သမိုင်းကပေးသောသင်ခန်းစာများနှင့် အနာဂတ်အတွက်မျှော်မှန်းချက်

Posted_Date

Image

သမိုင်းကပေးသောသင်ခန်းစာများနှင့် အနာဂတ်အတွက်မျှော်မှန်းချက်

Body

သမိုင်းဆိုသည်မှာအတိတ်မှာကျန်ခဲ့သည့်အကြောင်းအရာသက်သက်သာမကဘဲ မျက်မှောက်ခေတ်မှာ ကြုံတွေ့နေရသည့်အခက်အခဲ၊ အကျပ်အတည်းနှင့်စိန်ခေါ်မှုများအတွက် သင်ခန်းစာယူစရာ၊ တွေးဆဆင်ခြင်စရာအကြောင်းအရာများကို ပေးတတ်သည့်အရာဖြစ်သည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအတွက် သမိုင်းကြောင်းသည် မှန်ချပ်တစ်ခုသဖွယ်ဖြစ်သည်။ ထိုမှန်ချပ်ထဲတွင် အတိတ်၏ကောင်းခြင်း၊ဆိုးခြင်း၊ အောင်ပွဲများ၊ ဆုံးရှုံးမှုများ၊ စည်းလုံးညီညွတ်မှုနှင့် ပြိုကွဲမှုများကို ပြတ်ပြတ်သားသားမြင်နိုင်သည်။သမိုင်းသည်  မှန်ကန်သည့်အချက်အလက်များအပေါ်အခြေခံ၍ သင်ယူရမည့်ပညာရပ်ဖြစ်သည်။

မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် တပ်မတော်သည်လွတ်လပ်ရေးကြိုးပမ်းမှုမှစတင်၍   နိုင်ငံတော်ကာကွယ်ရေး၊ စည်းရုံးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။ ထို့ကြောင့်တိုင်းရင်းသားပြည်သူများအနေဖြင့်   သမိုင်းမှသင်ခန်းစာယူကာ  မှန်ကန်သောလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန်လိုအပ်သည်။

နိုင်ငံတကာတွင် တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်  ပြည်ပရန်ကာကွယ်ရန် အတွက်သာတာဝန်ရှိသော်လည်း  မြန်မာ့သမိုင်းဖြစ်စဉ်နှင့် ပထဝီနိုင်ငံရေးအခြေအနေ၊  အခက်အခဲအကျပ်အတည်းများကြောင့် “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ”တွင်ပါဝင်၍ တပ်မတော်မှ တာဝန်ထမ်းဆောင်ခဲ့သည်မှာ ထူးခြားသည့်သမိုင်းမှတ်တမ်းတစ်ခုပင်ဖြစ်သည်။

