သမိုင်းကိုအခြေခံ မှန်ကန်တဲ့နှလုံးသားများနဲ့ ချီတက်ကြပါစို့
Posted_Date
Image
Body
သမိုင်းဆိုတာ အတိတ်ကဖြစ်ရပ်အားလုံးကိုဆိုလိုပါတယ်။ အဆိုးအကောင်းအနိမ့်အမြင့်ဆိုတဲ့ ဆူကြုံနိမ့်မြင့်များစွာကိုလည်း မြင်တွေ့နိုင်ပါတယ်။ အဆိုးတွေကိုတော့ သင်ခန်းစာယူတတ်ဖို့လိုပြီး အကောင်းတွေကိုတော့ စံထားနိုင်ဖို့လိုပါတယ်။ ဒါမှသာ ယနေ့ပစ္စုပ္ပန်ဟာ လာမယ့်အနာဂတ်မှာ သမိုင်းကောင်းတစ်ခုအဖြစ် ထင်ကျန်ခဲ့မှာလည်း
ဖြစ်ပါတယ်။
မကြာမီ တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် အရေးကြီးဆုံးအဆုံးအဖြတ်တစ်ခုကို မလွဲမသွေချမှတ်ရတော့မယ့်အချိန်အခါကို ကျရောက်လာပါတော့မယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးဟာ တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် မလွဲမသွေဆုံးဖြတ်ရွေးချယ်မှုတစ်ခုပြုလုပ်ပေးရမယ့်ပွဲတစ်ပွဲဖြစ်တယ်ဆိုတာကိုလည်း ကနဦးပြောလိုပါတယ်။
မကြာမီကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးကို နိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့ လုံခြုံရေးအခြေအနေအရ လုံခြုံရေးနှင့်စီမံခန့်ခွဲမှုအပေါ်မူတည်ပြီး အပိုင်းခွဲကျင်းပသွားမယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲက ချပြခဲ့ပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲပေးစနစ်ကိုတော့ (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးစေခြင်းကိုဆောင်ရွက်ပေးသွားမယ်။ရွေးကောက်ခံကိုယ်စားလှယ်ရွေးချယ်မှုကိုတော့ ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် MMP စနစ်တွေနဲ့ ရွေးကောက်တင်မြှောက်သွားမှာပဲဖြစ်ပါတယ်။ ဒါကတော့ ရွေးကောက်ပွဲကျင်းပမယ့်အခြေအနေ အကျဉ်းချုပ်ပါပဲ။ရွေးကောက်ပွဲကျင်းပမှုနီးကပ်လာချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းတို့နဲ့စပ်လျဉ်းပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပြီးလည်းဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ကတော့ ၂၈-၁၀-၂၀၂၅ ရက် နံနက် ၆ နာရီကနေ ၂၆-၁၂-၂၀၂၅ ရက် ည ၁၂ နာရီထိ ရက်ပေါင်း(၆၀)အတွင်း မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ၁၃၄/၂၀၂၅ နဲ့ ၁၅-၁၀-၂၀၂၅ ရက်မှာ ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ၂၅-၉-၂၀၂၅ ရက်မှာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၁၇/၂၀၂၅ ဖြင့် နိုင်ငံရေးပါတီများ ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များကတစ်ဆင့် ထုတ်ပြန်ချက်စည်းကမ်းများနှင့်အညီ ဟောပြောတင်ပြခွင့်ကိုလည်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိမှာလည်း ပါတီအသီးသီး၊ မဲဆန္ဒနယ်အသီးသီးက ရွေးကောက်ခံကိုယ်စားလှယ်လောင်းများဟာ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ပြည်သူလူထုများနဲ့ ထိတွေ့ခြင်းများကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါတင်မက ကိုယ်ပိုင် Social မီဒီယာအကောင့်များကိုသုံးစွဲပြီး ပြည်သူလူထုများကို ဖန်သားပြင်တွေကတစ်ဆင့် ထိတွေ့ဆက်ဆံနေကြတာကိုလည်း တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒါကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်များနဲ့ ကိုယ်စားလှယ်လောင်းများရဲ့ ပကတိအခြေအနေတွေပဲဖြစ်ပါတယ်။
