သစ်တောသစ်ပင် ကမ္ဘာမြေကိုအလှဆင် (နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့)
Posted_Date
Image
Body
ဘက်စုံအကျိုးစီးပွား သစ်တောသစ်ပင်များ
သစ်တောသစ်ပင်များသည် ကမ္ဘာမြေနှင့် သက်ရှိလောကအတွက် အကျိုးကျေးဇူးမျိုးစုံ ပံ့ပိုးထောက်ပံ့လျက်ရှိသည်။ ငွေကြေးဖြင့် တန်ဖိုးဖြတ်နိုင်သော ဝယ်ယူရရှိနိုင်သော သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသာမက ငွေကြေးဖြင့်တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုအမျိုးမျိုးကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ “ဥတုရာသီ၊ တောကိုမှီ” ဆိုသကဲ့သို့ သစ်ပင်သစ်တောများသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ စုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးပြီး မျှတစေရန်ပံ့ပိုးခြင်း၊ အစာချက်လုပ်ခြင်း(Photo-synthesis)ဖြစ်စဉ်နှင့်အတူ သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကိုပြန်လည်ထုတ်ပေးခြင်းဖြင့် “သက်ရှိလောကတည်မြဲရေး”အတွက် အရေးကြီးသောဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
သစ်တောများသည် မြေအောက်ရေကို ထိန်းသိမ်းပေးသကဲ့သို့ သဘာဝရေသန့်စက်ကြီးများသဖွယ် ရေသန့်စင်အောင်စစ်ထုတ်ပေးခြင်းဖြင့် ရေတိမ်ဒေသများ၊ ကန်များ၊ မြစ်များ၊ ချောင်းများနှင့်အင်းများအတွင်း အနည်ကျမှုများ၊ ညစ်ညမ်းမှုများကို စစ်ထုတ်လျှော့ချပေးကာ လူနှင့်သက်ရှိများကို အကျိုးပြုလျက်ရှိသည်။ သစ်တောများဖုံးလွှမ်းလျက်ရှိသော ရေဝေရေလဲဒေသများနှင့် ရေတိမ်ဒေသများသည် ရေအရင်းအမြစ်များ ထိန်းသိမ်းပေးလျက်ရှိပြီး ကမ္ဘာ့ရေချိုပမာဏ၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။ ထို့ကြောင့် “ရေကြည်ချမ်းမြ သစ်တောမှရ”ဟု ဆိုခြင်းဖြစ်သည်။
သစ်တောသစ်ပင်များ၊ စားပင်သီးပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် အရိပ်ရပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ကာ အပန်းဖြေနိုင်သကဲ့သို့ စိုက်ပျိုးသောသစ်မျိုးပေါ်မူတည်ပြီး သစ်၊ တိုင်၊ မျော၊ ထင်းနှင့် ရာသီအလိုက်သီးပွင့်လာသည့် အသီး၊ အရွက်၊ အညွန့်တို့ကို ရရှိနိုင်မည်ဖြစ်သည်။ ရာသီဥတုမျှတကောင်းမွန်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး စားရေရိက္ခာဖူလုံဖို့ အထောက်အပံ့ကောင်းများဖြစ်စေသည်။
သစ်ပင်သစ်တောများသည် လေပြင်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှု၊ မြေတိုက်စားမှုများ အစရှိသည့်သဘာဝဘေးအန္တရာယ်များကို အကာအကွယ်ပေးနိုင်သည်။ မိုးသီးမိုးပေါက်များ မြေဆီလွှာသို့ တိုက်ရိုက်ထိတွေ့မှုမရှိစေရန် သစ်ပင်ရွက်အုပ်များကတစ်ဆင့် ကြားခံပေးထားသဖြင့် မြေဆီလွှာကိုကာကွယ်ပေးသည်။ သည်းထန်သည့်မိုးရေများကို သစ်မြစ်များက စုပ်ယူထိန်းသိမ်းထားပြီး ရေကိုတဖြည်းဖြည်းချင်း လွှတ်ထုတ်သဖြင့် ရေကြီးရေလျှံမှုကိုလျော့နည်းစေသည်။ သစ်မြစ်များက မြေစိုင်မြေခဲမြေသားများကို ရစ်ပတ်တုပ်နှောင်ထားသောကြောင့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ မြေဆီတိုက်စားခြင်းကိုကာကွယ်ပေးသည်။
