စည်းလုံးချစ်ကြည် လက်တွဲညီ ရွှေပြည်သစ်ဆီ လှမ်းကြမည်

Posted_Date

Image

စည်းလုံးချစ်ကြည် လက်တွဲညီ ရွှေပြည်သစ်ဆီ လှမ်းကြမည်

Body

 

အမျိုးသားနေ့ဟူသည်

     “တိုင်းပြည်နှင့်လူမျိုး၏ ထူးခြားသောဖြစ်ရပ်တစ်ခုခုကိုအခြေခံ၍သတ်မှတ်သောနေ့”ကို အမျိုးသားနေ့ဟူ၍ မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုပေးထားသည်။ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် နိုင်ငံအလိုက် အမျိုးသားနေ့ သို့မဟုတ် အမျိုးသားအောင်ပွဲနေ့များရှိကြသည်။ ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးတွင်လည်း အမျိုးသားအောင်ပွဲနေ့ရှိသည်။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်သည် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်၊ ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါ၊ အနှစ်သာရရှိရှိ နှစ်စဉ်မပျက် ကျင်းပလာခဲ့သည်မှာယနေ့ထိတိုင်ဖြစ်သည်။ နောင်လာလတ္တံ့သော နှစ်အဆက်ဆက်တွင်လည်း မပျက်မကွက် ဆက်လက်ကျင်းပနေမည်ဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့နောက်ခံ

     ယခု ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင်ကျင်းပမည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသည် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားဖြစ်သည်။ သို့ဆိုလျှင်အမျိုးသားအောင်ပွဲနေ့သည် လွန်ခဲ့သောနှစ်ပေါင်း၁၀၅ နှစ်ကတည်းကဖြစ်ပေါ်လာသော နေ့တစ်နေ့ပင်မဟုတ်ပါလော။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၅ နှစ်သည် ၁၉၂၀ ပြည့်နှစ်ကာလဖြစ်ပေသည်။ ၁၉၂၀ ပြည့်နှစ်ကာလသည် ကျွန်ုပ်တို့ မြန်မာတစ်မျိုးသားလုံးအင်္ဂလိပ်နယ်ချဲ့လက်အောက် ကျရောက်နေဆဲ အချိန်အခါဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့တို့က မြန်မာတစ်မျိုးသားလုံး အညွန့်ကျိုးအောင် အညွန့်ချိုးနေကြသည်။ အမျိုးမျိုးအဖုံဖုံ ဖိနှိပ်ချုပ်ချယ်သည်၊ ခြယ်လှယ်စိုးမိုးကြိုးကိုင်သည်။

နယ်ချဲ့အင်္ဂလိပ်အစိုးရသည် မြန်မာတစ်မျိုးသားလုံး အလိုလိုမျက်ကန်းဘဝ၊ နားကန်းဘဝရောက်အောင် မျက်စိကိုဖွင့်မပေးဘဲ ပိတ်ထားသည်၊ နားကိုဖွင့်မပေးဘဲ ပိတ်ထားသည်။ ပညာရေးသည် မျက်စိကိုပွင့်စေသည်၊နားကိုပွင့်စေသည်။ ထို့ကြောင့် မြန်မာတစ်မျိုးသားလုံး မျက်စိပွင့်၊နားပွင့်လာမည်ကို မလိုလားသော နယ်ချဲ့အင်္ဂလိပ်အစိုးရက အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူမပြုသည့် တစ်လမ်းသွားပညာရေးကိုသာ သင်ကြားသင်ယူစေခဲ့သည်။ ပညာရေးကိုလမ်းဖွင့်မပေးဘဲ ပိတ်ပင်ချိုးနှိမ်ထားခြင်းဖြစ်သည်။ မျက်စိပွင့်၊ နားပွင့်မှသာအမှန်ကိုမြင်၊ အမှန်ကိုကြားပြီး အမှန်ကိုသိနိုင်မည်ဖြစ်သည်။ အမှန်ကိုသိမှဆင်ခြင်၊ စဉ်းစား၊ ချင့်ချိန်နိုင်မည်။ ဆင်ခြင်၊ စဉ်းစား၊ ချင့်ချိန်နိုင်မှုသည် ပညာကဆင်းသက်လာခြင်းဖြစ်၏။ ထို့ကြောင့် နယ်ချဲ့အင်္ဂလိပ်တို့က ဆင်ခြင်၊ စဉ်းစား၊ ချင့်ချိန်နိုင်စွမ်း၏ ရင်းမြစ်ဖြစ်သောပညာရေးကို ကန့်သတ်ချုပ်ချယ်ထားခြင်းဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ

    ၁၉၂၀ ပြည့်နှစ်တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရက ဘက်ပေါင်းစုံအောင် ကန့်သတ်ချုပ်ချယ်ထားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲချဉ်းကပ်လာသည်။ ထိုအက်ဥပဒေသည် မြန်မာတစ်မျိုးသားလုံးပညာသင်ယူရန် လက်လှမ်းမမီနိုင်အောင် အမျိုးမျိုးပိတ်ပင်ရေးဆွဲထားခြင်းဖြစ်သည်။ မြန်မာတစ်မျိုးသားလုံးသည် ပညာရေးနှင့်အလှမ်းဝေးစေမည့် ထိုရန်ကုန်တက္ကသိုလ် အက်ဥပဒေကိုလက်မခံကြ။  ကန့်ကွက်ကြ၏။ သို့လင့်ကစားနယ်ချဲ့အင်္ဂလိပ် အစိုးရက အလေးမမူ၊ ဂရုမစိုက်၊ မျက်ကွယ်ပြု၊ လျစ်လျူရှုကာ အတင်းအဓမ္မအတည်ပြု  ပြဋ္ဌာန်းလိုက်သည်။

ထို့ကြောင့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်)တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲပြဋ္ဌာန်းသည့် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင်ပြီး သပိတ်မှောက်လိုက်ကြသည်။

  ထိုသပိတ်နှင့်အတူ အမျိုးသားကျောင်းကြီးများ အလျှိုလျှိုပေါ်ထွန်းလာခဲ့သည်။ အမျိုးသားကျောင်းကြီးများမှတစ်ဆင့် အမျိုးသားရေးအသံများ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာခဲ့သည်။ ဇာတိသွေးဇာတိမာန်များ ရှင်သန်တက်ကြွလာခဲ့သည်။ မျိုးချစ်စိတ်များထက်သန်လာခဲ့သည်။ ဝံသာနုရက္ခိတတရားများ ပြန့်ပွားလာခဲ့သည်။ အမျိုးသားရေးအသိများ နိုးကြားလာခဲ့သည်။ အမျိုးသားရေးအမြင်များ ကျယ်ပြန့်လာခဲ့သည်။ မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲတွင် အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းလာခဲ့သည်။ ထိုထိုသောမျိုးချစ်စိတ်များ၊ ဇာတိသွေးဇာတိမာန်များ၊ အမျိုးသားရေးစိတ်ဓာတ်များ၊ အမျိုးသားရေးအသံများကြောင့် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကယောင်ချောက်ချားဖြစ်သွား၏။ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့ ထိတ်လန့်နေကြ၏။ နယ်ချဲ့အင်္ဂလိပ်အစိုးရသည် မထိတ်မလန့်၊ မကြောက်ရွံ့ဘဲနေနိုင်ပါအံ့လော။ အမျိုးသားကျောင်းကြီးများက ထွန်းညှိပေးလိုက်သော အမျိုးသားရေးအလင်းရောင်သည် ထိန်ထိန်ညီးညီးတောက်ပနေပြီ မဟုတ်ပါလား။