ဆုံးဖြတ်ရွေးချယ်ကြရမယ့် တိုင်းရင်းသားပြည်သူတွေအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)အခန်း(၈)ပါ မိမိတို့ရဲ့ ရွေးချယ်ပိုင်ခွင့်များနဲ့ နိုင်ငံတော်အတွက် ဆောင်ရွက်ပေးရမည့် တာဝန်များကိုပါ သိထားကြရပါမယ်။ အခန်း(၈) ပုဒ်မ (၃၆၉)၊ ပုဒ်မခွဲ(က)မှာတော့-“နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကတော့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၈)မှာ မူလအခွင့်အရေးအပြင် တာဝန်တွေပါ ပြဋ္ဌာန်းထားပါသေးတယ်။ အချို့ကိုထုတ်နုတ်တင်ပြလိုပါတယ်။ ပုဒ်မ (၃၈၃)- နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊
( ခ ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေး၊
( ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
ပုဒ်မ(၃၈၄)မှာတော့ “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။” ဟု ပြဋ္ဌာန်း ထားပါတယ်။ ပုဒ်မ(၃၈၅)မှာတော့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေး၊အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသား တိုင်း၏တာဝန်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ(၃၈၇)မှာတော့ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ရန် တာဝန်ရှိသည်။” ဟု ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ (၃၈၈)မှာတော့ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။” ဟု ပြဋ္ဌာန်းထားပါတယ်။ ဒါတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)က နိုင်ငံသားတိုင်းကိုပေးအပ်ထားတဲ့တာဝန်တွေပဲဖြစ်ပါတယ်။ နိုင်ငံသားများရဲ့အခွင့်အရေးနဲ့တာဝန် များဟာ ဥပဒေအရ ပုံနှိပ်ဖော်ပြထားတာမျိုး လုံးဝမဟုတ်ပါဘူး။ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်အဖြစ်အဓွန့်ရှည်ရပ်တည်နိုင်ဖို့ ဖြစ်တည်လာခဲ့တဲ့ သမိုင်းထဲက သင်ခန်းစာကောက်နုတ်ချက်တွေဖြစ်ကြောင်း နိုင်ငံသားတိုင်းကို သတင်းစကားပါးလိုပါတယ်။
အတိတ်သမိုင်းကိုပြန်ကြည့်ကြပါစို့။ ကာလတွေ အလီလီကျော်ဖြတ်ခဲ့ကြတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပြည်တွင်းသောင်းကျန်းမှုကာလ၊ ဒီမိုကရေစီကူးပြောင်းရေးကာလ၊ ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းရေးကာလများကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ကာလအသီးသီးမှာ နိုင်ငံရဲ့အကျပ်အတည်းကာလ အချိုးအကွေ့များကိုလည်း ပူးတွဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဒီကာလအသီးသီးမှာ အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးစနစ်အမျိုးမျိုးကို ရေးဆွဲကျင့်သုံးလျှောက်လှမ်းခဲ့ရတယ်။ အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တွေကြောင့် အစိုးရအဖွဲ့တွေတစ်ဖွဲ့ပြီးတစ်ဖွဲ့၊ နိုင်ငံရေးစနစ်တွေတစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့တာကိုလည်း တွေ့မြင်ရမှာဖြစ်တယ်။ ဒါတွေဟာ စာရေးသူတင်ပြခဲ့တဲ့ နိုင်ငံရဲ့အကျပ်အတည်းအချိုးအကွေ့တွေရဲ့ သက်သေတွေပါပဲ။ နိုင်ငံရေးစနစ် မတည်ငြိမ်လေသမျှ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တစ်ရပ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့လည်းအလှမ်းဝေးတတ်ခြင်းဟာ သဘာဝတစ်ခုလိုပါပဲ။
ဆက်စပ်ပြီးတော့ ကာလအသီးသီးရဲ့ မူဝါဒအဆင့်ဆင့်ကိုလေ့လာကြည့်ကြပါမယ်။ ဘီအိုင်အေ၊ဘီဒီအေခေတ်မှာ “လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ”၊ ဘီအင်န်အေနှင့် ပီဘီအက်ဖ်ခေတ်မှာ “လွတ်လပ်ရေးသည်ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယ” ဆိုပြီး မူဝါဒ အသီးသီးချမှတ်ပြီး လွတ်လပ်ရေးကို ကြိုးပမ်းရယူခဲ့ကြတယ်။