တပ်မတော်၏အစသည်  မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် တစ်ထပ်တည်းကျနေသည်။ နယ်ချဲ့ဖက်ဆစ်ကို တော်လှန်တိုက်ထုတ်ရန်အတွက် စတင်ဖွဲ့စည်းခဲ့သည့် ရဲဘော်သုံးကျိပ်မှသည် မြန်မာ့တပ်မတော်အဖြစ်  အုတ်မြစ်ချခဲ့သည်အထိ အမျိုးသားရေးစိတ်ဓာတ်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည်  မျိုးချစ်စိတ်ဓာတ်ဖြင့် ပေါက်ဖွားလာပြီးနိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုအခြေခံ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးမကြာမီပင် မြန်မာနိုင်ငံသည် ရန်ကုန်အစိုးရဟုအခေါ်ခံရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ရောင်စုံသောင်းကျန်းမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ ပြည်တွင်းပြိုကွဲမည့်အရေးအခင်းများသည် နိုင်ငံတော်ကို ဝါးမြိုမတတ်ခြိမ်းခြောက်ခဲ့သည်။နိုင်ငံရေးခေါင်းဆောင်များအချင်းချင်း အကွဲကွဲအပြားပြားဖြစ်ပြီး နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား ရပ်တန့်လုနီးပါးဖြစ်ခဲ့သည့် ၁၉၅၈ ခုနှစ် အရေးတော်ပုံ၊ ဖက်ဒရယ်မူခွဲထွက်ရေးကိစ္စများကြောင့်  ၁၉၆၂  ခုနှစ်တွင် နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်မှကာကွယ်ရန် တပ်မတော်သည်နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာတာဝန်ယူထိန်းသိမ်းခဲ့ရသည်။ ထိုဖြစ်စဉ်များသည် နိုင်ငံရေးတွင်တပ်မတော်သည် သမိုင်းပေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်းကို ဓမ္မဓိဋ္ဌာန်ကျကျဆင်ခြင်သုံးသပ်ရန်လိုသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကာလအတွင်း ၁၉၈၀ ပြည့်လွန်နှစ်ရောက်ရှိချိန်တွင် နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး မှောင်ခိုဈေးကွက်ကြီးမားလာခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကြောင့် နိုင်ငံ့ဘဏ္ဍာများဆုံးရှုံးလာခြင်း၊  ကုန်ထုတ်စွမ်းအားကျဆင်းခြင်း၊ မသမာသူ  နိုင်ငံရေးသမားအချို့၏ ပယောဂနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့်အစိုးရအပေါ်အထွေထွေမကျေနပ်မှုများဖြစ်ပေါ်လာခြင်း၊ ပြည်ပ အသံလွှင့်ဌာနများမှ အမျိုးမျိုးသောသတင်းအမှားများထုတ်လွှင့်ပြီး သွေးထိုးလှုံ့ဆော်ခြင်း၊ ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံများဖျက်ဆီးခံရပြီး ရဲစခန်းများအားမီးရှို့ခြင်း၊  လူသတ်ခြင်း၊  အရပ်သားပြည်သူများအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းများဖြစ်ပေါ်လာသည်အထိ မင်းမဲ့စရိုက် လွှမ်းမိုးလာသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင်ဆူပူမှုအရေးခင်းကြီးတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။  

အဆိုးဆုံးအခြေအနေမှာ  ပြည်ထောင်စုပြိုကွဲ၍ အချုပ်အခြာအာဏာလက်လွှတ်ဆုံးရှုံးတော့မည်ဖြစ်သဖြင့်  ဒို့တာဝန်အရေးသုံးပါးကို  အမျိုးသားရေးတာဝန်အဖြစ် ဦးထိပ်ထားသောကြောင့် တပ်မတော်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင်နိုင်ငံတော်တာဝန်အရပ်ရပ်ကို  ထိန်းသိမ်းလိုက်ရသည်။ တပ်မတော်သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အချိန်ကာလများတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့မအား ညမအား ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်တာဝန်ကိုဦးဆောင်နေရသည့်တပ်မတော်အနေဖြင့်   နိုင်ငံ့အကျိုးကိုသာ  ရှေးရှုဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပေးကာနယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ပေးခဲ့သည်။

ဒီမိုကရေစီဒုတိယသက်တမ်းကာလတွင်   ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများ နိုင်ငံခြားသားအကြံပေးများဖြင့် နိုင်ငံတော်တာဝန်ကိုဆောင်ရွက်ခဲ့ပြီး တပ်မတော်၏ နိုင်ငံရေးအချက်အချာကျမှုကို ပယ်ဖျက်ရန်အတွက် တပ်မတော်ကိုမုန်းတီးစေသည့်  ရေးသားပြောဆိုမှုများ၊ လှုံ့ဆော်မှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍လုပ်ဆောင်ခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။ထို့ပြင်စီးပွားရေး၊အုပ်ချုပ်ရေးနှင့်အခြားကဏ္ဍအသီးသီးတွင်လည်းလုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲနိုင်ငံတော်မှာအဘက်ဘက်မှအားနည်းခဲ့ရသည်။ဒုတိယဒီမိုကရေစီအစိုးရအနေဖြင့်၎င်းတို့၏အာဏာဆက်လက်တည်တံ့စေရန်၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်ခဲ့ပြီး မဲမသမာမှုများအားဖြေရှင်းပေးရန်နိုင်ငံရေးပါတီများနှင့် တပ်မတော်မှ  အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း  ဖြေရှင်းဆောင်ရွက်ပေးမှုမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့သည်။  ထို့ကြောင့် တပ်မတော်အနေဖြင့်  နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို မလွှဲမရှောင်သာ ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။