လေတိုက်မှုအရှိန်အဟုန်ကို လျှော့ချပေးခြင်းဖြင့် လေပြင်းမုန်တိုင်းဒဏ်မှ အကာအကွယ်ပေးနိုင်သည်။
“သစ်တောသစ်ပင် စိုက်ပျိုးလျှင်၊ စွမ်းအင်လည်းရ၊ ပြည်လည်းလှ” ဆိုသကဲ့သို့ ကြီးမြန်သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် အရိပ်အာဝါသကောင်းစေရုံသာမက ထင်း၊ မီးသွေး၊ ဇီဝဒြပ်ထု လောင်စာစွမ်းအင်များ ရရှိနိုင်ပြီး မိသားစုတိုင်းအတွက် နေ့စဉ်လိုအပ်သော အစားအစာများချက်ပြုတ်မှုနှင့် စွမ်းအင်လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးနိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဒေသနှင့်ကိုက်ညီသည့်သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ထင်း၊ မီးသွေး၊ လောင်စာများရရှိနိုင်သည့်အပြင် မြေဆီလွှာများ ပြန်လည်ကောင်းမွန်လာပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ကာ သဲကန္တာရဖြစ်ထွန်းမှုများကို တားဆီးကာကွယ် တိုက်ဖျက်နိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်သည်။
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်ပြုခြင်းလည်း မည်သည်။
ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များ စိုက်ပျိုးလှူဒါန်းခြင်း၊ အရိပ်ရအပင်၊ စားသုံးပင် စသော သစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုးလှူဒါန်းခြင်း၊ တံတားခင်းလမ်းဖောက် လှူဒါန်းခြင်း၊ ရေချမ်းစင်တည်၍ လှူဒါန်းခြင်း၊ ရေတွင်း ရေကန် ရေမြောင်းများတူး၍ လှူဒါန်းခြင်း၊ ဇရပ်တန်ဆောင်း ဂူကျောင်းပြာသာဒ်နားနေရိပ်သာ ဆေးရုံဆေးခန်း စသောအဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းဟူသည့် ထာဝရကုသိုလ်ခြောက်ပါးရှိရာ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်တစ်ပါးအဖြစ်ပါဝင်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း ဂူကျောင်းပြာသာဒ် တည်ဆောက်လှူဒါန်းသကဲ့သို့ တူညီသောကုသိုလ်ကို ရရှိခံစားနိုင်ပြီး အသက်ရှည်ကျန်းမာ ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်စိမ်းစိုသာယာပြီး အလှအပမျက်စိပသာဒကောင်းမွန်စေသည်။ “သစ်ပင်စိုက်လျှင် တို့ဝန်းကျင်၊ စိမ်းစိုလှပ ကြည်နူးရ၏”ဆိုသည်နှင့်အညီ လမ်းဘေးဝဲ/ယာ၊ ကျေးရွာမြို့ပြများတွင် အစိမ်းရောင်ဧရိယာ (Green Space)အဖြစ် စိုက်ပျိုးခြင်းဖြင့် စိမ်းစိမ်းစိုစိုအပင်များတွင် ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်း အရောင်မျိုးစုံ ပန်းမျိုးစုံတို့ ဖူးပွင့်ဝေဆာပြီး မျက်စိပသာဒဖြစ်စေသည်။ သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်ရရှိစေနိုင်ပြီး အရိပ်နှင့် အပန်းဖြေနားစရာများကိုရရှိနိုင်သည်။
“သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ” ၊ “သစ်တောတွေစိမ်း၊ ရေမြေထိန်း၊ ဖွံ့ဖြိုးကမ္ဘာ၊ လွန်ရှည်ကြာ”ဟုလည်း ဆိုကြသည်။ သစ်ပင်စိုက်ပျိုးပြီး ကမ္ဘာမြေကိုအလှဆင်နိုင်သည်။ စစ်မှန်သော ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် သစ်ပင်စိုက်ပျိုးရေး၊ သစ်တောများထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ သစ်တောထိန်းသိမ်းရေးရည်မှန်းချက်များ