ထိုအလင်းရောင်နှင့်ပင် မြန်မာ့လွတ်လပ်ရေးကြီးကို ပြန်လည်ရယူနိုင်ခဲ့သည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့သည်။ မြန်မာ့ပိုင်နက်ခံ့ညား ထည်ဝါခဲ့သည်။ ဩဇာတိက္ကမကြီးမားလွန်းလှသည့် အမျိုးသားရေးအလင်းရောင်များ ယှက်သန်းလာအောင်ထွန်းညှိပေးလိုက်သော ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်)သည် မြန်မာတစ်မျိုးသားလုံးပါဝင်သည့် အမျိုးသားရေးအင်အားစုကြီးကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့သောနေ့ဖြစ်သည်။  နယ်ချဲ့အင်္ဂလိပ်တို့ကို အနိုင်ယူအောင်ပွဲခံနိုင်ခဲ့သောနေ့လည်းဖြစ်သည်။ ထို့ကြောင့်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို အမျိုးသားအောင်ပွဲနေ့အဖြစ်ဂုဏ်ပြုသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်နှင့်ဦးတည်ချက်များ

      ယခု ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နိုဝင်ဘာလ ၁၄ ရက်တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို  “စည်းလုံးချစ်ကြည်လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည်”  ဆောင်ပုဒ်နှင့်အတူ “ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားပြည်သူအားလုံးက   အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အသိပညာ၊အတတ်ပညာပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရေး၊ အမျိုးသားပညာရေးကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေး” ဦးတည်ချက်များကို ချမှတ်ကာ အနှစ်သာရရှိရှိ ကျင်းပကြမည်ဖြစ်သည်။

ယခုအခါတွင်ကျွန်ုပ်တို့မြန်မာတစ်မျိုးသားလုံးသည် စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီစနစ်နှင့်ရွှေပြည်သစ်ဆီသို့ဦးတည်ပြီး ခြေလှမ်းညီညီ လျှောက်လှမ်းနေကြပြီဖြစ်သည်။ သို့လျှောက်လှမ်းရာတွင် အနှောင့်အယှက်၊ အခက်အခဲ၊ ဆူးငြောင့်ခလုတ်တံသင်းများနှင့် စိန်ခေါ်မှုမျိုးစုံကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရပေမည်။ ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်ဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။ အမျိုးသားရေးဟူသည်တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နှင့်သာသက်ဆိုင်သော အရေးမဟုတ်။တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောအရေးဖြစ်သည်။ အမျိုးသားရေးတာဝန်ဟူသည် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နှင့်သာ သက်ဆိုင်သော တာဝန်မဟုတ်။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောတာဝန်ဖြစ်သည်။ ၂၀၂၅ ခုနှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များသည် တစ်မျိုးသားလုံး စည်းစည်းလုံးလုံး၊ တက်ညီလက်ညီ၊ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရမည့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးတာဝန်များဖြစ်သည်။    

ရွှေပြည်သစ်ဆီလှမ်းကြမည်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် အောက်တိုဘာလ၁၅ ရက်တွင်ကျင်းပသည့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)(၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဖြည့်စွက်ပြောကြားရာတွင် “အသိပညာ၊ အတတ်ပညာ၊ အတန်းပညာများ တိုးတက်မြင့်မားလာရေးအတွက် ပညာရေးနှင့်ပတ်သက်၍ အဓိကထားဆောင်ရွက်သွားကြရန် လိုကြောင်း၊ ထို့ကြောင့် ပထမအဆင့်အနေဖြင့် KG+9 အထိမဖြစ်မနေသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”   တိုက်တွန်းမှာကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်ကိုထိန်းခဲ့ရသည့်   “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ”   တာဝန်ကို  ယူခဲ့ရသောကာလမှစပြီး     ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေး၊ ကျောင်းနေမြဲရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေး၊  ပညာရေးအဟောသိကံ မဖြစ်ရေး၊ အနည်းဆုံး KG+9 အတန်းစဉ်အထိ ပြီးမြောက်အောင်သင်ယူနိုင်ရေးတို့ကို ဖိဖိစီးစီး၊ အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။

