ယူနန်ပြည်နယ်က သာယာရှုမောဖွယ် သာ့လီမြို့ဝယ်
Posted_Date
Image
Body
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ Seminar for Omnimedia Edi-tors and Journalists From ASEAN Countries ဆွေးနွေးပွဲတက်ရောက်ဖို့အတွက် ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ စာရေးသူတို့အဖွဲ့ဟာ ပေကျင်းမြို့ကနေ ယူနန်ပြည်နယ်ကို နောက်ထပ်လေ့လာရေးခရီးထွက်ခဲ့ကြပါတယ်။ ယူနန်ကိုရောက်ဖို့ ပြည်တွင်း လေကြောင်းလိုင်းနဲ့ လေးနာရီကြာ လေယာဉ်စီးလာရတဲ့အတွက် တရုတ်နိုင်ငံဟာ အတော်ကိုဧရိယာ ကျယ်ဝန်းတဲ့နိုင်ငံဆိုတာကို သိသာစေပါတယ်။
အခုလေ့လာရေးခရီးရဲ့ အဓိကသွားမဲ့မြို့ကတော့ သာ့လီမြို့ (Dali)ပဲ ဖြစ်ပါတယ်။ သာ့လီမြို့ဟာ ယူနန်ပြည်နယ်အနောက်ပိုင်းမှာ တည်ရှိပါတယ်။ မြို့ဟာ စိမ်းစိုတဲ့သဘာဝရှုခင်းတွေ၊ ညို့မှိုင်းတဲ့ တောင်တန်းတွေကြားမှာတည်ရှိတာကြောင့် အေးမြ လတ်ဆတ်တဲ့လေ၊ ပြာလဲ့လဲ့တိမ်တွေနဲ့ အတော်လှတဲ့မြို့လို့ဆိုရမှာဖြစ်ပါတယ်။ သာ့လီမြို့မှာ နေထိုင်သူအများစုမှာ ပိုင်(Bai) လူမျိုးစုတွေဖြစ်ကြပြီး ပိုင် လူမျိုးတို့ရဲ့ ရိုးရာဝတ်စုံဟာ အဖြူရောင်ကို အခြေခံကာ အနီ၊ အပြာ၊ မီးခိုးရောင်တွေနဲ့ ရောစပ်ချုပ်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့ပြင် သာ့လီမြို့ရဲ့ လမ်းသွယ် တွေပေါ်မှာ ဒေသခံတွေရဲ့ လက်နဲ့ပြုလုပ်ထားတဲ့ ငွေထည်၊ ပန်းထိမ်ထည်၊ ရိုးရာလက်မှုပစ္စည်းတွေ၊ ဒေသထွက် အစားအစာတွေကို ပွဲဈေးတန်းလို စည်စည်ကားကား ရောင်းချနေတာ တွေ့ရပါတယ်။ အဲဒီလို သဘာဝအလှအပတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့သာ့လီဟာ နိုင်ငံအတွင်းက ခရီးသွားတွေနဲ့ ပြည်ပကခရီးသွားတွေကြား ရေပန်းစားပါတယ်။ စာရေးသူတို့ လေ့လာရေးအဖွဲ့ဟာ သာ့လီမြို့မှာ လေးရက်ကြာ လေ့လာ လည်ပတ်ကြမှာဖြစ်ပါတယ်။
သာ့လီမြို့ လေ့လာရေးခရီးစဉ်ရဲ့ ပထမရက်မှာ ပြည်တွင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (ကာဗွန်ကင်းဝေးစက်မှုဇုန်) ကို သွားရောက်ခဲ့ပါတယ်။ အဲဒီစက်မှုဇုန်ကို တော၊ တောင်၊ သစ်ပင်တွေ ထူထပ်ပေါများတဲ့နေရာမှာ တည်ဆောက်ထားပါတယ်။ အဲဒီ စက်မှုဇုန်ဧရိယာအတွင်းမှာ စက်ရုံနဲ့ ကုမ္ပဏီပေါင်းများစွာရှိပါတယ်။ ဦးစွာသွားရောက် လေ့လာခဲ့တဲ့စက်ရုံကတော့ စက္ကူနဲ့ဂျပ်ပြား ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အဲဒီနောက်မှာတော့ ဆိုလာစီလီကွန်ပြား ထုတ်လုပ်တဲ့ကုမ္ပဏီကို သွားလေ့လာခဲ့ပါတယ်။ ဆိုလာစီလီကွန်ပြားထုတ်တဲ့ ကုန်ကြမ်းတွေဟာ ကိုင်ကြည့်တော့ အတော်ပူတာကို သိလိုက်ရပါတယ်။ ဒါကြောင့် ဆိုလာစီလီကွန်ပြားထုတ်စက်တွေဟာ အပူချိန် ၁၅၀၀ ဒီဂရီစင်တီ ဂရိတ်ထိရှိတာဖြစ်မယ်လို့ တွေးမိပါတယ်။ ၎င်း ဆိုလာစီလီကွန်ပြားထုတ်တဲ့ ကုမ္ပဏီရဲ့သက်တမ်း ဟာ နှစ်ပေါင်း ၂၀ သက်တမ်း ရှိပြီဖြစ်တယ်လို့လဲ သိခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ရှန်ယွီခရိုင် ရှလုံကောင်တီရှိ ပန်းစိုက်ပျိုးထုတ်လုပ်ရေးစက်ရုံကို သွားရောက် လေ့လာခဲ့ပါတယ်။ ပန်းစိုက်ပျိုးထုတ်လုပ်ရေးစက်ရုံဟ၁ စတုရန်းကီလိုမီတာ ၄၃၄၀ဝဝ ကျယ်ဝန်းပြီး နှင်းဆီ၊ ဂန္ဓမာ၊ သစ်ခွစတဲ့ ပန်းအမျိုးအစားပေါင်းများစွာကို စိုက်ပျိုးထ၁းပါတယ်။ စက်ရုံရဲ့ပန်းစိုက်ပျိုးမှု စုစုပေါင်းရဲ့ ၄ဝ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံကို တင်ပို့ပြီး တောင်ကိုရီးယားနိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံတွေဆီကိုလဲ တင်ပို့တယ်လို့ သိရပါတယ်။ တင်ပို့ဖို့အတွက် ခူးဆွတ်ထားတဲ့ပန်းတွေကို အခန်းအပူချိန် နှစ်ကနေ လေးဒီဂရီစင်တီဂရိတ်ရှိတဲ့ အအေးခန်းနဲ့သိမ်းဆည်းသိုလှောင်ကာ ဝယ်ယူသူ မရောက်မီ လုပ်ငန်းစဉ်ပေါင်း ၁၆ ခုကို ဆောင်ရွက်ပါတယ်။ ပန်းတင်ပို့ရောင်းချမှုကို အွန်လိုင်းကနေ အဓိကဆောင်ရွက်တယ်လို့လဲ သိရပါတယ်။ ထိုပန်းစိုက်ပျိုးထုတ်လုပ်ရေးစက်ရုံဟာ ပန်းတွေကို ဒေသတွင်းသာမက နိုင်ငံခြားထိပါ ပျက်စီးဆုံးရှုံးမှုမရှိသလောက်နည်းပါးအောင် စနစ်တကျ ထုပ်ပိုးရောင်းချနိုင်တဲ့အတွက် ၎င်းရဲ့ပန်းမျိုးစုံ၊ အရောင်စုံဟာ အာရှမှာ ဈေးကွက်အခိုင်အမာ ရနေတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ပတ်ဝန်းကျင်ဂေဟစနစ် ထိန်းသိမ်းရေးနည်းလမ်းတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်သန့်စင်အသုံးပြုကာ အော်ဂဲနစ် ထုတ်ကုန်တွေထုတ်လုပ်တဲ့ကုမ္ပဏီကို သွားရောက်လေ့လာခဲ့ကြပါတယ်။ အဲဒီမှာ တိရစ္ဆာန်အညစ်အကြေး၊ စွန့်ပစ်အမှိုက်၊ ဒိုက်၊ ရေမှော် စတဲ့စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသန့်စင်ကာ နည်းပညာနဲ့ပေါင်းစပ်ပြီး အော်ဂဲနစ်ဓာတ်မြေဩဇာ၊ ဇီဝလောင်စာ၊ ဇီဝ ဓာတ်ငွေ့ စတဲ့ထုတ်ကုန်တွေထုတ်တာကို လေ့လာ ခွင့်ရခဲ့ပါတယ်။
ဒါ့ပြင် သာ့လီမြို့ရဲ့ နေဝင်ဆည်းဆာနဲ့ အာ့ဟိုင်း(Erhai)ရေကန်ရဲ့ ညနေရှုခင်းကို ရင်သပ် ရှုမောဖွယ် ကြည့်ရှုခဲ့ရပါတယ်။ တောင်တန်းတွေ အလယ်က အာ့ဟိုင်းကန်ရေပြင်ထက်မှာ မီးပုံးလေးတွေမျောနေပါတယ်။လှေဦးထိပ်မှာ မီးအိမ်တပ်ထားတဲ့ လှေငယ်အတော်များများ ငါးဖမ်းပိုက်ချနေကြတာကိုလဲ တွေ့ခဲ့ရပါတယ်။ ဒေသခံတချို့ကတော့ ကားကြီး ကားငယ်တွေနဲ့ ရောက်လာကာ ငါးမျှားတံတွေနဲ့ ငါးမျှားနေကြတာကို တွေ့ရပါတယ်။