သမိုင်းသည် အတိတ်၏မှတ်တိုင်များသာမက အနာဂတ်အတွက် သင်ခန်းစာများကိုလည်း ပေးစွမ်းနိုင်သည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ခြင်းဖြင့် တပ်မတော်သည် ယနေ့အချိန်အခါမှ ပေါ်ပေါက်လာသည့် တပ်မတော်တစ်ရပ်မဟုတ်ဘဲ ခေတ်အဆက်ဆက်ကတည်းက နိုင်ငံ့သမိုင်းနှင့်အတူယှဉ်တွဲပေါ်ထွန်းခဲ့သည် မျိုးချစ်တပ်မတော်ဖြစ်သည်။ တပ်မတော်မှနိုင်ငံတော်အာဏာကို ထိန်းသိမ်းထား သည့်ကာလများတွင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများသည် တပ်မတော်၏ပုံရိပ်ကိုကျဆင်းစေရန်နှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေရန်ရည်ရွယ်၍သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။  ထိုသို့သောလုပ်ရပ်များသည်  တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိခိုက်စေပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် သတင်းအချက်အလက်များနှင့်ပတ်သက်၍  ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြားသုံးသပ်နိုင်ရန်လိုအပ်သည်။  ဓမ္မဓိဋ္ဌာန်ကျသည့် အမြင်ဆိုသည်မှာ သတင်းအချက်အလက်များကိုမှန်ကန်စွာစိစစ်ခြင်း၊သမိုင်းဆိုင်ရာအထောက်အထားများနှင့် ယှဉ်တွဲဆင်ခြင်ခြင်းနှင့်  ဘက်လိုက်မှုကင်းစွာ သုံးသပ်ခြင်းတို့ဖြစ်သည်။

တပ်မတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာမဆုံးရှုံးရလေအောင် အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ရပြီးဖြစ်သည်။ နိုင်ငံရေးရေစီးကြောင်းတွင်လည်း အနေအထားအမျိုးမျိုးဖြင့် လိုက်ပါလာခဲ့ရပြီးဖြစ်သည်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ရှေ့တန်းစခန်းအသီးသီး၊ နယ်မြေအသီးသီးတွင် သူရသတ္တိရှိစွာဖြင့် ရန်သူများ ကိုချေမှုန်းခဲ့ကြသလို နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးတာဝန်များတွင်လည်းပီပီပြင်ပြင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့လွတ်လပ်ရေးမဆုံးရှုံးအောင် ကာကွယ်စောင့်ထိန်းခဲ့သည်ကို အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း  မြင်တတ်၊ သိတတ်သူများအနေဖြင့် တပ်မတော်၏ဆောင်ရွက်ချက်များကို ကြိုဆိုလက်ခံခဲ့ကြပြီး အဆိုးမြင်ဝါဒီများနှင့် ဆန့်ကျင်ဘက်အဖျက်သမားများသည် နိုင်ငံတော်အား အမျိုးမျိုးအဖုံဖုံနှောင့်ယှက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ယနေ့ခေတ် ဆန့်ကျင်ဘက်အဖျက်သမားများ၊ အဆိုးမြင်ဝါဒီများ၏ သတင်းအမှားများဖြန့်ဝေခြင်းနှင့် မျက်ကန်းအမုန်းတရားလှုံ့ဆော်မှုများသည် တိုင်းရင်းသားပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုပြိုကွဲစေရန် ခြိမ်းခြောက်နေသည်။အသိဉာဏ်ကင်းမဲ့မှုမှဖြစ်ပေါ်လာသော  အမုန်းတရားသည် အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးအတားအဆီးဖြစ်သည်။ ထို့ကြောင့်ပြည်သူများအနေဖြင့် သတင်းအချက်အလက်များကို ဓမ္မဓိဋ္ဌာန်ကျကျစိစစ်သုံးသပ်ရန် လွန်စွာအရေးကြီးသည်။  လူတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုကိုဘာကြောင့်မှန်းမသိ ခိုင်မာသည့်အကြောင်းပြချက်မရှိမုန်းတီးနေခြင်းမှာ  အကြောင်းမဲ့မုန်းတီးခြင်းဖြစ်သည်။  ဘာကြောင့်မုန်းရမည်မှန်းမသိ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ကြားရသည့်သတင်းမှား၊အယူအဆများကြောင့်လည်း  မုန်းတတ်ကြသည်။ အကျိုးသင့်အကြောင်းသင့်စဉ်းစားရန်  သူတို့တွင်အသိပညာမရှိသောကြောင့်လည်း  ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် မှိုင်းမိပြီးမုန်းခြင်းလည်းဖြစ်သည်။  

