ကလေးသူငယ်များနှင့် ဖန်သားမျက်နှာပြင်ကြည့်ရှုချိန် (Screen Time)
Posted_Date
Image
Body
ဖန်သားမျက်နှာပြင်ကြည့်ရှုချိန်(Screen Time)
Screen Time ဆိုသည်မှာ စမတ်ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ၊ Tablet နှင့် Video Game စက်များကဲ့သို့ ဖန်သားမျက်နှာပြင်ပါဝင်သော ဒစ်ဂျစ်တယ်ကိရိယာများကိုကြည့်ရှုခြင်း သို့မဟုတ် အသုံးပြုခြင်းတွင် ကုန်ဆုံးသည့်အချိန်ပမာဏကို ဆိုလိုသည်။ ထိုအချိန်အတွင်း တီဗွီကြည့်ခြင်း၊ ဗီဒီယိုကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်း စသည့်လှုပ်ရှားမှုများပါဝင်သည်။ ထို့ပြင် ပညာရေးဆိုင်ရာ Application များနှင့် အွန်လိုင်းသင်ခန်းစာများကို လေ့လာခြင်းလည်း ပါဝင်သည်။ ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာခြင်းကြောင့် ကလေးများသည် စမတ်ဖုန်းများ၊ တီဗွီများ၊ ကွန်ပျူတာ များနှင့်အတူ ကြီးပြင်းလာကြသည်။ အိမ်များတွင် ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုမှုပိုမိုများပြားလာပြီး ကျောင်းပညာရေး စနစ်များတွင်လည်း နည်းပညာကို တဖြည်းဖြည်းအသုံးပြုလာကြသည်။ ထို့ကြောင့် Screen Time သည် ကလေးများ၏ နေ့စဉ်ဘဝတွင် အရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် Screen Time များလာသည်နှင့်အမျှ ကလေးများ၏ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများကိုလည်း ပိုမိုစိုးရိမ်လာကြသည်။ ထို့ကြောင့် ကလေးများ၏ Screen Time ကို ထိန်းသိမ်းစီမံနိုင်ရေးသည် မိဘများနှင့်အုပ်ထိန်းသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။
မှန်ကန်မျှတသော Screen Time ၏ အကျိုးကျေးဇူးများ
Screen Media များတွင် ပညာရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ အကျိုးကျေးဇူးများစွာရှိသည်။
ဥပမာအားဖြင့် ကျောင်းများတွင် Blog များကို ပညာရေးကိရိယာအဖြစ်အသုံးပြုကာ ကလေးများ၏ စာအရေးအသား စွမ်းရည်များ တိုးတက်စေရန် ကူညီပေးနိုင်သည်။ အင်တာနက်သည် ကူးစက်ရောဂါများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များ အပါအဝင် ကျန်းမာရေးပညာများကိုလည်း ပံ့ပိုးပေးနိုင်သည်။ အသက်နှစ်နှစ်အထက် ကလေးများအတွက် ပညာရေး ရည်ရွယ်ချက်ဖြင့် ဒီဇိုင်းထုတ်ထားသော အရည်အသွေးမြင့် ရုပ်မြင်သံကြားအစီအစဉ်များသည် ဘာသာစကားနှင့် စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။ ထိုအစီအစဉ်များက ကလေးများ၏ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးနိုင်ပြီး လူမှုရေး အပြုအမူများကိုလည်း ကောင်းမွန်စေနိုင်သည်။ ထို့ပြင် စိတ်ကူးယဉ်ကစားခြင်းနှင့် ဖန်တီးမှုစွမ်းရည်များကိုလည်း မြှင့်တင်ပေးနိုင်သည်။ e-books နှင့် စာဖတ်လေ့ကျင့်ရေး Application များသည် ကလေးများ၏ စာဖတ်စွမ်းရည်များကို တိုးတက်စေနိုင်သည်။ ထို့ကြောင့် Screen Media ကို ပညာရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းသည် ကလေးများ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိလာသည်။
ကလေးသူငယ်များ၏ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်အကျိုးသက်ရောက်မှုများ
Screen Media များသည် ပညာရေးနှင့်သင်ယူမှုအတွက် အခွင့်အလမ်းများပံ့ပိုးပေးနိုင်သည်။ သို့သော် Screen Time ကို အလွန်အကျွံအသုံးပြုပါက ဉာဏ်ရည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတချို့ကို ထိခိုက်စေနိုင်သည်။ ထို့ပြင် Screen Media အသုံးပြုမှုများလာခြင်းကြောင့် ပညာရေးဆိုင်ရာစွမ်းဆောင်ရည်များကို လျော့နည်းစေနိုင်သည်။ ထို့ပြင် Screen Time များလာခြင်းကြောင့် သင်္ချာနှင့် တခြားဘာသာရပ်များတွင် စွမ်းဆောင်ရည်လျော့နည်းလာနိုင်သည်။