ယနေ့အချိန်အခါသည် ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးဆက်များ၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရလျက်ရှိရာ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများကို သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်း(Nature-based Solutions)အဖြစ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (UN Climate Summit 2014)တွင် နယူးယောက်သစ်တောများဆိုင်ရာ ကြေညာစာတမ်း(New York Declaration on Forests)ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်၏ အဓိကရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှုများ လုံးဝရပ်တန့်နိုင်ရေးနှင့် တောနိမ့်တောပျက်များတွင် သစ်တောဧရိယာ ဟက်တာ သန်း ၃၅၀ တည်ထောင်ခြင်းလုပ်ငန်းတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေးဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ကာလကို ကုလသမဂ္ဂဂေဟစနစ်ပြန်လည် ထူထောင်ရေးဆယ်စုနှစ်(UN Decade of Ecosystem Restor-ation 2021- 2030)ဟု ကုလသမဂ္ဂအထွေထွေ ညီလာခံ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်တွင် ဆုံးဖြတ်ချက် (၇၄/ ၂၈၄) ဖြင့်ဆုံးဖြတ်၍ ဂေဟစနစ်အမျိုးမျိုးတွင် သစ်ပင်စိုက်ပျိုးခြင်း၊ ဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် (၁၅) (SDG 15)တွင်လည်း ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများရေရှည်တည်တံ့အောင် စီမံခန့်ခွဲရေးနှင့်သဲကန္တာရများ ဖြစ်ထွန်းမှုပပျောက်စေရေး၊ မြေယာပြုန်းတီး ယိုယွင်းပျက်စီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများပြုန်းတီးမှု ရပ်တန့်စေရေး စသည်ဖြင့် ရည်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့သစ်တောထိန်းသိမ်းရေး ဆောင်ရွက်မှုများ
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများ သားစဉ်မြေးဆက် ထာဝစဉ်တည်တံ့စေရေး ဂေဟစနစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အတွက် မြန်မာ့သစ်တောမူဝါဒ (၁၉၉၅)နှင့် အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁) ရည်မှန်းချက်များနှင့်အညီ ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းထိ ဖွဲ့စည်းသွားရန် လျာထားဆောင်ရွက် လျက်ရှိသည်။ ယနေ့အချိန်ထိ ကြိုးဝိုင်း ၈၂၆ ခု ဧရိယာ ၂၉၆၇၈၄၃၈ ဧက၊ ကြိုးပြင်ကာကွယ်တော ၄၉၈ ခု၊ ဧရိယာ ၁၃၆၇၄၁၁၀ ဧက စုစုပေါင်း ၄၃၃၅၂၅၄၈ ဧက နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၉၃ ရာခိုင်နှုန်းဖွဲ့စည်း တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းထိ တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ သဘာဝနယ်မြေ ၆၂ ခု၊ ဧရိယာ ဧက ၁၀ ဒသမ ၇၅ သန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် (မေလအထိ) ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၆၁ ခု စုစုပေါင်း ဧရိယာဧက ၆၆၁၁၈၆၊ သဘာဝထိန်းသိမ်းရေး