တာဝန်ကျေပွန်တဲ့ နိုင်ငံသားတစ်ဦးဖြစ်ဖို့ ရွေးကောက်ပွဲမှာမဲပေးပါ                   

Posted_Date

Image

တာဝန်ကျေပွန်တဲ့ နိုင်ငံသားတစ်ဦးဖြစ်ဖို့ ရွေးကောက်ပွဲမှာမဲပေးပါ                    

Body

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်း   ပုဒ်မ  ၄  တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး  နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်”ဟုပြဋ္ဌာန်းထားသည်။  ပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်”ဟု ပြဋ္ဌာန်းထားသည်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးနေသမျှ ကာလပတ်လုံး ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဟု မှတ်ယူရမည့်ရွေးကောက်ပွဲဖြစ်စဉ်ကို မလွဲမသွေဖြတ်သန်းကြရပေမည်။ “ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်၊ ဒီမိုကရေစီရှင်သန်စေရေး၏ရေသောက်မြစ်ဖြစ်သည်၊  ဒီမိုကရေစီဖြစ်ထွန်းရေး၏  ပင်စည်ပင်မဖြစ်သည်”ဟုလည်းဆိုကြပေသည်။

မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး၍ မိမိတို့ကိုယ်စား နိုင်ငံပြုပုဂ္ဂိုလ်များ ဖြစ်ကြမည့် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ကြရသည်။ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များက နိုင်ငံတော်၏ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတို့ကို တည်ဆောက်ရင်း အပြန်အလှန်ထိန်းကျောင်းရင်းဖြင့်   နိုင်ငံသားများထံမှ ဆင်းသက်လာသည့် နိုင်ငံတော်၏အချုပ်အခြာအာဏာ အရပ်ရပ်ကို နိုင်ငံသားများကိုယ်စား ကျင့်သုံးဖော်ဆောင်ကြရပေသည်။ ထို့ကြောင့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေးတို့အတွက် ပင်မ မဏ္ဍိုင်ဖြစ်သည်ဟု မှတ်ယူရပေမည်။

နိုင်ငံသားတာဝန်နှင့်နိုင်ငံသားအခွင့်အရေး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၃၆၉(က)တွင်   “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်”ဟူ၍ ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ(က)တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်”ဟုလည်းကောင်း၊ ပုဒ်မခွဲ(ခ)တွင် “ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်”ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။  သို့သော် နိုင်ငံသားအဖြစ်  ရွေးကောက်ပွဲတွင်  မဲပေးခွင့်နှင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် သက်ဆိုင်ရာဥပဒေ  ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ရန်လိုအပ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံသား တစ်ဦးအနေဖြင့်   ရွေးကောက်ပွဲတွင်  မဲပေးရန်တာဝန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတာဝန်တစ်ရပ်ဖြစ်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း  ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်နှင့်အညီ ရွေးကောက်ပွဲတွင် မဲပေးကြရမည်ဖြစ်သည်။

ဆန္ဒမဲပေးခွင့်ရှိသည့်မဲဆန္ဒရှင် မဲဆန္ဒရှင်ဆိုသည်မှာ လွှတ်တော်ရွေးကောက်ပွဲတစ်ရပ်တွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကို ဆိုသည်။

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူများသည် ဆန္ဒမဲပေးခွင့်ရှိသည်။ အဆိုပါမဲဆန္ဒရှင်စာရင်း(မဲစာရင်း)ကို ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပါအတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက မဲစာရင်းပြုစုရမည်။

ဆန္ဒမဲပေးခွင့်မရှိသူများ

     သာသနာ့ဝန်ထမ်း၊  ထောင်ဒဏ်ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသည်ဟု  သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊ လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံးမှ ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ်ခံယူထားသူများသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိပါ။

ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ

     ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့်  ကောင်စစ်ဝန်ရုံး အဆင့်ဆင့်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ အပါအဝင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များသည် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေသော အတွင်းလူနာများနှင့် ယာယီနေရပ်စွန့်ခွာနေရသူများသည် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

မဲဆန္ဒနယ်အတွင်းရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့မလာရောက်နိုင်သည့် အနာကြီးရောဂါ စွဲကပ်နေသူ၊ ရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊  သားဖွားနေသူ၊ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရသူ၊ ဆေးရုံ၌အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရသူ၊ မဲစာရင်းပါရှိရာဒေသမ ှကျော်လွန်၍  ယာယီတာဝန် သွားရောက်ထမ်းဆောင်နေရသည့် နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များသည် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