Screen Time များလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှုများလျော့နည်းလာပြီး အဝလွန်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ စမတ်ဖုန်းကို အသက် ၁၂ နှစ်မတိုင်မီ အသုံးပြုသောကလေးများတွင် အိပ်စက်ချိန်မလုံလောက်ခြင်းဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းခန့်၊ အဝလွန်ခြင်းဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းခန့်၊ စိတ်ကျရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်တိုးလာနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မျက်လုံးပင်ပန်းနွမ်းနယ်မှုနှင့် လည်ပင်းနာကျင်မှုကဲ့သို့သော ခန္ဓာကိုယ်ဆိုင်ရာပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် Screen Media အသုံးပြုမှုကို စနစ်တကျထိန်းသိမ်းရန် လိုအပ်သည်။
ကလေးသူငယ်များ၏ဘာသာစကား
လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအပေါ်အကျိုးသက်ရောက်မှုများဘာသာစကားဖွံ့ဖြိုးတိုးတက်မှုသည် ကလေးဘဝ အစောပိုင်းကာလတွင် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကလေးများသည် ဝေါဟာရကြွယ်ဝမှုနှင့် အသံထွက်မှန်ကန်မှုကဲ့သို့သော ဘာသာစကားကျွမ်းကျင်မှုများ တဖြည်းဖြည်းဖွံ့ဖြိုးလာကြသည်။ ထိုကျွမ်းကျင်မှုများကို အများအားဖြင့် မိဘများ၊ အရွယ်ရောက်သူများနှင့် ဆက်ဆံပြောဆိုခြင်းမှတစ်ဆင့် သင်ယူကြရသည်။ သို့သော် Screen Time များလာခြင်းကြောင့် မိဘနှင့် ကလေးကြားဆက်ဆံပြောဆိုမှုလျော့နည်းလာနိုင်သည်။ ထိုအခြေအနေသည် ကလေးများ၏ ဘာသာစကားလေ့လာမှုအခွင့်အလမ်းများကို ထိခိုက်စေနိုင်သည်။ ထို့ပြင် Screen Time များလွန်းပါက စကားလုံးဖွံ့ဖြိုးတိုးတက်မှုနည်းပါးနိုင်သည်။ လူမှုရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုး တိုးတက်မှုအပေါ်လည်း သက်ရောက်မှုများရှိနိုင်သည်။ Screen Time များလာခြင်းသည် အိပ်စက်မှုပြဿနာများ၊ စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျခြင်းတို့နှင့် ဆက်စပ်နိုင်သည်။ အကြမ်းဖက်မှုပါဝင်သောမီဒီယာများကို ကြည့်ရှုခြင်းသည် ကြမ်းတမ်းခက်ထန်သောအပြုအမူများကို တိုးပွားစေနိုင်သည်။ လူမှုဆက်ဆံရေး ဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် Screen Time ကို သင့်လျော်စွာစီမံခြင်းသည် ကလေးများ၏လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်။
မိဘများအတွက် ကလေးသူငယ်များ၏ Screen Time ကို စီမံခန့်ခွဲရန်အကြံပြုချက်များ
ကလေးများ၏ Screen Time ကို စီမံခန့်ခွဲရာတွင် မိဘများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ မိဘများသည် Screen အသုံးပြုမှုအပေါ် အိမ်တွင်းစည်းမျဉ်းများ သတ်မှတ်ပေးနိုင်သည်။ Screen Time ကို ဆုအဖြစ် အသုံးပြုခြင်းထက် ကလေးများ၏ကျန်းမာရေးကို အဓိကထားစီမံခန့်ခွဲ သင့်သည်။ Parental Control စနစ်များနှင့် Password ကာကွယ်မှုများ အသုံးပြုရန်လိုအပ်သည်။ Google Family Link ကဲ့သို့သော မိဘထိန်းချုပ်မှုကိရိယာများကို အသုံးပြုခြင်းဖြင့် Screen Time ကို စောင့်ကြည့်နိုင်သည်။ ကလေးအိပ်ခန်းအတွင်း တီဗွီနှင့်ဖုန်းများမထားရှိခြင်းသည် Screen Time လျော့နည်းစေကြောင်း သုတေသနများကဖော်ပြထားသည်။ အစားအစာစားချိန်နှင့် အိပ်ရာဝင်မည့်အချိန်မတိုင်မီ တစ်နာရီခန့်တွင် ဖုန်းအသုံးမပြုရန် စည်းမျဉ်းသတ်မှတ်နိုင်သည်။ သုတေသနများအရ အသက်အလိုက် Screen Time ကို ကန့်သတ်သင့်ပြီး အသက် ၃ နှစ်မှ ၇ နှစ်တွင် ၃၀ မိနစ်မှ တစ်နာရီ၊ အသက် ၇ နှစ်မှ ၁၂ နှစ်တွင် တစ်နာရီ၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်တွင် တစ်နာရီ ၃၀ မိနစ်နှင့် အသက် ၁၆ နှစ်အထက် လူငယ်များအတွက် နှစ်နာရီခန့်ကသင့်လျော်သည်ဟု အကြံပြုထားသည်။ မိဘများကိုယ်တိုင် Screen အသုံးပြုမှု နမူနာကောင်းပြသခြင်းသည် ကလေးများ၏ Screen Time အပေါ် များစွာသက်ရောက်မှုရှိသည်။ တီဗွီကြည့်ခြင်းကို အားပေးသည့်အိမ်ပတ်ဝန်းကျင် (ဥပမာ−ထမင်းစားချိန်တွင် တီဗွီကြည့်ခြင်း)တွင် နေထိုင်သောကလေးများသည် Screen Time ပိုများလေ့ရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကလေးများနှင့်အတူ ကစားခြင်း၊ စာဖတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းက Screen Time ကို လျော့နည်းစေနိုင်မည်ဖြစ်သည်။
