နိုင်ငံတော်နှင့်ပြည်သူ ပန်းတိုင်သို့အတူတူပန်းဝင်ကြရင်ဖြင့်...

Posted_Date

Image

နိုင်ငံတော်နှင့်ပြည်သူ ပန်းတိုင်သို့အတူတူပန်းဝင်ကြရင်ဖြင့်...

Body

လူတစ်ဦးတစ်ယောက်စီတွင် ပန်းတိုင်ကိုယ်စီရှိကြသည်။ ပန်းတိုင်မရှိသောသူသည် ဦးတည်ရာမဲ့ လွင့်မျောနေသော အမှိုက်တစ်ခုနှင့်သာတူပေမည်။ ထို့အတူ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ ဦးတည်ချက်(၄)ရပ်ကို  ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ထိုဦးတည်ချက်(၄)ရပ် အမှတ်စဉ်(၄)တွင် ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး   ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး”ဟု ရွေးကောက်ပွဲနှင့်ပတ်သက်သော ရည်မှန်းချက်ပန်းတိုင်ကို အတိအလင်း ဖော်ပြထားသည်။

ယခုအခါတွင်   နိုင်ငံတော်နှင့်  ပြည်သူတို့သည် အဆိုပါ ရည်မှန်းချက်ပန်းတိုင်နှင့်    အနီးဆုံးနေရာ တစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်သည်။

ရွေးကောက်ပွဲတစ်ခု၏စံနှုန်း

ရွေးကောက်ပွဲဆိုသည်မှာ   နိုင်ငံသားများက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကိစ္စအဝဝတို့တွင်  မိမိတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို   ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ် တင်မြှောက်ရသည့်  လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပြည်သူလူထုအနေဖြင့် နိုင်ငံတော်၏ အာဏာသုံးရပ်ကို ပြည်သူ့လက်ထဲသို့လွှဲပြောင်းရယူရန်၊ တရားမျှတသော အုပ်ချုပ်ရေးစနစ် တည်ဆောက်ရန်အတွက်   မိမိတို့ဒေသကိုကိုယ်စားပြုမည့် လွှတ်တော်အမတ်များ၊ မိမိတို့မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီးများကို အုပ်ချုပ်မည့်  အုပ်ချုပ်ရေးမှူးများ  ထိုမှတစ်ဆင့် နိုင်ငံတော်အကြီးအကဲအထိ ရွေးချယ်တင်မြှောက်ခွင့်ကိုရရှိသည့်   အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။ ရွေးကောက်ပွဲတစ်ခု၏ စံနှုန်းကိုလွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိဟူသည့် ပေတံဖြင့်  တိုင်းတာလေ့ရှိသည်။

လူ့သက်တမ်းနှင့် ကြုံတောင့်ကြုံခဲရွေးကောက်ပွဲ

ကမ္ဘာပေါ်တွင် ဗာတီကန်စီးတီးနှင့် ပါလက်စတိုင်းတို့ အပါအဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမှာ ၁၉၃ နိုင်ငံရှိသည်ဟု သိရသည်။ မည်သည့်နိုင်ငံ၊ မည်သည့်နိုင်ငံရေး စနစ်တွင်မဆို  ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် ရွေးကောက် တင်မြှောက်ခြင်းသည် တရားမျှတမှုအရှိဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်ဟု လူအများက လက်ခံ ထားကြသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် လွတ်လပ်မှုကိုလိုလားသည်။ တရားမျှတမှုကို လိုလားကြသည်။ မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ် လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ပထမဆုံးရွေးကောက်ပွဲ စတင်ကျင်းပခဲ့သည့် ၁၉၂၂ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်အထိ   အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီး   ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးခုတို့ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ၁၈၈၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်ပေါင်း ၁၃၉ နှစ်အတွင်း ရွေးကောက်ပွဲ ၁၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သဖြင့် ပျမ်းမျှအားဖြင့် ရှစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ငါးနှစ်လျှင် တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပေးလျက်ရှိရာ ပျမ်းမျှသက်တမ်း ၇၀ နေရမည့်သူတစ်ဦးသည် အသက် ၁၈ နှစ်ပြည့်ပြီးနောက် ရွေးကောက်ပွဲကို ၁၀ ကြိမ်ခန့်သာ ကြုံတွေ့ရမည်ဖြစ်၍ လူ့သက်တမ်းတစ်လျှောက်တွင်   ရွေးကောက်ပွဲသည် ၁၀ ကြိမ်ခန့်သာ ကြုံတွေ့ခွင့်ရသည့် ရွေးချယ်ခွင့်တစ်ခုလည်းဖြစ်နေသည်။ ဥပမာအနေဖြင့်  လက်ရှိ အသက် ၄၃ နှစ်ခန့်ရှိသော လူတစ်ဦးသည် သာမန်အားဖြင့် အသက် ၇၀ နှစ်အထိ နေရမည်ဆိုပါက နောက်ထပ်ရွေးကောက်ပွဲ ငါးခုသာ ကြုံတွေ့ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲသည် လူ့သက်တမ်းနှင့်အတူ  ကန့်သတ်ချက်ဖြင့်သာ  ကြုံတွေ့ခွင့်ရသည့်ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု၊ နိုင်ငံရေးဖြစ်စဉ် တစ်ခုဆိုတာကို သတိပြုမိစေချင်သည်။