လက်ရှိနေရာတွင် အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း ရောက်ရှိနေထိုင်ပြီးဖြစ်သော မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသော   မဲဆန္ဒနယ်တွင်  ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရန် မဲစာရင်းထည့်သွင်းခြင်းကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ လျှောက်ထားနိုင်သည်။

မဲဆန္ဒနယ်ပြောင်း၍ ဆန္ဒမဲပေးခြင်း

     မဲဆန္ဒရှင်သည် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်တွင်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ မဲဆန္ဒနယ်ပြောင်းရွှေ့၍ ဆန္ဒမဲပေးလိုပါက သတ်မှတ်ထားသည့်ပုံစံနှင့်အညီ  သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားနိုင်သည်။

မဲဆန္ဒရှင်စာရင်းပြင်ဆင်ခြင်း

     မဲစာရင်းတစ်ခုမှအပ   အခြားမဲဆန္ဒနယ်၏ မဲစာရင်းတွင် တစ်ချိန်တည်းတွင် အမည်စာရင်းပါဝင်ခွင့်မရှိပါ။ မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း မရှိလျှင်လည်းကောင်း၊ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိသူ တစ်ဦး၏အမည်ပါဝင်နေကြောင်း ကန့်ကွက်လိုလျှင်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်အချို့ကို ပြင်ဆင်လိုလျှင် လည်းကောင်း၊ သတ်မှတ်ထားချက်များနှင့်အညီ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများသို့ အချိန်နှင့်တစ်ပြေးညီ လျှောက်ထားနိုင်သည်။

မဲဆန္ဒရှင်တစ်ဦး၏ အခွင့်အရေး

     လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။ လွတ်လပ်စွာ မိမိဆန္ဒနှင့်အညီမဲပေးနိုင်သည်။ ကြိုတင်ဆန္ဒမဲပေးရာတွင် ကြိုတင်ဆန္ဒမဲလက်မှတ်ရှိအမည်များကို မဖတ်တတ်လျှင် သို့မဟုတ် ဆန္ဒမဲမပေးတတ်လျှင် လည်းကောင်း၊ အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရာတွင်  မဲမပေးတတ်ပါကလည်းကောင်း မဲစာရင်း၌ပါရှိသော မိမိ၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊  သားသမီး၊  ညီအစ်ကိုမောင်နှမအရင်း တစ်ဦးဦးအား မိမိညွှန်ကြားသည့်အတိုင်း လျှို့ဝှက်ဆန္ဒပြုစေနိုင်သည်။ ယင်းပုဂ္ဂိုလ်များ မရှိခဲ့လျှင် မဲရုံတွင်ဆိုပါက မဲရုံမှူးအား အကူအညီတောင်းနိုင်သည်။ မသန်စွမ်းသူဖြစ်လျှင် မဲစာရင်း၌ပါရှိသော မိမိ၏ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊  ညီအစ်ကိုမောင်နှမ အရင်းတစ်ဦးဦး သို့မဟုတ် မသန်စွမ်းသူကိုယ်တိုင် ရွေးချယ်သူတစ်ဦးဦး၏အကူအညီဖြင့်   ဆန္ဒမဲပေးခွင့်ရှိသည်။ ရွေးကောက်ပွဲမကျင်းပမီသော်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပနေစဉ်သော် လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပပြီးသည့်နေ့မှစ၍ ၁၅ ရက်အတွင်းသော် လည်းကောင်း ရွေးကောက်ပွဲပြစ်မှုများနှင့် စပ်လျဉ်း၍  သက်သေအထောက်အထား ခိုင်လုံစွာဖြင့် သက်ဆိုင်ရာရဲစခန်းသို့ တိုင်တန်းနိုင်သည်။ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရွေးကောက်ပွဲကုန်ကျစရိတ်ငွေစာရင်း မိတ္တူမှန်ကို တစ်မျက်နှာလျှင် ငွေကျပ် ၁၀၀၀ ပေးဆောင်၍ ရယူခွင့်ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်   ရွေးကောက်တင်မြှောက်ခြင်းခံရသူအား ကန့်ကွက်သောကန့်ကွက်လွှာကို ယင်းရွေးကောက်ပွဲနှင့်စပ်လျဉ်း၍  ဆီလျော်သော အကြောင်းပြချက်များကိုဖော်ပြပြီး   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့   သတ်မှတ်ထားသည့်အတိုင်း လျှောက်ထားနိုင်ခွင့်ရှိသည်။