နည်းပညာတတ်မြောက်မှု (Digital Literacy)ကို အားပေးခြင်း
ကလေးများတွင် နည်းပညာတတ်မြောက်မှု (Digital Literacy) ကို တိုးတက်လာစေရန် မိဘဆရာသမားများက အားပေးသင်ကြားပေးရန် အရေးကြီးသည်။ ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများသည် မိဘများနှင့်အရေးပေါ်အချိန်တွင် ဆက်သွယ်နိုင်ခြင်း၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးထိန်းသိမ်းနိုင်ခြင်း၊ ပညာရေးဆိုင်ရာအချက်အလက်များကို လေ့လာနိုင်ခြင်းနှင့် ဖျော်ဖြေရေးများရရှိနိုင်ခြင်းတို့ကြောင့် ကလေးများအတွက် အသုံးဝင်သောကိရိယာတစ်ခုဖြစ်လာသည်။
သို့သော် တစ်ချိန်ချိန်တွင် ကလေးများသည် မိဘဆရာသမားများမလိုလားသည့် အွန်လိုင်းအကြောင်းအရာများနှင့် တွေ့ကြုံနိုင်သည်။ ထိုအခြေအနေများကို ကြိုတင်ရှင်းပြထားပြီး မည်သို့ပြုမူသင့်ကြောင်း အသိပညာပေးထားသင့်သည်။ ကလေးများအား အွန်လိုင်းပေါ်တွင် မြင်တွေ့ရသောအကြောင်းအရာများကို မှန်၊ မမှန်စဉ်းစားသုံးသပ်နိုင်အောင် လေ့ကျင့်ပေးရမည်။ ထို့ပြင် အင်တာနက်ပေါ်တွင် ကြော်ငြာများနှင့် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များလည်း ပါဝင်နိုင်ကြောင်း ရှင်းပြရမည်။ မသမာသူများက နည်းပညာကိုအသုံးပြု၍ မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူနိုင်ကြောင်း လည်း သိရှိစေရန် လိုအပ်သည်။ သို့မှသာ ကလေးများသည် အင်တာနက်ကိုအသုံးပြုရာတွင် သတိထားပြီးအသုံးပြု တတ်လာမည်ဖြစ်သည်။
အွန်လိုင်းပေါ်က လူမှုဆက်ဆံရေး
ယနေ့ခေတ်တွင် လူမှုမီဒီယာနှင့်အွန်လိုင်းဆက်ဆံရေးများသည် ဆယ်ကျော်သက်ဘဝ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ ပညာရှင်များက ကလေးများအား အနည်းဆုံး အသက် ၁၂ နှစ်ခန့်အထိ ဖုန်းအသုံးမပြုရန် အကြံပြုကြသည်။ ဆယ်ကျော်သက်များအနေဖြင့် အင်တာနက်ပေါ်တွင် မသင့်လျော်သောစာများနှင့် ပုံများမျှဝေခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အင်တာနက်ပေါ်တွင် သတိမထားဘဲပြုလုပ်မိသည့်အရာများကို လူအများက မိမိတို့၏ဘဝတစ်လျှောက်လုံး မြင်တွေ့သွားနိုင်ကြောင်း သတိပေးရမည်။ ကလေးများအနေဖြင့် မီဒီယာကိုအသုံးပြုရာတွင် အလေးမထား၊ ဂရုမစိုက်ပါက မိမိနှင့် တခြားသူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သည့်အပြင် ဥပဒေချိုးဖောက်မှုများအထိ ဖြစ်စေနိုင်သည်။ ထို့ကြောင့် မိဘဆရာသမားများသည် ကလေးများနှင့် ရင်းနှီးချစ်ခင်စွာဆက်ဆံပြီး Screen Time အသုံးပြုမှုမှ အကျိုးရှိသောအသိအမြင်များ ရရှိနိုင်အောင် ကူညီရမည်။ ထို့ပြင် မိမိ၏ Screen Time ကိုလည်း ကလေးကကြည့်ရှုနေကြောင်း သတိထားကာ မည်သို့အသုံးပြုသင့်သည်ကို စံနမူနာကောင်းပြသသင့်သည်။ ကလေးများ၏ Screen Time နှင့် ဒစ်ဂျစ်တယ်မီဒီယာအသုံးပြုမှုကို ထိန်းသိမ်းခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်နေသော်လည်း အိမ်တွင်းစည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ကလေးကြီးပြင်း လာသည်နှင့်အမျှ ထိုစည်းမျဉ်းများကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းဖြင့် လုံခြုံပြီးအကျိုးရှိသော Screen Time အသုံးပြုမှုဖြစ်အောင် စီမံနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
