ယဉ်ကျေးချေငံစွာ ပြောဆိုတတ်ပါစေ
Posted_Date
Image
Body
ကျွန်ုပ်တို့သည် လူသားအချင်းချင်း ဆက်သွယ်မှုပြုရာတွင် စကားကိုကြားခံဆက်သွယ်ရေး ကိရိယာအဖြစ်အသုံးပြုကြရသည်။ ထိုသို့အသုံးပြုပြောဆိုရာတွင် မိမိပြောဆိုလိုသော အချက်ကို အဓိပ္ပာယ်ရှိပြီး တစ်ဖက်လူနားလည်အောင် ပြောဆိုရသကဲ့သို့ နာယူလက်ခံချင်စိတ်ဖြစ်ပေါ်အောင်လည်း ပြောဆိုရသည်။ တစ်ဖန်သုံးနှုန်းပြောဆိုသော စကားလုံးများကိုလည်း ဆီလျော်အောင်ရွေးချယ်၍ ယဉ်ကျေးချေငံအောင် ပြောဆိုကြရသည်။ မြန်မာစကားတွင် ပြောသူနှင့်နာသူတို့၏ အသက်အရွယ်၊ အဆင့်အတန်း၊ ကျား၊ မ ကွဲပြားမှုများကိုလိုက်၍ ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျုပ်၊ တပည့်တော်၊ မင်း၊ ခင်ဗျား၊ နင်၊ ညည်း၊ အရှင်ဘုရား စသည်ဖြင့် ဆီလျော်သောနာမ်စားများကိုသုံး၍ ပြောဆိုကြသည်။ ထိုမျှနှင့် ယဉ်ကျေးချေငံစွာ ပြောဆိုတတ်ရန် ပြည့်စုံပြီလားဟုမေးလျှင် မပြည့်စုံသေးဟုဖြေရမည်။ မိမိပြောဆိုသောစကားသည် နာယူသူအတွက် အကျိုးရှိအောင်ပြောဆိုနိုင်မှသာ အမှန်တကယ် ယဉ်ကျေးချေငံစွာ ပြောဆိုတတ်သည်ဟုဆိုရပါမည်။
စကားပြောဆိုရာ၌ ခင်ဗျား၊ ကျွန်တော်၊ ရှင်၊ ကျွန်မ စသော ယဉ်ကျေးချေငံမှုဖြစ်စေမည့် နာမ်စားများကိုသုံး၍ ပြောဆိုမှုသာမက ပြောသူနှင့်နာသူတို့ သဟဇာတဖြစ်မှု၊ အတူပေါင်းဖွဲ့လိုမှု၊ နာသူအတွက် ဝန်မပိုမှု၊ အကျိုးရှိမှုတို့ဖြစ်အောင် ပြောဆိုရသည်။ ထိုသို့ပြောဆိုမှသာ ယဉ်ကျေးချေငံမှုဖြစ်သည်ဟု လက်တွေ့ အတ္ထဗေဒကဆိုပါသည်။ အတ္ထဗေဒပညာရှင် လိချ်က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်စကား ပြောဆိုရာတွင် ယဉ်ကျေးချေငံမှုဖြစ်စေရန် လိုက်နာရမည့် လမ်းညွှန်(၆)ရပ်ရှိသည်ဟု ဆိုသည်။ ၎င်းတို့မှာ လိမ္မာပါးနပ်မှုလမ်းညွှန်၊ ရက်ရောမှုလမ်းညွှန်၊ အသိအမှတ်ပြုမှုလမ်းညွှန်၊ မိမိကိုယ်ကို နှိမ့်ချမှုလမ်းညွှန်၊ သဘောတူညီမှုလမ်းညွှန်၊ စာနာမှုလမ်းညွှန်တို့ဖြစ်သည်။
မိမိက တစ်ဖက်လူနှင့် ပြောဆိုဆက်ဆံသောအခါ တစ်ဖက်လူတွင် ဝန်ပိုသွားစေမည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောဆိုရသည်။ ဤသို့ပြောဆိုရာတွင် မိမိစကားကို ကြားနာရသူ ဝန်တာမလေးအောင် ဖော့၍သုံးသည့် စကားမျိုးဖြင့် ပြောဆိုရန်လိုသည်။ သာဓကအားဖြင့်တင်ပြရလျှင် ဆရာအလာကိုစောင့်နေရသူတို့အား ဝန်လေးစိတ်မဖြစ်စေရန် “ခဏကလေးစောင့်ပါ။