ဒုတိယရက်မှာတော့ အာ့ဟိုင်းရေကန်ပတ်ပတ်လည်ကို သွားရောက်လေ့လာခဲ့ရာ အာ့ဟိုင်းရေကန်ဟာ ယူနန်ပြည်နယ်ရှိ တစ်ခုတည်းသော ရေချိုကန်ကြီးဖြစ်သလို သာ့လီမြို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်တာကြောင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က၂ဝ၁၅ ခုနှစ်ကတည်းက ထိုရေကန်ရဲ့ သဘာဝ အလှတရားတွေကို ထိန်းသိမ်းဖို့လိုတယ်လို့မှာကြား ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ရေကန်ရေရှည်တည်တံ့ကာ သဘာဝအလှတရားတွေ မပျောက်ပျက်စေရေးအတွက် ဒေသခံတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဝိုင်းဝန်းထိန်းသိမ်းနေကြတာဖြစ်ပါတယ်။ ဒါ့ပြင်ရေကန်အတွင်းရှိ သက်တမ်းရင့်ငါးတွေသေဆုံး ကာ ရေကန်အလှတရားများ မပျက်စီးစေရေး၊ ကန်အတွင်း ရေထုမညစ်ညမ်းစေရေးအတွက်လဲ ကန်အတွင်းက အရွယ်ရောက်ပြီး ငါးတွေကို တစ်နှစ် တစ်ကြိမ် ငါးဖမ်းပွဲကျင်းပပြီးကို အခမဲ့ဖမ်းခွင့်ပေးထားတာကို သိခဲ့ရပါတယ်။ ဒါကြောင့် ပထမရက်က ညရှုခင်းကြည့်တုန်းက မီးပုံးတွေ၊ လှေကြီး၊ လှေငယ်တွေနဲ့ စီးပွားဖြစ်ငါးဖမ်းတဲ့သူတွေ၊ အပျော်တမ်းငါးဖမ်းတဲ့သူတွေကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ လက်ဖက်ခြောက်စက်ရုံကို သွားရောက်လေ့လာခဲ့ရာ တရုတ်လူမျိုးတွေရဲ့ လက်ဖက်ခြောက်နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို သေချာစနစ်တကျပြုစုထားကာ ပြတိုက်နဲ့ကို တခမ်းတနား ခင်းကျင်းပြသထားတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ လက်ဖက်ခြောက်ဈေးနှုန်းဟာ သက်တမ်း၊ အရသာ၊ အရည်အသွေးကိုလိုက်ပြီးကွာခြားပါတယ်။ ဒါ့ပြင်လက်ဖက်ခြောက်နဲ့ အကြမ်းရည်ပြုလုပ်နည်းကို ရိုးရာယဉ် ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ အမြတ်တနိုး ထိန်းသိမ်းလျက်ရှိကြပါတယ်။ လက်ဖက်ခြောက်နဲ့ အကြမ်းရည်ပြုလုပ်ပုံ အဆင့်ဆင့်ကိုလဲ လေ့လာခွင့် ရခဲ့တဲ့အပြင် အကြမ်းရည်နဲ့ဧည့်ခံတဲ့အခါ သတိပြုသင့်တဲ့ အပြုအမူတွေကိုလဲ သိခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ စကျင်ကျောက်ပြတိုက်ကို သွားရောက်ခဲ့ပါတယ်။ စကျင်ကျောက်ပြတိုက်မှာ စကျင်ကျောက်တွေကို အနုပညာဆန်ဆန် ခင်းကျင်း ပြသထားပါတယ်။ စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ ပန်းချီကား၊ လက်ဝတ်ရတနာ၊ လူ့အသုံးအဆောင်၊ ပရိဘောဂတွေကို သေချာစနစ်တကျကုန်ကြမ်းက ကုန်ချောထည်ဖြစ်အောင်ပြုလုပ်ပြီး စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားပါတယ်။ လာရောက်လေ့လာသူတွေကြိုက်နှစ်သက်ရင်လဲ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါဟာလဲ နိုင်ငံခြားဝင်ငွေတစ်ဖက် တစ်လမ်းကရရှိစေသလို စကျင်ကျောက်ကုန်ကြမ်းတွေကို ကုန်ချောပြုလုပ်တဲ့လုပ်ငန်းစဉ်အဆင့်ဆင့်က သခံတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနေတာလဲဖြစ်ပါတယ်။ အဲဒီနောက် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်အဖြစ် ထင်ရှားတဲ့ ဘုရားသုံးဆူကိုလဲ ဝင်ရောက်လေ့လာခဲ့ရာ ဘုရားသုံးဆူရဲ့ ဗိသုကာ ရှေးခေတ်အနုပညာလက်ရာနဲ့ ယဉ်ကျေးမှုတို့ကိုလဲ မျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရခဲ့ပါတယ်။
တတိယရက်မှာတော့ အာ့ဟိုင်းရေကန်အနီးရှိကျေးရွာတွေကို သွားရောက်ခဲ့ရာ ရေကန်ပတ်ဝန်းကျင် သာယာလှပရေး၊ ရေကန်ရဲ့ ပတ်ဝန်းကျင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စီမံကိန်းတွေ့ချမှတ်ဆောင်ရွက်နေမှုကို လေ့လာခဲ့ရပါတယ်။ အာ့ဟိုင်းရေကန် သာယာလှပရေးကို ဒေသခံတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အာ့ဟိုင်းရေကန်ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်းကို ၂၀၂၂ ခုနှစ်က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အခုဆိုရင် သုံးနှစ်ရှိပြီဖြစ်ပြီး ထိုစီမံကိန်းတွင် ဒေသခံများကို ရေကန်ကြီးညစ်ညမ်းမှုမဖြစ်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စိုက်ပျိုးရေးနည်းလမ်းတွေကို နည်းမှန်လမ်းမှန် အသုံးပြုတတ်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတနည်းပါးတဲ့ ကျေးရွာနေဒေသခံပြည်သူလူထုကို မြေအောက်ရေ အပါအဝင် မြစ်ရေတွေမညစ်ညမ်းစေရေးအတွက် မြေဩဇာသုံးရာမှာ သဘာဝဓာတ်မြေဩဇာ ၉၀ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာ ၁ဝ ရာခိုင်နှုန်းကို စနစ်တကျ ပေါင်းစပ်အသုံးပြုနည်းတွေကို ဝေမျှပေးနေတဲ့အပြင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနဲ့ ကျေးလက်ဒေသရဲ့ လယ်ယာကဏ္ဍဖြိုးတိုးတက်စေရေး လုပ်ဆောင်မှုတွေလဲပါပါတယ်။
အဲဒီနောက် အာ့ဟိုင်းရေကန်ကို ရေခန်းခြောက်မှု မဖြစ်စေရေး ရေထောက်ပံ့နေတဲ့ဆည်ကိုသွားရောက်လေ့လာခဲ့ရာ ထိုဆည်ဟာ အာ့ဟိုင်းရေကန်ကို သာမက အနီးဝန်းကျင်က စိုက်ပျိုးလယ်ယာမြေများစွာကို ရေထောက်ပံ့ပေးနေတဲ့အပြင် ဆည်ကနေ ရေအားလျှပ်စစ်လဲ ထုတ်လုပ်နေတာကို တွေ့ရပါတယ်။
ဆက်လက်ပြီး အခုဟိုင်းရေကန်အနီးမှာရှိတဲ့ ကျေးရွာက ရေမှော်ထုတ်လုပ်တဲ့ကုမ္ပဏီကို သွားရောက်လေ့လာခဲ့ပါသေးတယ်။ ထိုကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာလို့ သိရပါတယ်။ အဲဒီကုမ္ပဏီဟာ ရေမှော်ကနေ စားသောက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်၊ သယ်ယူပို့ဆောင်ရေးလောင်စာ၊ စိုစွတ်မြေအတွက် လိုအပ်တဲ့ဓာတ်မြေဩဇာတွေကို ထုတ်လုပ်လျက်ရှိတာကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနေ တာကိုလဲ သိခဲ့ရပါတယ်။
