သက်ရှည်ကျန်းမာ လူသားကမ္ဘာ မူးယစ်ဆေးဝါးတိုက်ဖျက်ပါ
Posted_Date
Image
Body
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်း တစ်ဦး၊ သားထူး သားမြတ်၊ ဖြစ်အပ်ရာသည်၊ ရှေ့သို့ ရည်၍” ဟူသော ဆရာဇော်ဂျီ၏ “အိုတက်လူတို့” ကဗျာအဖွဲ့လေးပမာ ယနေ့လူငယ်တို့သည် နောင်တစ်ချိန်တွင် ထူးခြားအောင်မြင် မြင့်မြတ်သော လူကြီးဘဝ ရောက်အပ်ပါသည်။ လူငယ်တို့သည် အတုမြင် အတတ်သင်တတ် သူများဖြစ်ကြသည်။ ထို့ကြောင့် လူငယ်လူရွယ်တို့သည် ငယ်ရွယ်စဉ်က စ၍ ရှောင်ကြဥ်သင့်သည်တို့ကို အထူး ဂရုပြု၍ ရှောင်ကြဥ်ခြင်း အတုယူထိုက်သည်ကို အတုယူလိုက်နာကျင့်ကြံခြင်းဖြင့် မိမိတို့ဘဝ ရှေ့ရေးကို ပြုပြင်ဖန်တီးယူသင့်ပါသည်။ “မူးယစ်အစ ဆေးလိပ်က” ဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်း အလေ့အကျင့် များကို လူငယ်လူရွယ်တို့သည် ငယ်စဉ်ကစ၍ ရှောင်ရှားနိုင်ရမည်။
“မူးယစ်ဆေးဝါး”မှာ “မူးယစ်” နှင့် “ဆေးဝါး” ဟူသော ဝေါဟာရစကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မူလအစက “ဆေးဝါး” ဟူသော ဝေါဟာရသည် အနာရောဂါပျောက်ကင်းစေနိုင်သော အစွမ်းရှိ၍ ကောင်းကျိုးပေးနိုင်သော်လည်း “မူးယစ်”ဟူသော ဝေါဟာရနှင့်ပေါင်းစပ်လိုက်သောအခါ လောကအလှတရား ကို ဖျက်ဆီးသော ကောင်းကျိုးမပေးသော “မူးယစ်ဆေးဝါး”ဟူ၍ ဖြစ်လာသည်။
ယနေ့ကာလတွင် ဆေးဝါးနှင့် “အိမ်သုံးဆေးဝါး” အလွဲသုံးမှုများ ပပျောက်ရေးအတွက် ကုလသမဂ္ဂ အပါ အဝင် ကမ္ဘာ့နိုင်ငံတိုင်းက ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ အောင်မြင်မှုများ ရှိနေသော် လည်း ထိထိရောက်ရောက်တားဆီးကာကွယ်နိုင်သော အဆင့်သို့ မရောက်သေးပါ။ ကမ္ဘာအရပ်ရပ်တွင် အလွဲ သုံးစားမှုများ ရှိနေဆဲဖြစ်သည်။ ထိုအလွဲသုံးစွဲမှုများအနက် မူးယစ်ဆေး အလွဲသုံးမှုမှာ မှားသောလုပ်ရပ် ဖြစ်ပြီး ပျက်စီးခြင်းသဘော ရှိ၏။ အလွဲသုံးစွဲမှုများ ကင်းရှင်းအောင် အားထုတ်ကြိုးပမ်းကြ ရမည် ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတို့သည် ဓာတုပစ္စည်းများဖြစ်ပြီး ဗဟိုအာရုံကြော စနစ်၏လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုရှိစေကာ အသိအမြင်များ၊ စိတ်ခံစားမှုများကို ပြောင်းလဲ စေပြီး စိတ်ကိုထိုင်းမှိုင်းစေကာ လူညွန့်တုံးစေသည်။ လူဘဝကို အချိန်တိုလေးအတွင်း ဖျက်ဆီးပစ်နိုင်သည့် အန္တရာယ်ရှိသော သေမင်းတမန်ဖြစ်သည်အထိ ဆိုးရွားနိုင်ပါသည်။ ထို့ပြင် စိတ်ကျစေတတ်သည့် အရက်၊ စိတ်ကြွစေတတ်သော နီကိုတင်းနှင့် ကဖိန်း၊ စိတ်ချောက်ချားစေသည့်၊ ဘိန်းပါသော ဆေးများ၊ ကိုကင်းနှင့် အက်ဖတမင်း ၊ စိတ်ကြွဆေး ၊ စိတ်ငြိမ်ဆေး၊ ဆေးခြောက်တို့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြား တွင် သုံးစွဲနေကြသည်။