ဆရာလာပါလိမ့်မယ်” ဟု ပြောဆိုပေးခြင်းမျိုးဖြစ်သည်။ မိမိကအခြားသူထံမှ အကူအညီရယူလိုသည့်အခါတွင်လည်း “အကူအညီကလေး တစ်ခုလောက်လိုချင်လို့ပါ” ဟူသောစကားမျိုးကို ဦးစွာပြောဆိုသင့်သည်။ ဤစကားများတွင် “ခဏကလေး”၊ “အကူအညီကလေး” ဟူသော သုံးနှုန်းပြောဆိုမှုသည် တစ်ဖက်လူအတွက် ဝန်မလေးသော အသေးအဖွဲကိစ္စလေးအဖြစ် စိတ်ထဲ၌ ခံယူသွားအောင်ပြောဆိုလိုက်ခြင်းဖြစ်သည်။
နောက်တစ်မျိုးမှာ ကြားနာသူအကျိုးရှိစေမည့် အဖြစ်မျိုးကို များနိုင်သမျှများအောင် အစွမ်းကုန်မြှင့်တင် ပြောဆိုပေးခြင်းဖြစ်သည်။ ထိုစကားမျိုးတွင် မိမိစကားကိုကြားနာသူအား အလေးထားသည့် သဘောထင်ရှားအောင် လိမ္မာပါးနပ်စွာပြောဆိုခြင်းမျိုးပါဝင်သည်။ စားသောက်ဆိုင်တွင် မိမိ၏မိတ်ဆွေကိုဧည့်ခံရာ၌ “ကြိုက်တာမှာပါ”ဟု ရွေးချယ်ခွင့်ပေးလိုက်ခြင်းမျိုး ဖြစ်သည်။ သို့သော် ကြားနာသူ အကျိုးရှိမည့်ကိစ္စမျိုးဖြစ်လျှင် သွယ်ဝိုက်ပြောဆိုမနေဘဲ တိုက်ရိုက်ပြောဆိုသင့်သည်။ သာဓကအားဖြင့် “ရော့ မင်းဖို့ ဒံပေါက်ဝယ်လာတယ်၊ စား”ဟု မိမိ၏ မိတ်ဆွေသူငယ်ချင်းကို ပြောဆိုခြင်းမျိုးဖြစ်သည်။ ဖော်ပြခဲ့သော စကားပြောနည်းလမ်းညွှန်များသည် လိမ္မာပါးနပ်မှုလမ်းညွှန်များပင်ဖြစ်သည်။
မိမိပြောဆိုသည့်စကားတွင် မိမိကိုအကျိုးရှိစေမည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောဆိုရမည်။ တစ်နည်းအားဖြင့် မိမိနစ်နာလျှင် နစ်နာပါစေဟူသော သဘောဖြင့် ပြောသောစကားမျိုးကို ပြောဆိုရမည်။ သာဓကတင်ပြရလျှင် မိမိအိမ်သို့ အလည်အပတ်လာသော မိတ်ဆွေနေမကောင်းဖြစ်သည့်အခါ ဆေးခန်းသို့ လိုက်ပြပေးကာ “ငါ ပိုက်ဆံကုန်တာ ကိစ္စမရှိပါဘူး။ အားမနာပါနဲ့၊ မင်းရောဂါသက်သာဖို့က အရေးကြီးတယ်” ဟူသော ပြောဆိုခြင်းမျိုးကိုဆိုလိုပါသည်။ ဖော်ပြခဲ့သော စကားပြောဆိုခြင်းမျိုးကို ရက်ရောမှုစကားပြော လမ်းညွှန်ဟုသတ်မှတ်ပါသည်။
တစ်ဖန် မိမိသည်တစ်ဖက်လူ၏ အားနည်းချက်၊ ပျော့ကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး ရောက်စေမည့်စကားမျိုးကို နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောဆိုရမည်။ သို့သော် တစ်ဖက်လူ၏ အားသာချက်၊ ကောင်းကွက်များကို ဖော်ထုတ်သည့်စကားမျိုးကိုကား များနိုင်သမျှများအောင် အစွမ်းကုန်မြှင့်ပြောရမည်။ ဤနည်းလမ်းသည် လူမှုဆက်ဆံရေးတွင် အလွန်အရေးပါ၍ ထိရောက်သောစကားပြော နည်းလမ်းဖြစ်သည်။ မည်သူမဆို မိမိ၏အားနည်းချက်၊ ပျော့ကွက်များကို