KG+9 အတန်းစဉ်အထိ သင်ယူပြီးမြောက်အောင်မြင်သူများသည် အခြေခံပညာအထက်တန်းကျောင်းများသို့လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုသည့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်းများသို့ လည်းကောင်း မိမိဝါသနာပါရာ၊ မိမိနှစ်သက်ရာကျောင်းများသို့တက်ရောက် သင်ယူနိုင်မည့် အခွင့်အလမ်းများကိုလည်း လမ်းဖွင့်ပေးထားသည်။ ထိုမှတစ်ဆင့်တက်ပေါင်းကူးပြီး အဆင့်မြင့်ပညာများကိုသင်ယူနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတို့ကိုလည်း ဒေသအသီးသီးနှင့်လက်လှမ်းမီအောင် ဖွင့်လှစ်ပေးထားသည်။ တစ်မျိုးသားလုံးပညာရည်မြင့်မားနေမှသာ တစ်မျိုးသားလုံး အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရသည် တစ်မျိုးသားလုံး၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်အောင်၊ မိမိနိုင်ငံတော်၏အကျိုး စီးပွားဖွံ့ဖြိုးတိုးတက်အောင် သယ်ပိုးဆောင်ရွက်ပေးနိုင်ကြမည့် အသိပညာရှင်၊ အတတ်ပညာရှင်လူ့စွမ်းအားရင်းမြစ်များကို   စဉ်ဆက်မပြတ် သင်ကြားလေ့ကျင့်မွေးမြူပေးနေသည်။ အကြောင်းမှာ အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားရင်းမြစ်များကသာ တစ်မျိုးသားလုံး၏အကျိုးစီးပွားနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် သယ်ပိုးဆောင်ရွက်ပေးနိုင်မည်ဟု အကြွင်းမဲ့ယုံကြည်ထားသောကြောင့်ဖြစ်သည်။

နိုင်ငံတော်ပင်စည်ကြီးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတည်းဟူသောအကိုင်းအခက်၊ အသီးအပွင့်တို့ဖြင့်အလှဆင်ထားသည်။ အကိုင်းအခက်တို့ကမြိုင်ဆိုင်နေရမည်။ အသီးအပွင့်တို့က ဖြိုင်ဖြိုင်ဝေနေရမည်။ နိုင်ငံတော်ပင်စည်ကြီးသည် အကိုင်းအခက်များဖြင့်  မြိုင်ဆိုင်နေလေလေ၊  စိမ်းလန်းစိုပြည်နေလေလေဖြစ်သည်။  အသီးအပွင့်များဖြိုင်ဖြိုင်ဝေနေလေလေ၊  စည်ကားသာယာနေလေလေဖြစ်သည်။

အကိုင်းအခက်၊ အသီးအပွင့်တည်းဟူသောနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့သည် တစ်မျိုးသားလုံး၏ပညာရည်မြင့်မားမှုအပေါ်တွင် တည်မှီနေပါသည်။ တစ်မျိုးသားလုံးပညာရည်မြင့်မားရေးသည် တစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာတစ်မျိုးသားလုံးသည် တစ်စိတ်တစ်ဝမ်းတည်းသော အမျိုးသားရေးစိတ်ဓာတ်ဖြင့် အမျိုးသားရေးတာဝန်ကို အားတက်သရော၊ စွမ်းစွမ်းတမံ၊ မဆုတ်မနစ်၊ တက်ညီလက်ညီ၊ အင်တိုက်အားတိုက်၊ ဦးလည်မသုန် ထမ်းဆောင်ကြရမည်။ သို့မှသာ ရွှေပြည်သစ်ကြီးဆီသို့ အလျင်အမြန်ရောက်ရှိမည်ဖြစ်သည်။

ကျွန်ုပ်တို့မြန်မာတစ်မျိုးသားလုံးကို ရွှေပြည်သစ်ကြီးကဆီးကြိုနေပါပြီ။     ။

MWD