စတုတ္ထရက်မှာတော့ ပင်းချွမ်းကောင်တီရှိ အော်ဂဲနစ် ဒေသထွက်ကုန်ရောင်းဝယ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ပါတယ်။ ထိုကုမ္ပဏီဟာ အော်ဂဲနစ် ဒေသထွက်ကုန်တွေဖြစ်တဲ့ ပန်းသီး၊ လိမ္မော်သီး၊ တလည်းသီး၊ စပျစ်သီး၊ ကြက်သွန်ဖြူစတာတွေကို စိုက်ပျိုးထုတ်လုပ်ကာ အိမ်နီးချင်း အဆီယံနိုင်ငံ တွေဆီကို တင်ပို့ပါတယ်။ ၎င်းတို့ရဲ့ ဒေသထွက်ကုန်တွေရဲ့ သဘာဝကိုအခြေခံတဲ့ စိုက်ပျိုးမှု၊ သိုလှောင်မှု၊ ထုပ်ပိုးမှုတွေကို လေ့လာခဲ့ရပါတယ်။
ဒါ့ပြင် သာ့လီမြို့ရဲ့ DL TV ကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီ တီဗီရုပ်သံလိုင်းဟာ 6K Resolution နဲ့ ထုတ်လွှင့်လျက်က်ရှိပြီး သာ့လီမြို့ရှိဒေသသတင်း၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှု စတာတွေ အဓိကထုတ်လွှင့်တဲ့ရုပ်သံလိုင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ရုံတွေထဲမှာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ဆုံးတည်ဆောက်ထားတဲ့ ထုတ်လွှင့်ရုံဖြစ်ပါတယ်။
ဒီလေ့လာရေးခရီးစဉ်ကနေ တကယ့်ကို ဗဟုသုတ ဖြစ်ဖွယ်ရာတွေကို လေ့လာမှတ်သားခဲ့ရပါတယ်။ ဒီလိုနဲ့ လည်ပတ်စရာ၊ လေ့လာစရာတွေအပြီးမှာတော့ စာရေးသူတို့ လေ့လာရေးအဖွဲ့ဟာ အချိန်တန် အိမ်ပြန်ကြရတော့မှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ သာ့လီမြို့ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေလာရောက်လည်ပတ် ချင်စဖွယ်ဖြစ်အောင်၊ ထိုဒေသရဲ့ စီးပွားရေး ဒေသခံတွေရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် တစ်ဖက်က ဆောင်ရွက်နေသလို ခေတ်မီဖွံ့ဖြိုးတိုးတက်တာနဲ့အတူ ဒွန်တွဲပါလာတတ်တဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုလဲ အနာဂတ်ကို ကြိုတင်မှန်းဆပြီး ဂေဟစနစ်ထိန်းသိမ်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ကျေးရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရနိုင်ပါ။ အုပ်ချုပ်တဲ့အစိုးရ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူ တက်တက်ကြွကြွပါဝင်ဆောင်ရွက်မဲ့ ဒေသခံ ပြည်သူတွေလိုအပ်ပါတယ်။ ကောင်းမွန်တဲ့အရွေ့တစ်ခုဖြစ်ဖို့ဆိုတာ ပြိုင်တူတွန်းမှ ဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ ယုံကြည်ရေးသားအပ်ပါတယ်။
ရတနာပုံသတင်းစာ