လွတ်လပ်ရေးရခဲ့ပေမယ့် နိုင်ငံတော်ဟာ ပြည်တွင်းသောင်းကျန်းမှုကာလနွံထဲကို ကျွံကျသွားခဲ့တယ်။ အစိုးရစနစ်က “ပါလီမန်ဒီမိုကရေစီအစိုးရစနစ်” ရောင်စုံသူပုန်ဆိုတဲ့ ပြည်တွင်းသောင်းကျန်းမှုတွေ ကြောင့် ပြည်သူတွေအတိဒုက္ခရောက်ခဲ့ကြတယ်။ အစိုးရပျက်ပြီး အစိုးရစနစ်ပါပျက်ပြယ်သွားခဲ့တယ်။ တပ်မတော်ဟာ နိုင်ငံတော်တာဝန်အရပ်ရပ်ကိုယူခဲ့ရတယ်။ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရအဖွဲ့ပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီမှာ တည်ဆဲအစိုးရဟာ ပါလီမန်ဒီမိုကရေစီစနစ် အယူအဆတွေကနေ လျှောက်လှမ်းလိုတဲ့ ဆိုရှယ်လစ်စနစ်ဘက်ကို တရွေ့ရွေ့ကူးပြောင်းရပြန်တယ်။ နိုင်ငံရေးစနစ်ကူးပြောင်းစဉ်ဟာ လွယ်ကူလှတဲ့လုပ်ငန်းစဉ်တော့မဟုတ်ပါဘူး။ အဲဒီမှာပဲ တော်လှန်ရေးကောင်စီရဲ့ “ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ထူထောင်ရေးသည် တတိယ” ဆိုတဲ့ မူဝါဒထွက်ပေါ်လာခဲ့တယ်။ ပြည်တွင်းသောင်းကျန်းမှုဝဲဂယက်ထဲမှာ နိုင်ငံတော်ကာကွယ်ရေးကတစ်ဖက်၊ နိုင်ငံတော်တည်ဆောက်ရေးကတစ်ဖက်ဖြစ်နေတာကို မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။ ဒီနေရာမှာ တစ်ဖြတ်ပြောချင်တာက မူဝါဒပိုင်းဆိုင်ရာတွေပါပဲ။ မူဝါဒတွေဟာ ခေတ်တိုင်း၊ အစိုးရတိုင်းမှာ ထုတ်ချင်တာထုတ်ပြန်ခဲ့တာမျိုးမဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်၊ ပြည်သူလူထုရဲ့လိုလားချက်တွေကိုပဲ နိုင်ငံတော်မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်တယ်။
“ဒီမိုကရေစီရရှိရေး ဒို့အရေး” ဆိုတဲ့ ဆူညံသံတွေနဲ့ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်ခဲ့တယ်။ အဲ့ဒီခေတ်အခြေအနေကို အတိုချုံးမြင်အောင်ပြောရရင် တောင်တန်းဒေသမှာ လက်နက်ကိုင်၊ မြေပြန့်မှာဆူပူမှု လှုပ်ရှားမှုဆိုတဲ့ပုံရိပ်များပဲဖြစ်တယ်။ တပ်မတော်ကပဲ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ယူခဲ့ရပြန်တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စတဲ့အစိုးရအဖွဲ့တက်လာခဲ့တယ်။ ဒီလက်ထက်တစ်ခုလုံးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတစ်ခုလို့ပဲ ဆိုရပါမယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကတစ်ဖက်၊ နိုင်ငံတော်တည်ဆောက်ရေးတာဝန်တွေကတစ်ဖက်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတာဝန်တွေကတစ်ဖက်နဲ့ ဘယ်လိုဘယ်ပုံ ကြိုးစားလျှောက်လှမ်းခဲ့သလဲဆိုတာကိုလည်း ဒီလိုလေ့လာတွေ့ရှိရပြန်တယ်။
ဒို့တာဝန်အရေးသုံးပါးကို အခြေခံမူအဖြစ်ထားရှိပြီး မူဝါဒဦးတည်ချက်ကိုချမှတ်ရာမှာ နိုင်ငံရေး ဦးတည်ချက်(၄)ရပ်၊ စီးပွားရေးဦးတည်ချက်(၄)ရပ်၊ လူမှုရေးဦးတည်ချက်(၄)ရပ်တို့ကို ချမှတ်ဆောင်ရွက်ခဲ့တယ်။ ဒီအထဲကမှ နိုင်ငံရေးဦးတည်ချက်(၄)ရပ်ကို ကြည့်မယ်ဆိုရင်
- နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊
- အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊
- ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေး၊
- ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေးဆိုတဲ့ဦးတည်ချက်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆောင်ရွက်နိုင်ခဲ့မှုကို ဆက်လေ့လာကြည့်ကြပါမယ်။