သို့ဖြစ်၍ မူးယစ်ကင်းစင်သော နိုင်ငံတော်ကြီးဖြစ်စေရေးအတွက် လူငယ်တို့သည် မူးယစ်ဆေးဝါးကို “ရှောင်လေဝေးဝေး မူးယစ်ဆေး”ဆိုသည့်အတိုင်း မူးယစ်ဆေးကို လုံးဝရှောင်ရှားဖို့လိုသည်။ မြန်မာနိုင်ငံကို မူးယစ်ဆေးကင်းစင်သော နိုင်ငံဖြစ်ရန် မူးယစ်နှင့်ပတ်သက်သည်များကို “ကျူပင်ခုတ် ကျူငုတ်မျှမကျန်အောင်” တိုက်ဖျက်ချေမှုန်းပစ်နိုင်ဖို့ လိုပါသည်။
အဆိုပါ မူးယစ်ဆေးများသည် စိတ်ဓာတ်ကြံ့ခိုင်မှု ယိုယွင်းလာခြင်း၊ ကာယစွမ်းအား ဆုတ်ယုတ်လာခြင်း၊ ဉာဏစွမ်းအား လျော့ပါးလာခြင်း၊ တွေဝေမိန်းမောစေခြင်းတို့ခံစားရမည်ဖြစ်ပြီး နောက်ဆုံးတွင် စာရိတ္တယိုယွင်း လာကာ မကောင်းမှုဟူသမျှကို ကျူးလွန်ရန် ဝန်မလေးတော့ဘဲ ထပ်ဆင့်ဆိုးကျိုးများအနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူများသာမက သုံးစွဲသူ၏ပတ်ဝန်းကျင်ပါ ထိခိုက်နစ်နာခံစားရမည်ဖြစ်သည်။
နိုင်ငံတော်တွင် လူငယ်လူရွယ်တို့ မူးယစ်ဆေးဝါးသုံးစွဲသူများလာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို နိမ့်ကျစေမည်ဖြစ်သဖြင့် တာဝန်ရှိသူများနှင့်အတူ ပြည်သူတစ်ရပ်လုံးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် အမျိုးသားရေးအသွင်ဖြင့် စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူငယ်တို့စွမ်းအားများ ယုတ်လျော့လာပြီး နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက်လည်း အဟန့်အတားဖြစ်စေသည်။ လူငယ်တို့တွင် အဓိကလိုအပ် ချက်ဖြစ်သည့် ကာယဗလ(ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်သန်စွမ်းမှု)၊ ဉာဏဗလ(အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု) စာရိတ္တ ဗလ(ကိုယ်ကျင့်တရားကောင်းမွန်မှု)၊ မိတ္တဗလ(ပေါင်းသင်းဆက်ဆံတတ်မှု)ဟူသည့် ဗလငါးတန် ဖွံ့ဖြိုးရေး သည် အထူးလိုအပ်ပါသည်။ သို့ဖြစ်၍ လူသားကမ္ဘာရှိ လူအများအသက်ရှည်ပြီး ကျန်းမာရေး ကောင်းမွန်စေရန် မူးယစ်ဆေးသုံးစွဲသူများမရှိစေရန်အတွက် မူးယစ်ဆေးဝါးရောင်းချခြင်းကို တားဆီးကာကွယ်ရန် လိုအပ်သည်။ သို့ဖြစ်၍ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးအန္တရာယ်ကိုလည်း တားဆီးကာကွယ်ရေး ပညာပေး ဟောပြောပွဲ များ ပြုလုပ်ပေးခြင်းဖြင့် လူငယ်လူရွယ်တို့၏ လူ့စွမ်းအား ယုတ်လျော့ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။
မူးယစ်ဆေးဝါးကို လူငယ်အများစုသုံးစွဲမိသည့် အကြောင်းအချက်များမှာ စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်း၊ အပေါင်းအသင်းများ၏ တိုက်တွန်းမှုကို မလွန်ဆန်နိုင်ခြင်း၊ လူမှုရေးပြဿနာတစ်ခုခုကြောင့် သုံးစွဲခြင်း၊ မူးယစ် ဆေးဝါးအန္တရာယ်အပေါ် အသိပညာဗဟုသုတနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ယနေ့ခေတ်လူငယ်တို့သည် မိမိစိတ်ဓာတ်ကို ရင့်ကျက်ခိုင်မာအောင်ထားပြီး မူးယစ်ရန်စွယ်ကို ရှောင်ရှားနိုင်ရန် အလုပ်အကိုင်၊ အားကစား၊ လူမှုရေးလုပ်ငန်းများကို အာရုံစိုက်လုပ်ဆောင်ရန်လိုအပ်ပါသည်။