မဲရုံသို့သွားကာမဲပေးကြပါစို့

     မိမိ၏အမည်စာရင်းပါရှိသည့် သက်ဆိုင်ရာမဲရုံသို့  နံနက် ၆ နာရီမှ  ညနေ ၄ နာရီအတွင်း  ကိုယ်တိုင်သွားရောက်၍  မိမိကြိုက်နှစ်သက်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးနိုင်သည်။  မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရန်  လျှို့ဝှက်ဆန္ဒပြုခန်းများ၊   အီလက်ထရောနစ်မဲပေးစက်များ၊ သက်ဆိုင်ရာလွှတ်တော်မဲပုံးများ၊   ဘောပင်များ၊ လက်သန်းမင်တို့သည့်မင်များကို စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိသည်။

မဲရုံတွင်မဲပေးရာတွင်   ဥပဒေနှင့်အညီ  လိုက်နာဆောင်ရွက်ပါ

     ရွေးကောက်ပွဲတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့်  ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်းမပြုနိုင်စေရန်  အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးဦးအား ဆန္ဒမဲပေးခြင်းမပြုနိုင်စေရန် နှောင့်ယှက်ခြင်း  သို့မဟုတ် နှောင့်ယှက်ရန်  အားပေးကူညီခြင်းမပြုလုပ်ရပါ။ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ဖတ်ရှု၍မရစေရန်  ပြုလုပ်ခြင်းတို့မပြုလုပ်ရပါ။

အီလက်ထရောနစ်မဲပေးစက်များအား တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း မပြုလုပ်ရပါ။ ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအား ပေးခြင်းမပြုလုပ်ရပါ၊  ဆန္ဒမဲလက်မှတ်မှအပ အခြားပစ္စည်းတစ်ခုခုကို မဲပုံးအတွင်းသို့ထည့်သွင်းခြင်း၊   မဲပုံးကို   အခွင့်မရှိဘဲယူဆောင်သွားခြင်း၊ မဲလက်မှတ်ကို ဖျက်ဆီးခြင်းမပြုလုပ်ရပါ၊ မဲဆန္ဒနယ်တစ်နယ်ထက်ပိုမဲပေးခြင်း၊ လွှတ်တော်မဲဆန္ဒနယ်တွင်   တစ်ကြိမ်ထက်ပိုမဲပေးခြင်း   မပြုလုပ်ရပါ၊ သူတစ်ပါးအယောင်ဆောင်၍ မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပစဉ် မဲရုံအတွင်းသို့ အခွင့်မရှိဝင်ရောက်ခြင်းမပြုလုပ်ရပါ၊ အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်တစ်ခုခုကိုဖြစ်စေ၊ အများကိုဖြစ်စေ မဲပုံးအတွင်းသို့ ထည့်သွင်းခြင်းမပြုလုပ်ရပါ၊ ဆန္ဒမဲပေးသည့်နေ့တွင် ဆန္ဒမဲပေးရန်လာရောက်သူများ စိတ်ငြိုငြင်စေရန် သို့မဟုတ် မဲရုံတွင်တာဝန်ကျသော မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဝတ္တရားဆောင်ရွက်ခြင်းကို အနှောင့်အယှက်ဖြစ်စေရန် မဲရုံအတွင်း၌ဖြစ်စေ  မဲရုံမှ ကိုက်၅၀၀ အတွင်း၌ဖြစ်စေ အသံချဲ့စက်အစရှိသောအသံကို ကျယ်အောင်ပြုလုပ်သည့် ကိရိယာတန်ဆာပလာ သုံးစွဲခြင်း၊  အော်ဟစ်ခြင်းမပြုလုပ်ရပါ။  မဲရုံမှူး သို့မဟုတ် တာဝန်ကျရဲတပ်ဖွဲ့ဝင် သို့မဟုတ် လုံခြုံရေးတာဝန်ရှိသူ၏  ဆောင်ရွက်ပြောကြားချက်များကို လေးစားလိုက်နာရန် တာဝန်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံသားတိုင်းမဲပေးခွင့်ရရှိစေရန်နှင့် ဥပဒေနှင့်အညီမဲပေးနိုင်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားများ အနေဖြင့်လည်း  ဥပဒေအားလိုက်နာဆောင်ရွက်၍  စနစ်တကျမဲပေးကြရန်တာဝန်ရှိသည်။ သို့ဖြစ်၍ နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့်   မိမိတို့တိုင်းပြည်ကို   မိမိတို့လက်ဖြင့် တည်ဆောက်ဖို့  မဲရုံသို့သွားကာမဲပေးကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။   ။

MWD