်မယ်များအနေဖြင့် မိမိတို့နိုင်ငံကို ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲ တည်ဆောက်နိုင်ရေး၊ ကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် မိမိတို့၏ စွမ်းရည်စွမ်းအားကို မြင့်မြင့်မားမား မြှင့်တင်ထားကြရပါမည့်အကြောင်း။ ။moi
ထေရဝါဒ ဗုဒ္ဓဘာသာသမိုင်းတစ်လျှောက်တွင် မြတ်စွာဘုရားဟောကြားဆုံးမတော်မူခဲ့သည့် ဓမ္မနှင့် ဝိနယတရားတော်များ မပျောက်မပျက်စေရန်နှင့် သန့်ရှင်းစင်ကြယ်စေရန် ဗုဒ္ဓ၏ တပည့်သားရဟန်း သံဃာများက စုပေါင်းရွတ်ဆို သုတ်သင်တည်းဖြတ်ကြရသည့် သင်္ဂါယနာပေါင်း ခြောက်ကြိမ်ရှိခဲ့သည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး မကြာမီကာလတွင် ပထမသင်္ဂါယနာ တင်ခဲ့ရသည်မှစကာ နှစ်ပေါင်းနှစ်ရာကျော် အတွင်း ဒုတိယနှင့် တတိယသင်္ဂါယနာတို့ကို အိန္ဒိယနိုင်ငံတွင် တင်ခဲ့ကြရသည်။ သာသနာနှစ် ၄၅၀ ခန့်တွင် သီရိလင်္ကာနိုင်ငံ၌ စတုတ္ထသင်္ဂါယနာကို တင်ခဲ့ရာ ဘုရားရှင်လက်ထက်မှစ၍ ကာလတစ်လျှောက်လုံး နှုတ်တက်အာဂုံဆောင်ခဲ့ကြသည့် တရားတော်များကို ပထမဆုံးအဖြစ် ပေထက်အက္ခရာတင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်သာသနာပြု ဒါယကာ မင်းတုန်းမင်းကြီးလက်ထက် သာသနာနှစ် ၂၄၁၅ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ ဘုရားဟော ပိဋကတ်သုံးပုံတရားတော်တို့မှာ ကျောက်စာချပ်ရေ ၇၂၉ ချပ်ပေါ်တွင် ကျောက်ထက်အက္ခရာအဖြစ် တင်နိုင်ခဲ့သည်။ မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရင်ပြင်တော်တွင် စိုက်ထူထားသည့် အဆိုပါ ပိဋကတ်သုံးပုံကျောက်စာများမှာ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြားလျက်ရှိသည်။ မြတ်စွာဘုရားရှင်၏ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များကို နှစ်ပေါင်း ၂၆၀၀ ခန့် ကာလအတွင်း သင်္ဂါယနာခြောက်ကြိမ်တင်ခဲ့ရာ၌ နောက်ဆုံးနှစ်ကြိမ်မှာ မြန်မာနိုင်ငံ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာကို သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ဖွင့်ပွဲကို ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂီတိ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သည်။ မဟာဓမ္မသဘင်ဖွင့်ပွဲသည် သုံးရက်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးများ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ သံဃရာဇာ သာသနာပိုင်ဆရာတော်များ၊ သံဃနာယကဆရာတော်များ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဗီယက်နမ်နိုင်ငံတို့မှ ဂဏာစရိယဆရာတော်များ ပါဝင်သည့် သင်္ဂီတိကာရကအပါး ၂၅၀၀ ကြွရောက်တော်မူခဲ့ကြသည်။ မေလ ၂၁ ရက်နေ့တွင် မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း ထေရဝါဒ ငါးနိုင်ငံမှ ဆရာတော်၊ သံဃာတော် ၂၅၀၀ တို့ စုဝေးတော်မူကြ၍ ဆဋ္ဌသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။၎င်းသင်္ဂါယနာတင်ပွဲတွင် အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ကြီး ဘဒ္ဒန္တရေဝတ၊ အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသတို့က သံဃနာယက မထေရ်အဖြစ် ဆောင်ရွက်တော်မူကြ၍ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏက ပုစ္ဆက အမေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာ ဘိဝံသကဝိသဇ္ဇက အဖြေပုဂ္ဂိုလ်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့သည်။ ၎င်းဖြေဆိုချက်အတိုင်း သင်္ဂီတိကာရက၊ သင်္ဂီတိပါဏက ဆရာတော်များက စုပေါင်းညီညာ ရွတ်ဆိုတော်မူကြ၍ သင်္ဂါယနာ တင်တော်မူကြသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် ဓမ္မဝိနယတရားတော်များကို နှစ်နှစ်ကြာသင်္ဂါယနာတင်ခဲ့ရာ သာသနာနှစ် ၂၅၀၀ ပြည့် ကောဇာသက္ကရာဇ် ၁၃၁၈ ခု၊ ကဆုန်လပြည့်နေ့ တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။ ယခုအခါ နှစ်ပေါင်း (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်သော သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မ သဘင်ကြီးကျင်းပခဲ့သည့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၊ ဥတ္တရကုရုစသော ကျောင်းဆောင်ကြီး လေးဆောင်၊ မဟာသိမ်တော်ကြီး၊ သုံးထပ်ဆွမ်းစား ကျောင်းဆောင်၊ ပိဋကတ်ပုံနှိပ်တိုက်၊ ပိဋကတ်ပြတိုက်၊ မဟာနာယကကျောင်းတော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မသဘင်တို့ကို ရှေးမူမပျက်ပြင်ဆင်မွမ်းမံခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်မွမ်းမံခြင်းတို့ ဆောင်ရွက်ထားပြီးဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်များမှာလည်း ခဲစာလုံးပုံနှိပ်မူမှသည် ကွန်ပျူတာမူအဖြစ် ပူဇော်ထားရှိနိုင်ပြီဖြစ်သည်။ ထိုမျှမကသေး မြန်မာ၊ ပါဠိ၊ ရိုမန် အက္ခရာတို့ဖြင့် ကျောက်စာချပ်ရေ ၁၄၄၀ တို့ကို ကျောက်စာရုံစေတီ ၇၂၀ တည်ကာ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း ပူဇော်ထားရှိနိုင်ခဲ့ပြီဖြစ်သည်။ ဗုဒ္ဓသာသနာ သမိုင်းတွင် သင်္ဂါယနာ နှစ်တန်ကျင်းပနိုင်ခဲ့သည့် မိမိတို့နိုင်ငံသည် ပရိယတ္တိ၊ ပဋိပတ္တိ ဝန်ဆောင် ဆရာတော်အရှင်သူမြတ်များ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ဆရာဒကာ လက်တွဲညီစွာဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအဓွန့်ရှည်စွာ ကမ္ဘာတည်သရွေ့ သန့်ရှင်းတည်တံ့ပြန့်ပွားရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။MDN (မြန်မာ့အလင်း)
ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင်ပွင့်တော်မူစဉ်က သက်တော်အားဖြင့် (၃၅) နှစ်ဖြစ်သည်။ ထိုကာလမှစ၍ အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်းဖြစ်သည်ကိုမမှု (၄၅) ဝါကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ တရားတို့ကို မနေမနား ဟောကြားတော်မူခဲ့ရာ မြတ်စွာဘုရားက “ချစ်သား အာနန္ဒာ ... ငါဘုရား ဟောကြားထားသော ဓမ္မဝိနယ ခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်”ဟု မိန့်တော်မူခဲ့သည်။ဘုရားရှင်မှာကြားချက်အရ “ဓမ္မဝိနယ”ဟုခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်၏။ “သာသနာ”ဟူသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ်သည်။ ထိုတရားတော်များ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားလည်း တည်ရှိနေသည်ဖြစ်၍ သာသနာတော်လည်း တည်ရှိနေသည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာများ ကွယ်ပျောက်ပါက မြတ်စွာဘုရားလည်း ကွယ်ပျောက်ပြီး သာသနာတော်လည်း