နယ်မြေ ၁၆ ခု၊ ဧရိယာဧက ၆၁၃၈၁၇ ကိုဖွဲ့စည်း တည်ထောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ ထိ)ကိုရေးဆွဲ၍ သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများကို စိုက်ပျိုးတည်ထောင်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထိ နိုင်ငံပိုင်သစ်တောစိုက်ခင်း (စီးပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း) ၁၉၀၆၈၅ ဧက၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ၆၈၅၈၉ ဧကနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ၇၁၅၅၇၇ ဧကတို့ကို တည်ထောင်စိုက်ပျိုးနိုင်ခဲ့သည်။
အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ
သစ်တောနယ်မြေများဖြစ်သည့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင် သစ်တောစိုက်ခင်းများ အရှိန်အဟုန်ဖြင့် စိုက်ပျိုးတည်ထောင်လျက်ရှိသကဲ့သို့ သစ်တောနယ်မြေပြင်ပ (ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောပြင်ပ) နေရာများတွင်လည်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ အရိပ်အာဝါသရရှိရေးတို့အတွက် စိုက်ပျိုးဆောင်ရွက်လျက် ရှိသည်။
အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် တစ်ရွာနှစ်ဧကစိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ မကွေး-ရေနံချောင်း- ချောက်- ဂွေးချို- ကျောက်ပန်းတောင်း-ညောင်ဦး-မိတ္ထီလာ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးခြင်း၊ အာဆီယံလမ်းမကြီးနှင့် ရထားလမ်းဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုးခြင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေစိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်း၊ မြစ်ချောင်းများဘေး ဝဲ/ယာ တစ်လျှောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ ရာဂိမုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် နေရာဒေသများတွင် သစ်ပင်များစိုက်ပျိုးခြင်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ယခုနှစ် မိုးရာသီတွင် အထူးစိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းအနေဖြင့် ရှမ်းပြည်နယ် ဗထူးမြို့၊ ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင် ဧက ၁၀၀၀ သစ်ပင်ပေါင်း ၂၀၀၀၀၀ နှင့် အင်းလေးကန်ရေဝေရေလဲဒေသ အောင်ပန်း၊ ကလောနှင့် ညောင်ရွှေမြို့နယ်တို့၏ တောင်ထိပ်၊ တောင်ကုန်းများတွင် သစ်ပင်၊ သစ်တောများထိန်းသိမ်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကို ဒေသခံများစိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဉ်ရတနာတန်းဝင်သစ်မျိုးများ၊ အရိပ်ရ ကြီးမြန်သစ်မျိုးများ၊ ဒေသမျိုးရင်းပျိုးပင်များ စသည်ဖြင့် ပျိုးပင် ၁၀ သန်းခန့်ကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပျိုးထောင်ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးသက်နှစ်နှစ်ခန့်ရှိ အမြင့် နှစ်ပေအထက်ရှိသော ကျန်းမာကြံ့ခိုင်သော ပျိုးပင်များကို တပ်ရင်း/တပ်ဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပြည်သူလူထုသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။ အဆိုပါအပင်များကို အများအားဖြင့် သစ်တောမြေပြင်ပတွင်စိုက်ပျိုးကြပြီး သစ်တောပြင်ပမှ သစ်ပင်များ (Trees Outside Forests-ToF)ဟု ခေါ်ဆိုနိုင်သည်။
