နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့

Posted_Date

Image

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့

Body

ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝအတွက်သာမက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက်ပါ အရေးပါဆုံးသော  အုတ်မြစ်တစ်ခုဖြစ်သည်။ ပညာရေးသည် လူသားတစ်ဦးကို မှန်ကန်သော အတွေးအခေါ်၊  အသိပညာ၊ ကျွမ်းကျင်မှုနှင့်ကိုယ်ကျင့်တရားတို့ဖြင့်ပြည့်စုံစေပြီး   ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ပညာရေးသည် ရပ်တန့်၍ရသောအရာမဟုတ်။ လူတို့၏အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုနှင့် သဘောထားအယူအဆ၊ အမြင်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည့်ဖြစ်စဉ် တစ်ခုဖြစ်သဖြင့် လူငယ်များသည် မိမိတို့၏ဆန္ဒ၊ မိမိတို့၏ရည်ရွယ်ချက် ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် ကလေးဘဝမှစ၍  ပညာကို ဆည်းပူးလေ့လာရန် လိုအပ်သည်။

အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးတက်စေခြင်း

ပညာရေးသည် စာဖတ်ခြင်း၊ ရေးသားခြင်း၊ သင်္ချာတွက်ချက်ခြင်း စသည့်အခြေခံပညာရပ်များမှစ၍ သိပ္ပံ၊ နည်းပညာ၊ အနုပညာ၊ စီးပွားရေး စသည့် ဘာသာရပ်အသီးသီးမှ အသိပညာများ ပေးစွမ်းသည်။ ထိုအသိပညာများသည် လူတစ်ဦးကို ဘဝတွင်အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။

ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်ကို မြှင့်တင်ပေးခြင်း

ပညာသင်ကြားခြင်းဖြင့် လူတစ်ဦးသည် သတင်း အချက်အလက်များကို ရိုးရိုးရှင်းရှင်းလက်ခံရုံသာ မကဘဲ အကျိုးသင့်အကြောင်းသင့် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စွမ်းကိုလည်း ရရှိသည်။ မှန်ကန်သော ဆုံးဖြတ်ချက်များချနိုင်ရန်နှင့်   ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဤစွမ်းရည်သည် အလွန်အရေးကြီးသည်။

ကိုယ်ရည်ကိုယ်သွေးနှင့် ကိုယ်ကျင့်တရားတိုးတက်စေခြင်း

     ပညာရေးသည် စာသင်ခန်းထဲမှ သင်ခန်းစာများ သက်သက်မဟုတ်ဘဲ လူမှုဆက်ဆံရေး၊ စည်းကမ်း၊ သည်းခံခြင်းနှင့်တာဝန်ယူမှု စသည့်ကိုယ်ကျင့်တရားဆိုင်ရာ ကဏ္ဍများကိုပါ သင်ကြားပေးသည်။ ၎င်းသည် လူတစ်ဦးကို လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်အောင် နေထိုင်တတ်စေရန် ကူညီပေးသည်။

စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုခြင်း

     ပညာတတ်လူ့အဖွဲ့အစည်း တစ်ခုသည် ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်ပြီး စီးပွားရေးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်သည်။ ပညာရေးသည် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်သည့် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်ပြီး လူမှုဘဝအဆင့်အတန်းကိုလည်း မြှင့်တင်ပေးသည်။

နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိပါက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နှင့် အညီ ကျွမ်းကျင်တတ်မြောက်ရမည့် အသိပညာဗဟုသုတများ၊ အသိပညာ၊ အတတ်ပညာများကို ပြည့်စုံစေမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘက်စုံပညာရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်၌ပါဝင်နေပြီး ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံသားများ၏ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ပိုမိုနားလည် သဘောပေါက်ကြသည်နှင့်အညီ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့်  အင်အားစုများဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို  ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေအရွယ်တွင် ကျောင်းမနေခဲ့ရဘဲ    စာတတ်မြောက်ခြင်းမရှိသေးသည့် ကျောင်းနေအရွယ်လွန်ကလေးများကို တစ်ယောက်မျှမကျန်ရအောင်   ကောက်သင်းကောက်ယူပြီး စာသင်ပေးလျက်ရှိသည်။ ထိုသို့ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းနေအရွယ်လွန် သက်ကြီးစာမတတ်သူများ လုံးဝပပျောက်သွားမည်ဖြစ်သည်။ ကျောင်းနေအရွယ်တွင် ကျောင်းနေခွင့်မရခဲ့သည့် စာမတတ်သူကျောင်းနေ အရွယ်လွန်များ ပပျောက်သွားမှသာ စာမတတ်သူ  လုံးဝပပျောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းနေအရွယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးကို   အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ပညာဆည်းပူးလေ့လာရာတွင် စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်လျော်ဆုံး ပညာသင်ယူရာနေရာဖြစ်၍   ပညာပေးရာစာသင်ကျောင်းသို့ ကျောင်းနေအရွယ် ကလေးအားလုံးရောက်ရန် အရေးကြီးပေသည်။ ပညာခေတ်တွင် မိမိတို့၏ရင်သွေး ငယ်များ နောက်ကျကျန်ရစ်မှု မဖြစ်စေရန်၊ ဆုံးရှုံးနစ်နာမှုမဖြစ်စေရန် မိဘတို့ကဝတ္တရားရှိသည့်အတိုင်း ငယ်စဉ်ကတည်းက ပညာသင်ကြားနိုင်ရန် အခြေအနေကောင်းများကို ဖန်တီးပေးကြရမည်ဖြစ်သည်။ ပညာရှာလူငယ်များ၏ အနာဂတ်ကို အလေးထားလေးစားသောအားဖြင့် မပျက်မကွက် ကျောင်းအပ်နှံပေးကြရမည်ဖြစ်သည်။ ပညာရှာလူငယ်များအနေဖြင့်လည်း အပြိုင်အဆိုင်ပို၍မြင့်မားလာသော ယနေ့ကမ္ဘာတွင် သာမန်ထက်ထူးချွန်သည့် လူရည်ချွန်ပညာတတ်ကြီးများဖြစ်လာစေရန် ကိုယ်တိုင်ကြိုးစားလေ့လာ သင်ယူကြရန် လိုအပ်သည်။ ပညာမရှိလျှင် မျက်မမြင်နှင့် အလားတူ၍ စမ်းတဝါးဝါးဖြင့် လိုရာမရောက်ဘဲ ဒုက္ခမျိုးစုံကြုံရသလို အရာရာတွင်ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် နောက်ဆုံးဒုက္ခအတွင်း၌သာ နစ်မြုပ်ရသည်။ ထို့ကြောင့် အရာရာတွင် အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်းကို ခွဲခြားသိတတ်သော ပညာရှိရန်လိုအပ်သည်။

ပညာရေးတိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ဦးစားပေး ဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်ကကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄ )ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲသည် “ဖြစ်ပေါ်တိုးတက်နေသည့် ကမ္ဘာ့အခြေအနေများအရ လူ့ဘဝရပ်တည်ရန်အတွက် လူတစ်ယောက်သည် အနည်းဆုံး အလယ်တန်းပညာအဆင့်အထိ တတ်သင့်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လူတိုင်း  KG+9  အထိ ပညာသင်ကြားရန် ဦးတည်ချက်ချမှတ်ထားကြောင်း၊ အဆိုပါဦးတည်ချက် ပေါက်မြောက်အောင်မြင်ရန် လူတိုင်း  KG+9  အထိ ပြီးမြောက်အောင်မြင်ရေးအတွက် မသင်မနေရသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ အထူးသဖြင့် အခိုက်အတန့် ကျောင်းအပ်လျော့နည်းနေသည့် မူလတန်းအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ ပူးပေါင်းပြီး လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ရှင်းပြခြင်း၊ အားပေးပံ့ပိုးခြင်း နည်းလမ်းအသွယ်သွယ်ဖြင့်  စဉ်ဆက်မပြတ် ဆက်လက်ပြီး  ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊  တစ်ဖက်တွင်လည်း  အလယ်တန်းနှင့် အထက်တန်းတွင် ကျောင်းဝင်နှုန်းတိုးမြင့်လာပြီး တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားလာသည်နှင့် ကျောင်းထွက်မှုနှုန်း လျော့နည်းသွားသည်ကိုလည်း တွေ့ရကြောင်း၊ အလယ်တန်းအဆင့် Grade 9 အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်    သက်မွေးပညာရေး အပါအဝင် သင်ယူမှုအခွင့်အလမ်းများကို  ယခုထက်ပိုမိုဖော်ထုတ် အားပေးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း” ပြောကြားခဲ့သည်။

ခေတ်မီပညာရေးနှင့် စိန်ခေါ်မှုများ

     ယနေ့ခေတ်တွင် ပညာရေးသည် ပုံသေသင်ကြားနည်းများမှသည် နည်းပညာအခြေပြု သင်ကြားနည်းများဆီသို့ တိုးတက်ပြောင်းလဲလာသည်။ အင်တာနက်နှင့် ဒစ်ဂျစ်တယ်နည်းပညာများကြောင့် အွန်လိုင်းသင်တန်းများ၊    အဝေးသင်ပညာရေးစနစ်များ ပေါ်ပေါက်လာပြီး ပညာသင်ယူခွင့်ကို ပိုမိုကျယ်ပြန့်လာစေသည်။ သို့သော်လည်း ခေတ်မီပညာရေးတွင် စိန်ခေါ်မှုများလည်းရှိနေသည်။  နည်းပညာကွာဟမှု (Digital Divide)၊ သင်ရိုးညွှန်းတမ်း ခေတ်နောက်ကျခြင်း၊ ခေတ်မီသင်ကြားရေး နည်းစနစ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မည့် ဆရာ၊ ဆရာမများ ရှားပါးနေသေးခြင်း၊ ခေတ်မီပညာရေးကို အကောင်အထည်ဖော်ရန်အတွက် လုံလောက်သော ဘတ်ဂျက်နှင့် ရန်ပုံငွေများလိုအပ်ခြင်း စသည့်စိန်ခေါ်မှုများကိုဖြေရှင်းရမည်ဖြစ်သည်။

ပညာရေးသည် လူ့ဘောင်လောကကို ပြောင်းလဲ စေနိုင်သော အစွမ်းအထက်ဆုံး ကိရိယာဖြစ်သည်။ လူတိုင်းအတွက် အရည်အသွေးပြည့်ဝသော ပညာ ရေးကိုရရှိစေရန် ဆောင်ရွက်ပေးခြင်းသည် တိုင်းပြည်တစ်ပြည်၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ ပညာရေးသည် အလင်းရောင်ဖြစ်ပြီး ထိုအလင်းရောင်ဖြင့် ကျွန်ုပ်တို့၏ဘဝနှင့် လူ့အဖွဲ့အစည်းကို ပိုမိုတောက်ပအောင်ဖန်တီး တည်ဆောက်နိုင်မည်ဖြစ်သောကြောင့်  ပညာရေး၏တန်ဖိုးကိုနားလည်ပြီး လူတိုင်းပညာတတ်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းကို တိုက်တွန်း ရေးသားလိုက်ပါသည်။       ။