အကြောင်းမသိဘဲ အကြောင်းမဲ့သက်သက်မုန်းတီးခြင်းမှာအလွန်ဆိုးသည်။ ထိုမုန်းတီးခြင်းမျိုးမှာ အသိဉာဏ်ကင်းမဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားဖြစ်သည်။ 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်မှုသည်  လွန်စွာအရေးပါသည်။  တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည်  ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် လက်ရှိဖြစ်ပွားနေသည့်  ပဋိပက္ခများအားလျှော့ချရန်နှင့်  အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြေခံလိုအပ်ချက်လည်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် လူမျိုးရေး၊ ဘာသာရေး၊ ဒေသဆိုင်ရာကွဲပြားမှုများထက်  နိုင်ငံတော်အပေါ်သစ္စာစောင့်သိသော“အမျိုးသားရေးစိတ်ဓာတ်”ကို တည်ဆောက်ရာတွင် အရေးပါဆုံးအခန်းကဏ္ဍမှ ပါဝင်သည်။

သမိုင်းကြောင်းကို  မှန်ကန်စွာသိရှိခြင်းသည် အနာဂတ်အတွက်  မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်နိုင်ရန်အထောက်အကူပြုသည်။ တပ်မတော်အင်အားရှိမှ  တိုင်းပြည်အင်အားရှိမည်ဆိုသည့်စကားရပ်သည် လက်ရှိနိုင်ငံတကာဖြစ်စဉ်များအရ ပိုမိုအရေးပါလာသည်။ အနာဂတ်အတွက် မျှော်မှန်းချက်အရ၊ နိုင်ငံတော်သည် မှန်ကန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန်အတွက်ရွေးကောက်ပွဲသည် သမိုင်းကပေးသောသင်ခန်းစာအရ မဖြစ်မနေကျင်းပရမည့်  အခြေခံလိုအပ်ချက်လည်း ဖြစ်သည်။    စည်းမျဉ်းစည်းကမ်းများနှင့်အညီ တည်ငြိမ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပခြင်းဖြင့်သာ နိုင်ငံရေးထွက်ပေါက်ကို ရှာဖွေ နိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ဆန္ဒကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။

ခေတ်အဆက်ဆက် နိုင်ငံတော်အတွက် အသက်၊ သွေး၊ ချွေးများကိုပေးဆပ်ကာကွယ်ခဲ့သော မျိုးချစ်တပ်မတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးတို့၏ စည်းလုံးညီညွတ်မှုဖြင့်သာ  ငြိမ်းချမ်း၊  တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ပြည်ထောင်စုနိုင်ငံ‌တော် ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ရသည်။     ။

MWD