ကွယ်ပျောက်မည်ဖြစ်သည်။ သာသနာတော်ကွယ်ပျောက်ခြင်းသည် ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး အမှောင်အတိ ဖုံးလွှမ်းခြင်းပင်ဖြစ်သည်။ထို့ကြောင့် မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော် အဆက်ဆက်သည် ဓမ္မဝိနယဟုခေါ်သော အဘိဓမ္မာတရားတော်များကို မညစ်နွမ်းမပျောက်ကွယ်အောင် ကြိုးစားစောင့်ရှောက်တော်မူခဲ့ကြသည်။ သို့သော် ခေတ်အဆက်ဆက်တွင် သာသနာတော်၏ ဆန့်ကျင်ဘက်အန္တရာယ်များ ပေါ်ပေါက်လာတတ်သည်။ ထိုသို့ပေါ်ပေါက်လာသည့်အခါ မြတ်စွာဘုရားရှင်၏ တပည့်သားကောင်း ရဟန်းသံဃာတော်များသည် ကြောင့်ကြမဲ့မနေကြဘဲ သာသနာ့အန္တရာယ် ကွယ်ပျောက်ပြီး သာသနာတော်ကြီး သန့်ရှင်းတည်တံ့ထွန်းကားပြန့်ပွားရေးအတွက် သင်္ဂါယနာအသီးသီးကို တင်တော်မူခဲ့ကြသည်။ ထိုသို့သင်္ဂါယနာတင်ရာတွင် ခေတ်အဆက်ဆက် မင်း၊ အစိုးရနှင့် ပြည်သူများကလည်း ကြောင့်ကြမဲ့မနေကြဘဲ သင်္ဂါယနာပွဲကြီးဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီခဲ့ကြသည်။မြတ်စွာဘုရားရှင်သည် ခရစ်တော်မပေါ်မီ ၅၄၄ ခုနှစ်တွင် ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။ ထိုနှစ်မှစ၍ သာသနာတော်နှစ်တစ်နှစ်အဖြစ် စတင်ရေတွက်ခဲ့သည်။ ယခုအခါ သာသနာတော်နှစ်သည် ၂၅၇၀ ပြည့်နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ် တင်ခဲ့ပြီးဖြစ်သည်။ သာသနာတော် နှစ် (၁) (ခရစ်တော်မပေါ်မီ ၅၄၄ ဘီစီ) မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် သုံးလအကြာတွင် သာသနာတော်ကို ထိပါးပုတ်ခတ်သောကြောင့် ရာဇဂြိုဟ်ပြည်၌ ပထမသင်္ဂါယနာတင်ခဲ့သည်။ သာသနာတော်နှစ် (၁၀၀) (ခရစ်တော်မပေါ်မီ ၄၄၃ ဘီစီ) တွင် ဝေသာလီပြည်တွင် သာသနာတော်၌ ဝိနည်းကျင့်ဝတ်မညီသောကြောင့် ဒုတိယသင်္ဂါယနာတင်ခဲ့သည်။ သာသနာတော်နှစ် (၂၃၅) (ခရစ်တော်မပေါ်မီ ၃၀၈ ဘီစီ)တွင် ပါဋလိပုတ်ပြည်၌ ရဟန်းတု၊ ရဟန်းယောင်များကြောင့် တတိယသင်္ဂါယနာ တင်ခဲ့သည်။ သာသနာတော်နှစ် (၄၅၀) (ခရစ်တော်မပေါ်မီ ၉၄ ဘီစီ) တွင် ဘေးကြီး ၁၂ နှစ်တာခံစားရသောကြောင့် သီရိလင်္ကာနိုင်ငံ၌ စတုတ္ထသင်္ဂါယနာတင်ခဲ့သည်။သာသနာတော်နှစ် ၂၄၉၈ (ခရစ်နှစ် ၁၉၅၄ ခုနှစ်) ကဆုန်လပြည့်နေ့၌ မြန်မာနိုင်ငံ သူ့ကျွန်ဘဝ၌ နှစ်(၁၀၀) ကျော်နေခဲ့ရ၍ ဗုဒ္ဓသာသနာညှိုးနွမ်းလျက်ရှိရာ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့ကို ရှေးရှု၍ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များကို အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်ဆိုသည်။ ထိုသို့ သင်္ဂါယနာတင်ရာတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားဒေသနာများကို ဟောတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ခြင်းဖြစ်သည်။ တရားတော်များကို တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်း အလျှင်းမရှိပေ။သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော် သန့်ရှင်းပြန့်ပွားရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထမ်းဆောင်ခွင့်ရနေသဖြင့် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ခမ်းနားထည်ဝါစည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားထွန်းလင်းတောက်ပလျက်ရှိပါကြောင်း။ ။moi