တစ်ပင်စိုက် တစ်ပင်ရှင်သန်စေဖို့
သစ်ပင်စိုက်ပျိုးခြင်းသည် မခက်ခဲသော်လည်း သတိမမူဘဲ အမှတ်တမဲ့ စိုက်ပျိုးသောအခါ ပျိုးပင်များ ပျက်စီးဆုံးရှုံးခြင်း၊ ပျိုးပင်အတွက် စိုက်ထုတ်ခဲ့ရသော အချိန်၊ ငွေ၊ လုပ်အားများ ဆုံးရှုံးခြင်းများ ရှိသဖြင့် ပျိုးအိတ်မှမြေပြင်တွင် သစ်ပင်ချစိုက်သောအခါ အောက်ဖော်ပြပါအချက်များကို အလေးထား ဆောင်ရွက်ခြင်းဖြင့် အပင်များရှင်သန်မှုရာခိုင်နှုန်းပိုမိုကောင်းမွန်စေမည်ဖြစ်သည်-
- မြေဆီစိုချိန် အချိန်ကိုက် စနစ်တကျသစ်ပင်စိုက်ပျိုးခြင်း၊
- စိုက်ပျိုးသည့်အခါတွင် ကျင်းအတွင်းသို့ ပျိုးပင်မြေလုံးမကွဲဘဲရောက်ရှိစေရန် ပျိုးအိတ်ကို သေချာစွာခွဲ၍ လက်နှစ်ဖက်ဖြင့် သေချာစွာဆုပ်ညှစ်ဆောင်ရွက်ခြင်း၊
- ပလတ်စတစ်အိတ်ကို သေချာစွာချွတ်ပြီး မြေလုံးမကွဲစေရန် ဂရုစိုက်ဆောင်ရွက်ခြင်း၊
- အသင့်တူးထားသော မြေကျင်းထဲသို့ ပလတ်စတစ်ချွတ်ထားသောပျိုးပင်ကို မြေလုံးမကွဲစေဘဲ ကျင်းထဲသို့ထည့်ခြင်း၊
- စိုက်ပျိုးထားသောအပင်များအား တည့်မတ်နေစေရန် လိုအပ်လျှင် ပန္နက်တိုင်နှင့်ချည်နှောင်ထားခြင်း၊
- စိုက်ပျိုးထားသောအပင်များအား လေဟာမနေစေရန် စိုက်ပင်ဘေးမှ ပြန်ဖို့သောမြေကို လက်နှစ်ဖက်ဖြင့် သေချာစွာဖိပေးခြင်း၊
- လေတိုက်သည့်ဒဏ်ခံနိုင်ရန် အပင်တည့်မတ်ရန် အပင်အမြင့်နှင့်လျော်ညီသော ဒေါက်တိုင်ထောက်ပေးခြင်း၊
- အပင်စိုက်ပျိုးပြီးလျှင် ပေါင်းသင်ခါးဆွခြင်း၊ လိုအပ်ပါကရေလောင်းခြင်း၊ မီးကာကွယ်ခြင်း၊ လူ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ၏ဖျက်ဆီးမှုမှ ကာကွယ်နိုင်စေရေး Tree Guard ပြုလုပ်ခြင်း၊ ခြံစည်းရိုးပြုလုပ်ခြင်း စသည့်ပြုစုစောင့်ရှောက်မှုများပုံမှန်ပြုလုပ်ခြင်း၊
- ရေဝပ်သည့်နေရာများတွင် အပင်ခြေရင်း၌ မြေများများစုပုံ(Mound)ပြုလုပ်ပြီး စိုက်ပျိုးခြင်း၊
- စိုက်ပျိုးမည့်မြေနေရာရှိ မြေမကောင်းမွန်ပါက အစားထိုးမြေဆွေး၊ နွားချေး၊ သဲများ စသည့် သွင်းအားစုများထည့်ပြီး စိုက်ပျိုးခြင်း၊
- မစိုက်ပျိုးခင် ပျိုးပင်ကြံ့ခိုင်အောင် Hardening Process (အမြစ်ဖြတ်၊ အပင်ချဲ၊ အရွယ်ညီစီ၊ အမိုးလှပ်၊ ရေဖြတ်ခြင်းများ)ဆောင်ရွက်ခြင်း၊
- သစ်မျိုးတစ်မျိုးတည်းရွေးချယ်စိုက်ပျိုးခြင်းထက် နေရာ၊ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု အခြေအနေအလိုက် သစ်ပင်မျိုးစုံစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာသစ်ပင်စိုက်ပျိုးရာတွင် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရှင်သန်အောင်မြင်မှု ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်-
- လမ်းနယ်နိမိတ်အတွင်းနှင့် ဓာတ်တိုင်များအောက် စိုက်ပျိုးခြင်းမပြုဘဲ အဆိုပါနေရာများ မှလွတ်ကင်းသည့်နေရာတွင်သာ စိုက်ပျိုးခြင်း၊
