အာရှဒေသတွင်း မြန်နှုန်းမြင့်ရထား နည်းပညာအားပြိုင်မှု
Posted_Date
Image
Body
အနောက်နိုင်ငံများသည် ရိုးရိုးအမြန်ရထားများကို မိတ်ဆက်ရန် အခက်အခဲရှိနေဆဲဖြစ်သော်လည်း ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် မြန်နှုန်းမြင့်သံလိုက်စွမ်းအင်သုံးရထားများ (Maglev Trains) ဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်ရာတွင် လျင်မြန်သောခြေလှမ်းများဖြင့် အမြန်နှုန်းစံချိန်တင်မှုများကို ဆက်လက် ရရှိနေသည်။
အမြန်ရထားမှ Maglev ရထားသို့ ဖွံ့ဖြိုးတိုးတက်မှု
Interesting Engineering ၏ ဖော်ပြချက်အရ ဂျပန်နိုင်ငံသည် ၁၉၆၄ ခုနှစ်တွင် ရှင်ကန်ဆန် ကျည်ဆန်ရထားဖြင့် အာရှတွင် အမြန်ရထား စတင်မိတ်ဆက်ခဲ့ပြီး မြန်ဆန်၊ စိတ်ချရပြီး ထိရောက်သော ရထားခရီးသွားလာမှုများဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အမြန်ရထားလမ်းကွန်ယက်ကို တည်ဆောက်ခဲ့ပြီး ပိုမိုတိုးတက် လာခဲ့သည်။ ယနေ့အချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အမြန်ရထားစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ကို ပိုင်ဆိုင်ထားပြီး အမြန်နှုန်း ၃၀၀-၃၅၀ ကီလိုမီတာ/နာရီဖြင့် ပြေးဆွဲနေသည်။
ဤအောင်မြင်မှုသည် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်သည့် သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားစနစ်အတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တရုတ်နိုင်ငံ သည် ပထမဆုံး ပုံမှန်လုပ်ငန်းသုံး သံလိုက်စွမ်းအင်သုံး စီးပွားဖြစ်ရထားလိုင်းဖြစ်သည့် ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားလိုင်းကို ဖွင့်လှစ်ခဲ့သည်။ ဂျာမန်နည်းပညာဖြင့် ဖွံ့ဖြိုးတည်ဆောက်ထားသော ယင်းမော်ဒယ်သည် ပုဒေါင်လေဆိပ်နှင့် ရှန်ဟိုင်းမြို့တော်ကို ဆက်သွယ်ပေးထားပြီး ၃၀ ကီလိုမီတာ ခရီးကို ၇.၅ မိနစ်အတွင်း ရောက်ရှိစေသည်။ အမြင့်ဆုံးအမြန်နှုန်း ၄၃၁ ကီလိုမီတာ/နာရီဖြင့်ဖြစ်ပြီး ၎င်းသည် ယနေ့ထက်တိုင် ကမ္ဘာ့အမြန်ဆုံး စီးပွားဖြစ်ရထားအဖြစ် ရှိနေဆဲဖြစ်သည်။
ဂျပန်နိုင်ငံသည်လည်း ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက Superconducting Maglev (SCMaglev) Project ဟုခေါ်သော ၎င်း၏ကိုယ်ပိုင် သံလိုက်စွမ်းအင်သုံးရထားလိုင်းပုံစံကို လုပ်ဆောင်လျက် ရှိပြီး ၂၀၁၅ ခုနှစ်တွင် စမ်းသပ်ရထားတစ်စီးကို ၆၀၃ ကီလိုမီတာ/နာရီဖြင့် ပြေးဆွဲနိုင်ခဲ့ကာ ကမ္ဘာ့စံချိန် တင်နိုင်ခဲ့သည်။ တိုကျိုနှင့်နာဂိုယာကြားတွင် သံလိုက်စွမ်းအင်သုံးရထားလိုင်း တည်ဆောက်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ၂၀၃၀ ပြည့်လွန်နှစ်များတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ပြီးစီးချိန်တွင် အဆိုပါလိုင်းသည် မြို့နှစ်မြို့ကြား ခရီးသွားချိန်ကို ၁၀၀ မိနစ်မှ ၄၀ မိနစ်သို့ လျှော့ချပေးနိုင်မည် ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် အင်ချွန်းတွင် သေးငယ်သော သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့် မြို့ပြ ရထားလိုင်းတစ်ခုကို တည်ဆောက်နေသော်လည်း တရုတ်နှင့် ဂျပန်တို့သည် နည်းပညာပိုင်း တွင် သာလွန်နေဆဲဖြစ်သည်။