သို့ဖြစ်၍ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တို့သည် မိမိတို့ပတ်ဝန်းကျင်တွင် တွေ့ကြုံနေရသော ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများမှအစ အရက်ဆိုင်၊ ဘီယာဆိုင် အနောက်တိုင်းယဉ်ကျေးမှု စိမ့်ဝင်လာသည့် ကလပ်များ၊ ဘားများ စသည့် ပတ်ဝန်းကျင်များကို ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ရှောင်ရှားရန် လိုအပ်ပါသည်။
လူသားတိုင်း ကျန်းမာကြံ့ခိုင်သော ဘဝရှင်သန်ရေးအတွက် အားကစားဖြင့် စိတ်ရွှန်လန်းအောင် ပြုလုပ် ကာ မူးယစ်ဆေးသုံးစွဲမှုများကို ရှောင်ရှားထိန်းချုပ်ခြင်းသည် အဓိကလက်နက်ကောင်းတစ်ခုဖြစ်သည်။ “နုပျို သက်ရှည်ကျန်းမာရေး ကိုယ်လက်လှုပ်ရှားဦးစားပေး။ ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင် ပါဝင်လှုပ်ရှားလူထု အားကစား” စသည့် ဆောင်ပုဒ်များအတိုင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ယနေ့လူငယ်များ မိမိ နှင့်သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လှုပ်ရှားလေ့ကျင့်ရန်လိုပါသည်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ရှားနိုင်ရန် အခြေခံပညာကျောင်းများမှအစပြု၍ အားကစားကို ချစ်မြတ်နိုးပြီး အားကစားနည်းစနစ်များတို့ကို စနစ်တကျ သင်ကြားပေးခြင်းဖြင့် လူသားတိုင်းကျန်းမာကြံ့ခိုင်ပြီး သက်ရှည်ကျန်းမာလူသားကမ္ဘာဖြစ်ကာ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးများမှလည်း တိုက်ဖျက်နိုင်ပေမည်။ အခြေခံ ပညာကျောင်းများတွင်သာမက တက္ကသိုလ်များတွင် မူးယစ်ဆိုင်ရာ အသိပေးဟောပြောပွဲများ ကျပန်း စကား ပြောပြိုင်ပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ပေးခြင်းဖြင့် လူငယ်များစာဖတ်ရှိန်မြင့်မားပြီး အခြားဗဟုသုတများ ကိုလည်း ရရှိစေနိုင်ပါသည်။
“မူးယစ်အစ ဆေးလိပ်က”ဆိုသကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှု၏အစသည် ဆေးလိပ်သောက်သုံးမှုပင် ဖြစ်သည်။ ကမ္ဘာကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် လက်ရှိဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုနှုန်းအရ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကလေးများနှင့် လူငယ်လူရွယ်သန်းပေါင်း ၂၅ဝမှာ အရွယ်မတိုင်မီသေဆုံး ခြင်းနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိကြောင်းကိုလည်းသုံးသပ်ထားသည်။ ဆေးလိပ်ကစ၍ မူးယစ်သားကောင်မဖြစ်စေရန် ယနေ့လူငယ်များအကြား သုံးစွဲခြင်းကို မိမိတို့မိသားစု၊ သက်ဆိုင်ရာစာသင်ကျောင်းမှတစ်ဆင့် ထိန်းသိမ်း ကြပ်မတ်ပေးဖို့ ပိုမိုလိုအပ်ပါသည်။ ထို့ပြင်လူငယ်များ မူးယစ်ဆေးစွဲသမားဘဝသို့ရောက်ရှိပြီး ပြစ်မှုကျူးလွန် စေမည့် ကော်ရှူခြင်းကို လမ်းဘေးလေလွင့်လူငယ်များအကြား ကျယ်ပြန့်စွာသုံးစွဲမှုမရှိစေရေးအတွက် တားဆီး ကာကွယ်ပေးရမည် ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ် (Human Capital)အရေးပါမှုကို ယနေ့ ခေတ်လူငယ်များ သိရှိနားလည်ရန်လိုအပ်ပြီး ဉာဏကို အခြေခံသော လူမှုအဖွဲ့အစည်းများ အားကောင်း မောင်းသန် ဖြစ်လာအောင် ကြိုးပမ်းပုံဖော်ပေးရမည်ဖြစ်ပါသည်။ ဘဝပုံရိပ်များမှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယနေ့ လူငယ်များ မျက်မှောက်ခေတ်၏ အန္တရာယ်ဆိုးတစ်ခုအဖြစ် ရပ်တည်နေသော မူးယစ်ဆေးဝါးမှ ကင်းဝေးကြပြီး ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝကို ရယူဖန်တီးဖို့လိုအပ်ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂ တရားဥပဒေနှင့်ကိုက်ညီမှုမရှိသော တရားမဝင်မူးယစ်ဆေးများ၏ အန္တရာယ်ကြီးမား ပုံကို ပြည်သူများ နားလည်သဘောပေါက်စေရန် ရည်ရွယ်ပြီး ၁၉၈၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂညီလာခံကြီးမှ နှစ်စဉ် ဇွန် ၂၆ရက်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (International Day Against Drug Abuse and Illicit Trafficking)ဟု သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ကြပြီး မူးယစ်ကင်းစင်ပြီး ကျန်းမာပျော်ရွှင်သည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာ ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အခမ်းအနားများကို ဩစတြေးလျနိုင်ငံ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) က နှစ်စဉ်အထိမ်းအမှတ် ဆောင်ပုဒ်များချမှတ်ကာ ကျွန်ုပ်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သတ်မှတ်ကျင်းပလျက် ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၆ဝ ခုနှစ်၊ မူးယစ်ဆေးဝါးဆိုင်ရာစာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဗီယက်နမ်၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဖေဖော်ဝါရီ ၂ဝ ရက်တွင် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။
ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် လူညွန့်တုံးစေသော မူးယစ်ဆေးဝါးအန္တရာယ်ကို ကင်းစင်ပပျောက်အောင် တိုက်ဖျက်လျက်ရှိရာ နိုင်ငံအလိုက်၊ တိုင်းပြည်အလိုက် ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်သည်။ နောင်အနာဂတ် နိုင်ငံတော်၏ လူငယ်လူရွယ်များအတွက် အန္တရာယ်ပေးနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအားလုံး မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံး တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များ၊ မူးယစ်နှိမ်နှင်းရေးအထူးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံးစုပေါင်း၍ ပြည်သူလူထုနယ်ပယ်အတွင်း စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများကို အမျိုးသားရေးအမြင်ဖြင့် ပြတ်ပြတ်သားသား အရေးယူဖော်ထုတ်ကာ အစဉ် တစိုက် ဆောင်ရွက်သွားကြဖို့ဆိုလျှင် ‘မူးယစ်အန္တရာယ်၊ လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက်၊ လက်ချင်းဆက်” သွား ရမည်မှာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြည်သူများဘက်က အပြည့်အဝပူးပေါင်းပါဝင်ကူညီကြဖို့ လိုအပ် ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပုဒ်မ ၃၃တွင် လူငယ်များ နှင့်ပတ်သက်၍ “နိုင်ငံတော်သည် လူငယ်များ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန် ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည်”ဟု ပြဋ္ဌာန်းထားရှိသည်။ လူငယ်များသည် တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်ကောင်းကျိုး၊ ဆိုးကျိုးများသည် လူငယ် များအပေါ် မူတည်သည်။ ယနေ့နိုင်ငံတိုင်းသည် ကိုယ့်တိုင်းပြည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာသန်စွမ်းပြီး ပညာတတ် လူငယ်လူတော် လူကောင်းများကို ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ မူးယစ် ဆေးဝါးသုံးစွဲမိလျှင် ကာယ၊ ဉာဏ ခွန်အားဆုတ်ယုတ်ပြီး စာရိတ္တပျက်ယွင်းလာပေမည်။ ထိုကြောင့် ဆိုးကျိုး အမျိုးမျိုးကိုသာပေးတတ်သောကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို လုံးဝရှောင်ရှားရပေမည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။ မူးယစ်ဆေးဝါးကို ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်း စိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေး မဟာဗျူဟာရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ခဲ့သော်လည်း မျှော်မှန်းသလောက် အောင်မြင်မှုမရသေးသည့် မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံနှင့်လူမျိုးကို ခြိမ်းခြောက် လျက်ပင်ရှိနေသည်။ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသည့် မူးယစ်ဆေးဝါးနှင့်အတူ စိတ်ကြွဆေးများ အသုံးပြုမှု များရှိနေသဖြင့် လုံးဝပပျောက်သည့်အနေအထားမရှိပေ။
လူငယ်များ မူးယစ်ဆေးဝါး စတင်အသုံးပြုတတ်မှုကို လေ့လာဆန်းစစ်ကြည့်လျှင် ဆေးလိပ်ဖြစ်သည်။ ဆေးလိပ်အတွင်းဆေးခြောက်ထည့်သောက်ခြင်းကစပြီး မူးယစ်ဆေးစွဲတတ်ပါသည်။ ဆေးခြောက်မှ တစ်ဆင့် တက်ပြီး ဆေးပြား၊ အမှုန့်၊ နောက်ဆုံးသွေးကြောထဲသို့ မူးယစ်ဆေးဝါး တိုက်ရိုက်ထိုးသွင်းသည့် အဆင့်အထိ ရောက်လာခြင်းဖြစ်သည်။
လူငယ်ဟူသည် ပွင့်လင်းရိုးသားသည်။ တက်ကြွသော ဇာတိမာန်၊ အမျိုးဘာသာ၊ သာသနာချစ်စိတ် အပြည့်ရှိသည်။ ကိုယ်ကျိုးစွန့်၍ ဖျတ်လတ်စွာ စွန့်စားလိုစိတ်၊ အများအကျိုးသယ်ပိုးလိုစိတ်လည်း ရှိကြသည်။ ကလေးဘဝ၏ နောက်ဆုံးကာလနှင့် လူကြီးဘဝ၏အစဦးပိုင်းကာလတွင် အင်အားအတက်ကြွဆုံးအရွယ် ဖြစ်ပေရာ “နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှုကာလ”ဟုဆိုနိုင်သည်။ ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့၏ အနာဂတ်ဘဝသာယာလှပရေးအတွက် လူသားတို့အပေါ် ကူညီလိုစိတ်နှင့် လူမှုဝန်ထမ်းစိတ်အပြည့်ရှိသော ‘လူငယ် အသိုက်အဝန်း’ လိုအပ်လျက်ရှိသည်။ “ယနေ့လျင်မြန်စွာ ပြောင်းလဲနေသော ၂၁ရာစုခေတ်တွင် နိုင်ငံ တစ်နိုင်ငံ ၏ ဖွံ့ဖြိုးမှုသည် ယင်းနိုင်ငံ၏ပညာရေးအဆင့်အတန်းနှင့် ဖန်တီးမှုစွမ်းရည်ဖြစ်သည့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးမှုအပေါ် များစွာမူတည်ပေသည်။” လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုနည်းပါးခြင်းသည် နည်းပညာနှင့် တီထွင်ကြံဆမှုများပါ နောက်ကျနေမည်ဖြစ်ခြင်းကြောင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးသော နိုင်ငံများက တိုးတက်မှုမြန်ဆန်ပြီး လူ့စွမ်းအားဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများကတိုးတက်မှုနှေးကွေးကြောင်း တွေ့ရသည်။
ယနေ့လူငယ်များအား အဖိုးထိုက်တန်သော အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံ ပြုစုပျိုးထောင်နေခြင်းသည် နိုင်ငံ့အကျိုးပြု လူငယ်လူရွယ်များအဖြစ် အရေအတွက် မှ အရည်အချင်းသို့ကူးပြောင်းမြှင့်တင်ပေးနေခြင်းဖြစ်သည်။ မျိုးဆက်သစ်လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး အန္တရာယ်ကို သိမြင်ရှောင်ကြဉ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းအမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်လျက် ရှိ၏။ ယင်းတို့အနက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကနှစ်စဉ်ကျင်းပမြဲဖြစ်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲသည် တစ်ခုအပါအဝင်ဖြစ်၏။ ထိုပြိုင်ပွဲသို့ လူငယ်များ၊ အထူးသဖြင့် ကျောင်းသား လူငယ်များစွာ ပါဝင်ကြ လျှင် အကျိုးထူးမည်ဖြစ်၏။ မည်သည့်ပညာရေးတွင်မဆို ပါဝင်နိုင်အောင်ကြိုးပမ်းကြမှသာ မူးယစ်အန္တရာယ်မှ ကာကွယ်နိုင်ကြမည်ဖြစ်ပေသည်။
ဆရာဇော်ဂျီ၏ “သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေလည်း အခြေတိုးမြှင့် ကြံကောင်းသင့် ၏” ဟူသော “သင်သေသွားသော်” ကဗျာအဖွဲ့လေးပမာ ယနေ့လောကရှိ လူတိုင်းလူတိုင်းသည် မိမိတိုင်းပြည် နှင့် မိမိတို့၏လူမျိုးအကျိုးအတွက် လူငယ်လူထုတွင် ကောင်းသောလောကအကျိုးပြု လုပ်ငန်းများလုပ်ဆောင်၍ လူသားကမ္ဘာတွင် နောင်လာနောင်သားများအတွက် မှတ်တိုင်တစ်ခုကျန်ရစ်စေရန် အကျိုးရှိသောအချိန်များကို အပျော်အပါးလိုက်စားပြီး မူးယစ်ဆေးဝါးအလွဲသုံးစွဲခြင်းများက ရှောင်ရှားနိုင်လျှင် သက်ရှည်ကျန်းမာစွာဖြင့် လူသားကမ္ဘာတည်ဆောက်နိုင်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရန်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုမှရှောင်ခြင်း တရားမဝင်သယ်ဆောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းဝယ်ခြင်းတို့မှ ရှောင်ရှားနိုင်လျှင် မူးယစ်ဆေးဝါးကိုတိုက်ဖျက်နိုင်မည်ဖြစ်သည်။ “သက်ရှည်ကျန်းမာ လူသားကမ္ဘာ မူးယစ် ဆေးဝါးတိုက် ဖျက်ပါ” ဟူသည့်အတိုင်း နေထိုင်ကျင့်ကြံအားထုတ်ကြရေးလိုအပ်ကြောင်း ရေးသား တိုက်တွန်း လိုက်ရပါသည်။