- နေရာဒေသအပေါ်မူတည်ပြီး စိုက်ပျိုးမည့်ပျိုးပင်အရွယ်အစားနှင့် ကိုက်ညီသည့် သင့်လျော်သောကျင်းအရွယ်အစား ဥပမာ (၂ ပေ x ၂ ပေ x ၁ ပေ ) ၊ ( ၃ ပေ x ၃ ပေ x ၁ ပေ)၊ ( ၆ ပေ x ၃ ပေ x ၁ ပေ) အစရှိသည့်တူးပြီးစိုက်ပျိုးခြင်း၊ အဆိုပါကျင်းများ အတွင်းသို့ရောစပ်ထားသော မြေဆွေးများထည့်ပေးခြင်း၊
- လမ်းဘေးဝဲ/ယာရှိ အပင်ကြီးများအောက်တွင် အပင်ငယ်များစိုက်ပျိုးခြင်းကို ရှောင်ရှားခြင်း၊
- လမ်းဘေးဝဲ/ယာရှိ သင့်တော်သည့် မြေကွက်လပ်များရှိပါက နေရာပေါ်မူတည်ပြီး အပင်တန်း ၃ တန်း၊ ၅ တန်း၊ ၁၀ တန်း စသည်ဖြင့် Zigzag ပုံစံ (ဝက်ခေါင်းထိုးပုံစံ)ဖြင့် တစ်အုပ်တစ်မစိုက်ခင်း (Woodlot)အဖြစ် စိုက်ပျိုးခြင်း၊
- ရွေးချယ်စိုက်ပျိုးသည့်အပင်၏ နောင်တွင်ဖြစ်ပေါ်လာနိုင်သော ရွက်အုပ်အကျယ်အဝန်းအခြေအနေနှင့် လမ်းအမျိုးအစားအပေါ်မူတည်ပြီး ပန္နက်အကွာအဝေး၊ လိုင်းအကွာအဝေး ချိန်ဆစိုက်ပျိုးခြင်း၊
သစ်ပင်များစိုက်ပျိုးရာတွင် လတ်တလောအခြေအနေသာမက ရေရှည်အတွက်လည်း ထည့်သွင်းစဉ်းစားကာ ရည်ရွယ်ချက်အလိုက် ဒေသနှင့်ကိုက်ညီသောအပင်မျိုးကို စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပိုမိုထိရောက်နိုင်မည်ဖြစ်ကာ စိုက်ပင်များရှင်သန်အောင်မြင်မှု ကောင်းမည်ဖြစ်သည်။
စိုက်ပင်များ ပျက်စီးဆုံးရှုံးမှု၏ အဓိကအကြောင်းရင်းမှာ စိုက်ပျိုးပြီးနောက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှုနည်းပါးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေးအတွက် သစ်ပင်စိုက်ပျိုးပြီးနောက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။
သစ်တောသစ်ပင် ကမ္ဘာမြေကိုအလှဆင်
သစ်တောသစ်ပင်များသည် သဘာဝသယံဇာတ သက်သက်သာမက နိုင်ငံ၏ကြွယ်ဝမှု၊ နိုင်ငံ၏ ဂုဏ်သိက္ခာကြီးမြင့်မှု၊ နိုင်ငံ၏သဘာဝတရားအပေါ် မြတ်နိုးတန်ဖိုးထားမှုကို ထင်ဟပ်စေသကဲ့သို့ စိမ်းလန်းစိုပြည်စွာ၊ အရောင်အသွေးစုံလင်စွာ၊ ပန်းပေါင်းစုံ သင်းရနံ့မွှေးပျံ့စွာ ကမ္ဘာမြေကို အလှဆင်ပေးလျက်ရှိသည်။ သစ်ပင်သစ်တောများသည် ရောင်စုံပန်းပွင့်များဖြင့် အဆင်းလှပရုံ၊ မျက်စိပသာဒကြည့်ကောင်းရုံသက်သက်သာမက ရာသီဥတုမျှတ ကောင်းမွန်ရေး၊ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့်ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ဆက်စပ်လုပ်ငန်းကဏ္ဍ အသီးသီးကိုပံ့ပိုးပေးပြီး နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက် အကျိုးကျေးဇူးများစွာကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ ထို့ကြောင့် ဘက်စုံအကျိုးကျေးဇူးများစွာ ပံ့ပိုးပေးသော သစ်ပင်သစ်တောများဖြင့် အိမ်ခြံဝင်းနှင့် ရပ်ကွက်ကျေးရွာများ၊ လမ်းများမှသည် မြို့ပြများအထိ၊ သစ်တောမြေများမှသည် သစ်တောမြေပြင်ပ ဧရိယာများအထိ စိမ်းလန်းမြေများ၊ သစ်တောဖုံးလွှမ်းမှုများ တိုးပွားလာစေရေး၊ နိုင်ငံတစ်ဝန်း သစ်ပင်သစ်တောအစွမ်းဖြင့် စိမ်းလန်းသာယာလှပစေရေး သစ်ပင်ပန်းမန်များကို အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့်စိုက်ပျိုးကာ ကမ္ဘာမြေကို အလှဆင်ကြရမည်ဖြစ်ပါသည်။ ။
MWD
