ချွဲသလိပ်ပျော်စေသော ဆေးနည်းများ

Posted_Date

Image

ချွဲသလိပ်ပျော်စေသော ဆေးနည်းများ

Body

ဆောင်းရာသီတွင်  ချောင်းဆိုးရင်ကျပ်ရောဂါသည် အဖြစ်အများဆုံး ဖြစ်သည်။ ချောင်းဆိုးရင်ကျပ်ရောဂါသည် သလိပ်ရလျှင် သက်သာ၍ သလိပ်မရလျှင်   အမောဖောက်ပြီး    အသက်ရှူမရဖြစ်ကာ အသက် အန္တရာယ်အထိ ဒုက္ခပေးတတ်လေသည်။

ကလေးများတွင် အဆုတ်အားကောင်းသဖြင့် ချောင်းဆိုးရောဂါသည် ရက်တိုတိုနှင့်ပျောက်နိုင်သော်လည်း သက်ကြီးရွယ်အိုများမှာ တော်တော်နှင့်မပျောက်ဘဲ  နှစ်လ၊  သုံးလကြာသည်အထိ ဖြစ်နေတတ်သည်။ တချို့လူကြီးများသည် ချောင်းဆိုးပြီး သလိပ်ကပ်နေလျှင်၊ သလိပ်မထွက်လျှင် တစ်ညလုံး မအိပ်ရတော့ပေ။ ချွဲသလိပ်ပျော်စေသော ရင်လူးဆေး၊ လျက်ဆားတို့မှာ ရှေးမြန်မာလူမျိုးများ၏ အိမ်သုံး သက်စောင့်ဆေးများဖြစ်လာသည်။ ယခုအချိန်ထိလည်း ကျေးလက် တောရွာများတွင် အနောက်တိုင်းဆေးမသုံးစွဲဘဲ တိုင်းရင်းဆေး၊ ရိုးရာ ဆေးများကို သုံးစွဲနေကြဆဲဖြစ်သည်။

ဆေးပရုတ်ဆီချက်လုပ်နည်းတွင်ပျားဖယောင်း ၈ ကျပ်သား၊ ထင်းရှူးဆီ ၅ ကျပ်သား၊ မုန်ညင်းဆီ ၂ဝ ကျပ်သား၊ ပရုတ် ၁၂ ကျပ်သား၊ မင်သော် ၂ ကျပ်သား၊ ငရုတ်ကောင်းဆီ ၂ ကျပ်သား၊ မီသိုင်း ၂ ကျပ်သားတို့လိုအပ်သည်။

ဆေးချက်နည်းမှာ မီးဖိုပြီး ဒန်အိုးတွင် မုန်ညင်းဆီထည့်၍ အပူပေး ပါ။ ဆူပွက်လာသောအခါ ပျားဖယောင်းကိုထည့်ပါ။ ပျော်ဝင်သွားသောအခါ ထင်းရှူးဆီကို ထည့်မွှေပါ။ အားလုံး ပျော်ဝင်သွားပြီးသောအခါ ဒန်အိုးကို မီးဖိုပေါ်မှချပါ။

ပရုတ်၊ မင်သော်  စသော ကျန်ဆေးအမယ်များကိုထည့်ပြီး အငွေ့ လုံအောင်ဖုံးထားပါ။ ၁၅ မိနစ်ခန့်ကြာသောအခါ ပရုတ်ဆီထည့်ရန် သင့်သော ဖန်ပုလင်းအဝကျယ်လေးများတွင်လိုက်ပြီး တစ်ပုလင်းစီ လောင်းထည့်ပါ။ တစ်နာရီခန့်ကြာသောအခါ ဆေးခဲသွားပြီး ပရုတ်ဆီ၊ ရင်လူးဆေးအဖြစ် သုံးစွဲနိုင်ပြီဖြစ်သည်။

သလိပ်ရလျက်ဆားဆေးနည်းတွင် စမုန်မျိုးငါးပါး  (၄ ပဲစီ) ၁ ကျပ်သား ၈ ပဲ၊ ကပ်မျိုးငါးပါး (၄ ပဲစီ)၁ ကျပ်သား ၈ ပဲ၊  လေးညှင်းပွင့် ၈ ပဲ၊ ကျောက်ချဉ် ၈ ပဲ၊ နွယ်ချို ၁ ကျပ်သား ၈ ပဲ၊ ဇဝက်သာ ၂ ကျပ်သား၊ ပရုတ် ၂ ကျပ်သား ၈ ပဲ၊  ဖုံးမသိန် ၃ ကျပ်သား၊ သိန္ဓော ၁၃ ကျပ်သားတို့လိုအပ်သည်။

ဆေးအမယ်အားလုံးစုပြီး ၎င်းတို့ကို အမှုန့်ပြုလုပ်ပါ။ လေလုံစွာထားပြီး မကြာခဏလျက်ပေးခြင်းဖြင့် လည်ချောင်းထဲမှ ချွဲသလိပ်များ ထွက်ကျလာစေသည်။ မိသားစုရှိ ကလေးရော  လူကြီးပါ  အသုံးပြုနိုင်သော ဆေးနည်းကောင်းဖြစ်သည်။

ချောင်းဆိုးရောဂါ၊   ရင်ကျပ်ရောဂါများသည်  သလိပ်ရစေသော အထက်ပါ ဆေးနည်းနှစ်မျိုးဖြင့် သက်သာစေနိုင်ကြောင်း တင်ပြလိုက်ရပေသည်။   

MWD