မှန်ကန်သည့်လမ်းကြောင်းကိုပြောင်း၍ လျှောက်လှမ်းကြဖို့လို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၂ တွင်  သာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ်ကျခံနေရသူများ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ၊ လူမွဲအဖြစ်ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊  ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်း ခံရသူများကို မဲပေးပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။ ပြည်ဖျက်မီဒီယာများ၏ စကားကို နားယောင်ကာ မဲမပေးဘဲနေမည် ဆိုပါက တားမြစ်ခံထားရသူများနှင့်မခြား ဖြစ်ပေတော့မည်။ တရားဥပဒေကပေးသည့် အခွင့်အရေးတစ်ရပ်ဆုံးရှုံးပေတော့မည်။ ပြည်သူများအနေဖြင့် မဲမပေးဘဲနေလျှင် နစ်နာသူက  ဘယ်သူဖြစ်မလဲဆိုတာကို ကွဲပြားစွာသိမြင်တတ်ဖို့လိုပြီး မှန်ကန်စွာ စဉ်းစားဆုံးဖြတ်တတ်ရန်လည်း အရေးကြီးလှသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးတို့သည် ကျင်းပရန်ရှိသည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့်ဆက်လက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပါအဝင်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့်  အစိုးရအဖွဲ့၊ လွှတ်တော်များမပေါ်ပေါက်မီ  လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသော်လည်း အစိုးရအဖွဲ့၊ လွှတ်တော်များပေါ်လာချိန်တွင်   လွှတ်တော်ထဲ၌  တရားဝင်ဆွေးနွေးအဖြေရှာနိုင်မည့် အခွင့်အရေးများ ရှိနေပါလျက်   လက်နက်စွဲကိုင်တိုက်ခိုက်နေခြင်းမှာ တကယ်လိုအပ်သလားဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ အချိန်တန်ပြီဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြီး၍ နိုင်ငံရေးအခင်းအကျင်းများ  ပေါ်ပေါက်လာလျှင် ရပ်တည်မှုပျောက်ဆုံးမည်ကိုစိုးရိမ်နေသည့် CRPH နှင့် NUG တို့၏လုပ်ဆောင်မှုများသည် PDF အမည်ခံအကြမ်းဖက်အဖွဲ့၊  EAO  အဖွဲ့များ၏ နိုင်ငံရေး မျှော်မှန်းချက်များနှင့် ဆန့်ကျင်နေပါက မှန်ကန်သည့် လမ်းကြောင်းကိုပြောင်း၍   လျှောက်လှမ်းကြရန် လက်ရှိအစိုးရက မီးမောင်းထိုးပြထားသည်။

နိုင်ငံသားတာဝန်ကျေပွန်သူ နိုင်ငံ့သားကောင်းများဖြစ်ရန်လို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည်   နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟု ဖော်ပြထားသည်။ ဆိုလိုသည်မှာ ပြည်သူလူထုသည် အချုပ်အခြာအာဏာ၏    မူလပိုင်ရှင်ဖြစ်သည်၊ နိုင်ငံတော်၏ကံကြမ္မာကို ပြည်သူလူထုကပဲ ရွေးချယ်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။  ပုဒ်မ ၃၈(က)တွင် နိုင်ငံသားတိုင်းသည်  ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်အတွက် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် အခွင့်အရေးရရှိထားပြီးဖြစ်ရာ  ပါတီများတည်ထောင်ကာ နိုင်ငံရေးတွင် ဦးဆောင်ပါဝင်ခြင်းဖြင့် လည်းကောင်း၊ မိမိနိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို ဖော်ဆောင်ပေးမည့်ပါတီများ၊ ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းဖြင့်လည်းကောင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအခွင့်အရေးကို အမိအရအသုံးချကာ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်မိမိတို့အနာဂတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှသာ နိုင်ငံသားတာဝန်ကျေပွန်သူ နိုင်ငံ့သားကောင်းများဖြစ်ပေမည်။