ဒီကာလတစ်လျှောက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအနေနဲ့ နိုင်ငံတော်မှာ ခိုင်မာတဲ့ ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာဖို့၊ ခိုင်မာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့ ကြိုးစားဆောင်ရွက်ခဲ့ရပါတယ်။ ဒီနှစ်ချက်ကိုဆောင်ရွက်ရာမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေပါဝင်နိုင်မယ့် အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွေကိုလည်း တစ်ဖက်ကဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်၊ နိုင်ငံတော်တည်ဆောက်ရေးတာဝန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတာဝန်တွေကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ငြင်းပယ်လို့မရနိုင်တဲ့ သမိုင်းအထောက်အထားတွေပါပဲ။
၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို တိုင်းရင်းသားပြည်သူလူထုများရဲ့ ထောက်ခံမဲပေးမှုနဲ့ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပခဲ့ပြီး ပါတီစုံဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးစနစ်သစ်ကို နိုင်ငံတော်မှာ အောင်မြင်စွာကျင့်သုံးနိုင်ခဲ့တယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရဟာ သူတို့ချမှတ်ထားတဲ့ ဦးတည်ချက်များအတိုင်း နိုင်ငံတော်အတွက် ဆောင်ရွက်ပေးနိုင်ခဲ့တာ အားလုံးအမြင်ပဲဖြစ်ပါတယ်။
ပထမဆုံးဒီမိုကရေစီအစိုးရဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရပါပဲ။ ပါတီစုံဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းရင်း ၂၀၁၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပခဲ့ပြီး အနိုင်ရရှိတဲ့ NLD ပါတီကို တည်ငြိမ်စွာနဲ့ပဲ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို လွှဲပြောင်းပေးနိုင်ခဲ့တယ်။ NLD ပါတီအစိုးရ ဖြစ်လာချိန်မှာလည်း ယခင်ဦးတည်ချက်တွေအတိုင်း ခရီးဆက်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ တာဝန်ယူထားတဲ့အစိုးရအနေနဲ့ မဲမသမာ
မှုတွေနဲ့အတူ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်ပြီး နိုင်ငံတော်ရဲ့အာဏာကို အတင်းအဓမ္မလုယူခြင်းဆိုတဲ့ အကျိုးသက်ရောက်မှုထိဖြစ်စေခဲ့တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ဟာ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို ပြန်လည်ရယူခဲ့ရပြန်တယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်ထိဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ ကာလပဲဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကနေ ယနေ့အထိကတော့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစိုးရရဲ့ ကာလပဲဖြစ်ပါတယ်။ ဒီဘက်ကာလကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၁၁)အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီလက်ထက်လို့လည်းဆိုနိုင်ပါတယ်။ ငါးနှစ်တာကာလမှာ ရှေ့လုပ်ငန်းစဉ်နဲ့ဦးတည်ချက်တွေကို ကာလအလိုက် အဆင့်ဆင့်ပြောင်းလဲချမှတ်ပြီး နိုင်ငံတော်ရဲ့ပကတိလိုအပ်ချက်တွေကို ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ရှေ့လုပ်ငန်းစဉ်ပဉ္စမအချက်)
“ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်)“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်စတုတ္ထအချက်)အထက်ပါ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အချက်တွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၊ ယနေ့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်ထဲက အချက်တွေပဲဖြစ်ပါတယ်။ ငါးနှစ် တာကာလအတွင်းမှာ လက်ရှိတည်ဆဲအစိုးရအနေနဲ့ စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအန္တရာယ်၊ မုန်တိုင်းအန္တရာယ်၊ ရေကြီးရေလျှံဖြစ်ပွားမှုအန္တရာယ်၊ငလျင်ဘေးအန္တရာယ် စတဲ့သဘာဝဘေးအန္တရာယ်ကြီးတွေကြားက နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို အစွမ်းကုန်ကယ်တင်စောင့်ရှောက်ပေးနိုင်ခဲ့တယ်။