ထူးချွန်သော နည်းပညာ
ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနေသော သံလိုက်စွမ်းအင်သုံးမြန်နှုန်းမြင့်ရထားလိုင်း စနစ်အဓိကနှစ်မျိုး ရှိပြီး Electromagnetic Suspension (EMS) နှင့် Electrodynamic Suspension (EDS) တို့ ဖြစ်သည်။
Electromagnetic Suspension System (EMS) ကို ရှန်ဟိုင်း၏ Transrapid ရထားများတွင် အသုံးပြု လျက်ရှိသည်။ EMS ရထားများတွင် ရထားအောက်တွင် ထားရှိထားသော Electromagnets များ ပါရှိပြီး ၎င်းတို့က ရထားကိုသံမဏိလမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးသည်။ ရထားကို မြှင့်ပေးထားသော အကွာအဝေးသည် ၁၅ မီလီမီတာအထိသေးငယ်ပြီး အဆင့်မြင့် အာရုံခံကိရိယာများက ရထားကို တည်ငြိမ်စေရန် သံလိုက်အားကို အဆက်မပြတ်ညှိပေးနေသည်။ ဤစနစ်သည် ရထားရပ်နေသည့် အချိန်တွင်ပင် ရထားကို မြှောက်ပေးထားနိုင်သည်။
ဂျပန်၏ SCMaglev ရထားများရှိ Electrodynamic Suspension (EDS) System သည် အလွန်နိမ့်သော အပူချိန်သို့ အအေးခံထားသော Superconducting Magnets များကို အသုံးပြုသည်။ အမြန်နှုန်း နိမ့်စဉ်တွင် ဘီးများက ရထားကိုထောက်ပံ့ပေးသော်လည်း အမြန်နှုန်း ၁၅၀ ကီလိုမီတာ/နာရီထက် ကျော်လွန်သွားသောအခါ သံလိုက်များက ရထားကိုလမ်းကြောင်းအထက် ၁၀ စင်တီမီတာခန့် မြှင့်ပေး သော တွန်းအားကို ဖန်တီးပေးသည်။ သမုဒ္ဒရာလှိုင်းများသည် လှိုင်းစီးသူအား ကမ်းခြေသို့ သယ်ဆောင်သကဲ့သို့ လမ်းကြောင်းမှ ဖန်တီးသော သံလိုက်လှိုင်းများကလည်း ရထားကိုချောမွေ့စွာ ရှေ့သို့တွန်းပို့ ပေးသည်။
စနစ်နှစ်ခုစလုံးတွင် သံလိုက်ဒီဇိုင်းနှင့် ရထားပေါ်ရှိ ထိန်းချုပ်ရေးဘုတ်များက တည်ငြိမ်မှုကို သေချာ စေသည်။ ၃၀၀ မိုင်နှုန်း (၄၈၃ ကီလိုမီတာ/နာရီ) ထက်မြင့်သော အမြန်နှုန်းဖြင့်ပင် သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားများသည် ပြေပြစ်ချောမွေ့စွာ ပြေးဆွဲနိုင်သည်။ ခရီးသည်များအနေဖြင့် သံလိုက် စွမ်းအင်သုံးရထားများသည် လမ်းကြောင်းနှင့်ထိမှုရှိသော ဘီးများမရှိသောကြောင့် ထူးခြားသော အတွေ့အကြုံကိုပေးစွမ်းနိုင်ပြီး ပုံမှန်ကြုံတွေ့ရသည့် အသံများနှင့်တုန်ခါမှုများကို သိသိသာသာ လျှောချပေးနိုင်သည်။ ရထားများသည် ညင်သာစွာ အရှိန်မြှင့်တင်ပြီး တည်ငြိမ်စွာကွေ့နိုင်ကာ လေခွင်းအား (air resistance) ကသာ အဓိက ဟန့်တားမှုအဖြစ်ရှိသည်။ ဘီးများ သို့မဟုတ် ဝင်ရိုးများ ပျက်စီးခြင်းမရှိသောကြောင့် ထိန်းသိမ်းမှုတွင်ပိုမိုလွယ်ကူပြီး အစားထိုးရမည့် အစိတ်အပိုင်းများ နည်းပါးသည်။
အာရှသည် အနောက်နိုင်ငံများထက် သာလွန်နေသည်