ပြည်သူ့အပေါ်ကိုယ်စားပြုနိုင်သည့် နိုင်ငံရေးပါတီများဖြစ်ဖို့လို

ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့်လူထုလူတန်းစားအလွှာများကို ကိုယ်စား ပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက်  ပြည်သူ့လွှတ်တော်ကို နိုင်သူအကုန်ယူ(FPTP- First Past The Post System)စနစ်၊ အမျိုးသားလွှတ်တော်နှင့်  တိုင်းဒေသကြီး/

ပြည်နယ်လွှတ်တော်ကိုရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်  (MMP- Mixed  Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ PR စနစ်အရ သက်ဆိုင်ရာလွှတ်တော်များတွင် အားလုံးပါဝင်သော ကိုယ်စားပြုမှုကိုဖြစ်ပေါ်စေရန်အတွက် ဝင်ရောက်

ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်များကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ဆောင်ရွက်ရမည်ဖြစ်ရာ တိုင်းရင်းသား ပါတီများနှင့် ပါတီငယ်များလည်း လွှတ်တော်ကိုယ်စားလှယ်နေရာ အချိုးကျ ရရှိနိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲကို   မည်သည့်စနစ်ဖြင့် ကျင်းပစေကာမူ ပါတီများနှင့်ကိုယ်စားလှယ်လောင်းများအပေါ် ပြည်သူလူထု၏  ယုံကြည်ကိုးစားမှု၊   ထောက်ခံအားပေးမှုတို့သည်   ရွေးကောက်ပွဲတစ်ခုအပေါ် များစွာသက်ရောက်မှုရှိနေသည်ကိုလည်း သတိချပ်သင့်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပြီး ယနေ့အထိ တည်ဆဲနိုင်ငံရေးပါတီ ၅၈ ပါတီရှိသည်။ ၎င်းတို့အနက် တစ်နိုင်ငံလုံးယှဉ်ပြိုင်မည့်ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ယှဉ်ပြိုင်မည့်ပါတီ ၄၉ ပါတီရှိကြောင်း သိရှိရသည်။

အခြားသော ဒီမိုကရေစီနိုင်ငံများနှင့်နှိုင်းယှဉ်ပါက   မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများပြားသော်လည်းနိုင်ငံရေးပါတီအများစုသည်   ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် ပါတီကြီးများ နည်းပါးပြီး ဒေသတစ်ခုကို ကိုယ်စားပြုယှဉ်ပြိုင်နိုင်သည့်    ပါတီငယ်များသာ များပြားလျက်ရှိသည်ကို တွေ့ရှိရသည်။ ပါတီငယ်များနှင့်တစ်သီးပုဂ္ဂလများအနေဖြင့် ပြည်သူအပေါ်ကိုယ်စားပြုနိုင်မှု အနိုင်ရရှိမှုနည်းပါးသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ခိုင်မာအားကောင်းသည့် ပါတီများ ဖြစ်လာစေရေး နိုင်ငံရေးယုံကြည်ချက်နှင့်  ရည်မှန်းချက်တူသည့် ပါတီများ ပူးပေါင်းဆောင်ရွက်ပါက ပါတီအင်အား ပိုမိုတောင့်တင်းခိုင်မာလာမည် ဖြစ်သည်။

နိုင်ငံရေး ပါတီများအနေဖြင့်  ပြည်သူများကို ပါတီလုပ်ငန်းစဉ်များချပြပြီး မဲဆွယ်စည်းရုံးရတော့မည် ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်အရ  နိုင်ငံရေးပါတီများ၏   ယှဉ်ပြိုင်မဲဆွယ်စည်းရုံးမှုများတွင် လွတ်လပ်မှုနှင့်  တရားမျှတမှုကို  ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ  ရယူအသုံးချပြီး စစ်မှန် စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို   အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်   လိုအပ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့်နေရာတွင်    အခြားနိုင်ငံများ၏ကျင့်သုံးမှုပုံစံကို   ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့်   ဒီမိုကရေစီစနစ်နှင့်  ဖက်ဒရယ်စနစ်တို့ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း တွေ့ရှိရသည်။