ဒါ့အပြင် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူပြီး NUG၊ CRPH တို့က ပေါက်ဖွားလာတဲ့ PDF အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံ၊ စစ်ဘုရင်ဝါဒီရှင်သန်ရေးကို လက်ကိုင်ထားတဲ့ EAOs များရဲ့ နယ်မြေကျူးကျော် တိုက်ခိုက်မှုမျိုးစုံကိုလည်း အန်တုကာကွယ်ခဲ့ရပြန်ပါတယ်။
ဒါတင်မကသေးပါဘူး။ NCA (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်)မှာ လက်မှတ်ထိုးပြီးသား EAOs အဖွဲ့အချို့ပင်လျှင် NCA စာချုပ်အပေါ်တောင် သစ္စာဖောက်ခဲ့ကြပါသေးတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုပုံစံမျိုးစုံရဲ့ဒဏ်ကို နဖူးတွေ့ ဒူးတွေ့ ခါးသီးစွာခံစားခဲ့ကြရသူများဟာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးပါပဲ။
သမိုင်းရဟတ်ကို တစ်ပတ်လှည့်ခဲ့ကြတော့ သမိုင်းရဟတ်ကလည်း တစ်ပတ်ပြန်လည်ပေးရတဲ့ သဘောပါပဲ။ လက်ရှိအစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကတစ်ဖက်၊ နိုင်ငံတော်တည်ဆောက်ရေးတာဝန်များက တစ်ဖက်ကြိုးပမ်းထမ်းရွက်ရပြန်တာပေါ့။ ရှေ့လုပ်ငန်းစဉ်များရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးပြီး အနိုင်ရရှိတဲ့ အစိုးရတစ်ရပ်ထံ နိုင်ငံတော်တာဝန်တွေပြန်လည်အပ်နှင်းနိုင်ရေးကို လက်ရှိအစိုးရအနေနဲ့ မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တယ်လို့ တစ်ထစ်ချဆိုရမှာပဲဖြစ်ပါတယ်။ ယခုဆိုလျှင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကလည်းတရွေ့ရွေ့နီးကပ်လို့လာပါပြီ။
သမိုင်းကို ပြန်ဆန်းစစ်ရင် သမိုင်းထဲမှာအမှန်တရားတစ်ခုသာရှိပါတယ်။ မရေရာတဲ့ဖြစ်ရပ်အချို့ကို ငြင်းဆန်လို့ရနိုင်ပေမယ့် သမိုင်းကညွှန်းဆိုတဲ့ ပကတိတရားကိုတော့ ငြင်းဆန်လို့မရစကောင်းပါ။ သမိုင်းအဆက်ဆက်မှာ နိုင်ငံရေးပါတီများရဲ့ ခိုင်မာတောင့်တင်းမှုအားနည်းချက်များကို မြင်တွေ့ရပါမယ်။
ဒီအတိတ်သမိုင်းတွေကိုသင်ခန်းစာယူပြီး လက်ရှိပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနဲ့ မဲဆန္ဒရှင်များအတွက် သူဒီလို လမ်းညွှန်ပေးထားပါသေးတယ်။
“မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်လောင်းများသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသူဖြစ်ရန်လိုပြီး အမှန်တကယ်တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်သည့်သူများသာဖြစ်ရန်လိုကြောင်း” (၁၉-၁၀-၂၀၂၅ ရက်နေ့ နိုင်ငံတော်အကြီးအကဲ၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် လမ်းညွှန်မှာကြားမှု)
“ပါတီစုံဒီမိုကရေစီဖြစ်သည့်အတွက် နိုင်ငံရေးပါတီများသည် တရားမျှတစွာဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရန်လည်း လိုအပ်ကြောင်း” (၃၁-၉-၂၀၂၅ ရက်နေ့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၅) အစည်းအဝေးပါ လမ်းညွှန်ချက်)တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့ခင်ဗျာ။ အချက်မသိတော့ သမက်သူခိုးထင်၊ ဆက်ရက်ချိုးထင်သလို သမိုင်းမသိတော့ နိုင်ငံတော်အတွက် မခက်ပေဘူးလားဗျာ။ ဒါကြောင့် သမိုင်းသိအောင် စာစီခြယ်ပြီးပြီမို့ သမိုင်းကိုအခြေခံ မှန်ကန်တဲ့နှလုံးသားနဲ့သာ ရွေးကောက်ပွဲကြီးဆီ ချီတက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။
ထာဝရငြိမ်းချမ်းကြပါစေ….
MWD