အမေရိကန်ပြည်ထောင်စုတွင် လော့စ်အိန်ဂျလိစ်နှင့် ဆန်ဖရန်စစ္စကိုကြားရှိ ကယ်လီဖိုးနီးယား အမြန်ရထားစီမံကိန်းသည် နှစ်ပေါင်းများစွာနောက်ကျနေဆဲဖြစ်သည်။ ထိုစီမံကိန်း၏ ကုန်ကျစရိတ်သည် ကနဦးခန့်မှန်းခြေ ဒေါ်လာ ၃၃ ဘီလီယံမှ ဒေါ်လာ ၁၂၈ ဘီလီယံထက်မက မြင့်တက်လာခဲ့သည်။ Central Valley တွင် လမ်းပိုင်းတစ်ခုကို တည်ဆောက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်အထိ လည်ပတ် နိုင်မည်မဟုတ်ပေ။ ဂျပန်၏ SCMaglev စီမံကိန်းကို အခြေခံသော ဝါရှင်တန် DC နှင့် ဘော်တီမိုး ကြားရှိ သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားလိုင်းတစ်ခုကို အရာရှိများက အဆိုပြုထားပြီး ၁၅ မိနစ်သာကြာမြင့်မည့်ခရီးစဉ်အဖြစ် ကတိပြုထားသည်။ သို့သော် ၂၂၀၅ ခုနှစ်တွင် အမေရိကန် အစိုးရသည် ၎င်း၏ပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်ချက်ကို ရပ်ဆိုင်းလိုက်ပြီး စီမံကိန်းကို ရက်အကန့် အသတ်မရှိ ရပ်ဆိုင်းခဲ့သည်။
ဥရောပတွင်လည်း UK ၏ High Speed 2 (HS2) စီမံကိန်းသည် ကုန်ကျစရိတ် ဒေါ်လာ ၄၅ ဘီလီယံမှဒေါ်လာ ၁၃၆ ဘီလီယံထက်မက မြင့်တက်လာခြင်းကဲ့သို့သော အခက်အခဲများ ကြုံတွေ့နေရသည်။ ဂျာမနီနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် မြူးနစ်လေဆိပ်စီမံကိန်း ဖျက်သိမ်းခံရပြီးနောက်တွင် လည်ပတ် နေသော သံလိုက်စွမ်းအင်သုံးမြန်နှုန်းမြင့်ရထားလိုင်းများ မရှိတော့ပေ။
အာရှ၏ အမြန်ရထား ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ရောက်နေရခြင်းသည် အကြောင်းရင်းများစွာကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံသည် အမြန်ရထားကို အမျိုးသားဦးစားပေးအဖြစ် သတ်မှတ်ကာ ၎င်း၏ တည်ဆောက်မှုတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ဂျပန်နိုင်ငံသည်လည်း ဆယ်စုနှစ်များစွာကြာ အမြန်ရထားနည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့အပြင် အာရှရှိ အဓိက မြို့ကြီးများ၏ လူဦးရေသိပ်သည်းမှု မြင့်မားခြင်းသည် ဒေသခံအချင်းချင်း ခရီးသွားလာမှု လိုအပ်ချက်မြင့်မားနေရသည်ဟုဆိုလိုပြီး အမြန်ရထားစီမံကိန်း များကို စီးပွားရေးအရ ဖြစ်ထွန်းစေသည်။
ကုန်ကျမှုများမြင့်မားခြင်း၊ အသံနှင့် သံလိုက်စက်ကွင်း၏သက်ရောက်မှုများအပေါ် စိုးရိမ်မှုများနှင့် လုံးဝအသစ်ဖြစ်သောတည်ဆောက်မှုလိုအပ်ချက်များ ရှိနေသော်လည်း အာရှရှိ သံလိုက်စွမ်းအင်သုံး မြန်နှုန်းမြင့်ရထားလိုင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးလာမည့် လက္ခဏာများ မရှိပေ။ CGTN ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံသည် ၆၀၀ ကီလိုမီတာ/နာရီထက်မက မြန်ဆန်နိုင်သော လေဟာနယ် ပြွန်အတွင်းရှိ သံလိုက်စွမ်းအင်သုံးမြန်နှုန်းမြင့်ရထားအတွက် ဒီဇိုင်းတစ်ခုကို စမ်းသပ်နေသည်။ ဂျပန်နိုင်ငံသည် SCMaglev လိုင်းကို တိုကျိုမှ အိုဆာကာသို့ ဆက်လက်တည်ဆောက်ရန်စီစဉ်ထား သည်။ ၂၀၃၀ ပြည့်လွန်နှစ်များမတိုင်မီတွင် အာရှရှိ ခရီးသည်များသည် လေယာဉ်နှင့် နှိုင်းယှဉ်နိုင်သော အမြန်နှုန်းဖြင့် မြေပြင်ပေါ်တွင်ခရီးသွားလာကြရမည်ဟု မျှော်လင့်ရသည်။
VN Express တွင် An Khang (Theo Interesting Engineering) ရေးသားသည့် “The race for high-speed train technology in Asia” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