ပြောဆိုမှုကို သဘောကျမည်မဟုတ်ပေ။ မိမိ၏အားသာချက်၊ကောင်းကွက်များကို များများပြောဆိုခြင်းကိုမူ လူတိုင်းနှစ်သက်ကြလေသည်။ သာဓကအားဖြင့် “အဲဒီပုဂ္ဂိုလ်က သိပ်စိတ်ကောင်းရှိတာပဲနော်”ဟု မိတ်ဆွေကပြောဆိုလာသည့်အခါ အချီးမွမ်းခံပုဂ္ဂိုလ်အပေါ် အလွန်အသိအမှတ် မပြုလိုသော်လည်း “ဪ-အင်း”ဟု အသံပြုပေးခြင်းမျိုးဖြစ်သည်။ တစ်ဖန်ကြားနာသူ၏ ကောင်းကွက်ကို အသိအမှတ်ပြုလိုသည့်အခါ “သူငယ်ချင်းက ဟင်းချက်သိပ်ကောင်းတာပဲနော်။ အရသာရှိလိုက်တာ” ဟူသော စကားပြောခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့သော စကားပြောနည်းလမ်းညွှန်ကို တစ်ဖက်လူအားအသိအမှတ်ပြုမှုလမ်းညွှန်များဟု သတ်မှတ်ထားသည်။
ကျွန်ုပ်တို့သည် ယဉ်ကျေးချေငံစွာပြောဆိုရာ၌ မိမိကိုယ်ကို နှိမ့်ချပြောဆိုတတ်ရမည်။ အများအားဖြင့် ကျွန်ုပ်တို့သည် မိမိတော်ကြောင်း၊ တတ်ကြောင်း အားသာချက်များကိုသာ ထုတ်ဖော်ပြောဆိုမိတတ်ကြသည်။ ထိုပြောဆိုမှုမျိုးကို ကြိုက်နှစ်သက်သူ နည်းပါးတတ်သည်။ သူတော်ကြောင်း ကြွားဝါ နေသည်၊ ကိုယ်ရည်သွေးနေသည်ဟုသာ ထင်မှတ်တတ်ကြပြီး မနာလိုဝန်တိုမှုများလည်း ဖြစ်တတ်ပေသည်။ ထို့ကြောင့် မိမိ၏အားသာချက်၊ ကောင်းကွက်များကိုဖော်ထုတ်သည့်အဖြစ်မျိုး နည်းနိုင်သမျှ နည်းအောင် အစွမ်းကုန် လျှော့ချပြောဆိုရမည်။
မိမိ၏အားနည်းချက်၊ ပျော့ကွက်တို့ကိုကား အစွမ်း ကုန်မြှင့်ပြောရမည်။ သာဓကအားဖြင့် “ ဒီကိစ္စမှာ ကျွန်တော်မှားတာပါ။ ကျွန်တော့်အပြစ်ပါ”ဟုမိမိ၏ အားနည်းချက်ကို ထုတ်ဖော်ဝန်ခံခြင်းမျိုးဖြစ်သည်။ တစ်ဖန်မိမိကမည်မျှပင်တော်နေပါစေ“ဒီဘာသာရပ်အကြောင်း ကျွန်တော်မသိပါဘူး။ ကျွန်တော်သိချင်တာလေးမေးပါရစေ”ဟု မိမိကိုယ်ကိုနှိမ့်ချပြောဆိုခြင်းမျိုးဖြစ်သည်။
တစ်ဖက်လူနှင့်စကားပြောသည့်အခါ မိမိနှင့်တစ်ဖက်လူတို့ သဘောထားကွဲလွဲနိုင်မည့် အဖြစ်မျိုးနည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချ ပြောဆိုရမည်။ တစ်ဖန် မိမိနှင့်တစ်ဖက်လူတို့ သဘောတူညီမှုရရှိစေသည့် စကားမျိုးကို များနိုင်သမျှများအောင် အစွမ်းကုန်မြှင့်ပြောရမည်။