အစိုးရနှင့်ပြည်သူ    အတူတူထုဆစ်ပုံဖော်ရမည့် နိုင်ငံရေးပန်းတိုင်

နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်အတွင်း      ပြည်ပအင်အားကြီးနိုင်ငံများ၏ ဖိအားပေး ပိတ်ဆို့မှုများကို လည်းကောင်း၊  ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများ၏  နယ်မြေလုယူတိုက်ခိုက်မှုများကို လည်းကောင်း တွန်းလှန်တိုက်ခိုက်ခဲ့ရသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊  ကမ္ဘာ့စီးပွားရေးကျဆင်းမှုများ၊ ၂၀၂၃ ခုနှစ် မိုခါနှင့် ၂၀၂၄ ခုနှစ်   ရာဂိမုန်တိုင်းကြောင့်  ရေကြီးရေလျှံမှုများ၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံတော်အစိုးရသည် မည်သည့်အခက်အခဲကိုမဆို နိုင်ငံ့အပေါ်ထားသည့်   စိတ်ရင်းစေတနာမှန်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သလို မိတ်ဆွေနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို  ပိုမိုခိုင်မြဲအောင်ဆောင်ရွက်ကာ   နိုင်ငံ့စွမ်းအားကို ကျမသွားအောင်   ထိန်းထားနိုင်ခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများအဖြစ်   နိုင်ငံသားစိစစ်ရေး ကတ်ကိုင်ဆောင်မဲ ပေးနိုင်ရန်အတွက် ပန်းခင်းစီမံချက်များ ချမှတ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသူ ၆၂၁၀၂၅၆ ဦးကို  ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။   ၂၀၂၄   ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလည်း   ကောက်ယူနိုင်ခဲ့ပြီး ရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များသည် အခြေခံမဲဆန္ဒရှင် စာရင်းကိုပြုစုနိုင်ရန်   အထောက်အကူဖြစ်စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ  နိုင်ငံတော် အစိုးရအနေဖြင့် ရည်မှန်းချက်ဦးတည်ချက်အတိုင်း  ခရီးဆက်ခဲ့သည်မှာ အနာဂတ်နိုင်ငံရေး ပန်းတိုင်ဆီသို့  ရောက်လုနီးပြီဖြစ်သည်။

နိုင်ငံနှင့်လူမျိုးအကျိုးကို ရှေးရှုစေလို

ယခုအချိန်မှာ  တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် ရှုမြင်သုံးသပ်ရာတွင် ယခင်ကျင်းပပြီးခဲ့သော  ရွေးကောက်ပွဲများ၏  အားနည်းချက်၊ အားသာချက်များ၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတိုးတက်မှု နောက်ကျခဲ့ရပုံများကို   အမှန်အတိုင်းနားလည် လက်ခံတတ်ဖို့ လိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလ ကာလသုံးပါးတို့တွင် မြန်မာ့နိုင်ငံရေး  ရှေ့ဆက်မည့်အရွေ့တစ်ခုကို    အနှောင့်အယှက်ဖြစ်စေမည့်    မည်သည့်ပြုလုပ်မှုမျိုးကို မဆို မပြုလုပ်ဘဲ နိုင်ငံနှင့်လူမျိုးအကျိုးကို  မျှော်ကိုးကာ နားလည်မှုရှိစွာ အတူတကွပူးပေါင်း ဆောင်ရွက်ရမည့်အချိန် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲတစ်ခုသည်  နိုင်ငံတစ်နိုင်ငံ၏  အရွေ့တစ်ခုဖြစ်သည်သာမက     နိုင်ငံသားအားလုံး၏ အနာဂတ်ကို   ထုဆစ်ပုံဖော်ပေးမည့် နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

နိုင်ငံချစ်စိတ်ရှိသော၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသော ကျွန်တော်တို့ နိုင်ငံသားများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ လမ်းဖွင့်ပေးမှု  နိုင်ငံရေးအရွေ့တစ်ခုတွင်  လိုက်ပါစီးမျောရင်း  နိုင်ငံတော်နှင့်ပြည်သူအတူတူပန်းဝင်ကြရင်ဖြင့် မြန်မာနိုင်ငံ၏ကံကြမ္မာသည်  ကောင်းမွန်သော အနာဂတ်တစ်ခုဆီသို့    ဦးတည်နေပြီဆိုတာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ထို့ကြောင့်    တိုင်းရင်းသားပြည်သူများအနေဖြင့်  လာမည့်ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ၊ ယုံကြည်စွာ မိမိနိုင်ငံ၊  မိမိလူမျိုးနှင့်  မိမိတို့ အနာဂတ်အတွက် မဲပေးကြပါလို့  တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

MWD