တစ်နည်းအားဖြင့် သဘောထားချင်းတူသည့် စကားမျိုးကိုချဲ့ထွင်၍ များများပြောဆိုပေးခြင်းမျိုးဖြစ်သည်။ သာဓကအားဖြင့် “ဒီရုပ်ရှင်က သိပ်ကောင်းတာပဲနော် ”ဟုတစ်ဖက်က ပြောဆိုလာသောအခါ “မကောင်းပါဘူးဗျာ။ လုံးဝလုံး၀ပဲ”ဟု ဆန့်ကျင်ဘက်စကားမျိုးကိုပြောဆိုလျှင် မိမိအားစကားပြော မယဉ်ကျေးဟု သတ်မှတ်ပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် မိမိမနှစ်သက်သော ရုပ်ရှင်ဖြစ်သော်လည်း “အင်း ကောင်းပါတယ်။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေက တမင်လုပ်ထားသလိုပဲဗျာ”ဟု သူ့စကားကိုလည်း အတန်အသင့်ထောက်ခံလိုက်ပြီး မိမိအမြင်ကိုလည်း အနည်းငယ်ဖော်ပြ ပြောဆိုလိုက်ခြင်းမျိုးသည် အချင်းချင်း သဘောတူညီမှုကိုဖြစ်စေပါသည်။
မိတ်ဆွေ၏ ဝမ်းသာစရာသတင်းကို ကြားရသည်ဖြစ်စေ၊ ဝမ်းနည်းစရာသတင်းကို ကြားရသည်ဖြစ်စေ မိတ်ဆွေအတွက် စာနာမှုဖြင့် လိုလားနှစ်သက်မှုဖြစ်အောင် ပြောဆိုရသည်။ မိမိနှင့် တစ်ဖက်လူတို့အကြား စာနာနားလည်မှု ပွားများစေနိုင်သည့် အဖြစ်မျိုးကို များနိုင်သမျှများအောင် အစွမ်းကုန်မြှင့်ပြောရမည်။ မိမိနှင့် တစ်ဖက်လူတို့ကြားတွင် မလိုလားမှုပွားများစေနိုင်သော အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောဆိုရမည်။
သာဓကအားဖြင့် မိတ်ဆွေ၏ အောင်မြင်မှုတစ်ခုခုကို ကြားသိရသည့်အခါ “ ဝမ်းမြောက်ပါတယ်” ဟူသောစကားကို ပြောဆိုပေးရမည်။ မိတ်ဆွေ၏ ဆုံးရှုံးနစ်နာမှု တစ်ခုခုကိုကြားရလျှင်မူ “ဝမ်းနည်းပါတယ်” ဟူသောစကားကို ပြောပေးခြင်းမျိုးဖြစ်သည်။
လူတစ်ယောက်သည် သူ၏ အများနှင့်ပြောဆိုဆက်ဆံမှု ယဉ်ကျေးချေငံမှု ရှိ၊ မရှိပေါ်တွင်မူတည်၍ လူများ၏ နှစ်သက်မှုအနည်းအများကို ရရှိစေကြောင်းတွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားစကားပုံတစ်ခုတွင် “စကားကြမ်း၍ နွားနောက်လျော်ရသည်”ဟူသော စကားပုံရှိသည်။ စာဆိုရှင်မဟာရဋ္ဌသာရက “တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ”ဟု ဆုံးမလမ်းညွှန် ရေးသားခဲ့သည်။ထို့ကြောင့် လူများနှင့်ဆက်ဆံရာတွင် မိမိနှင့်အခြားသူ၏အကျိုးရှိမှု၊ ဝန်ပိုမှုဟူသော အစွန်းနှစ်ဖက်ကို မူတည်၍ စဉ်းစားပြောဆိုလျှင် ယဉ်ကျေးချေငံသော စကားကို ပြောဆိုနိုင်ပေလိမ့်မည်။ မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိစေသောစကားကို တိုက်ရိုက်ပြောဆို ပေးရမည်ဖြစ်ပြီး ဝန်ပိုမှုဖြစ်စေသော စကားကိုရှောင်ကြဉ်ရမည်။ တစ်နည်းအားဖြင့် မိမိအကျိုးကိုရှေးရှုသော စကားမျိုးကို အစွမ်းကုန်လျှော့ပြောပြီး မိမိအတွက်ဝန်ပိုစေမည့် စကားမျိုးကိုပြော၍ ယဉ်ကျေးချေငံသော စကားများကို များများပြောရမည်ဖြစ်ပေသည်။ ။
MWD
Photo Credit to Vecteezy
