အပွင့်လိုလျှင် အပင်ကိုပျိုးရမည့် ကလေးသူငယ်များ၏ အခန်းကဏ္ဍ

Posted_Date

Image

အပွင့်လိုလျှင် အပင်ကိုပျိုးရမည့် ကလေးသူငယ်များ၏ အခန်းကဏ္ဍ

Body

"The child is the father of  man" ဟူသော စကားတစ်ခုရှိပေသည်။ မြန်မာစကားတွင်လည်း “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟု သုံးနှုန်းတတ်ကြသည်။ သစ်ပင်ပန်းပင်များပင်လျှင်   အပင်ငယ်စဉ်က ကောင်းမွန်သောမြေဩဇာ၊     ကောင်းမွန်သော ရေလောင်းပေါင်းသင်မှုရရှိမှသာ သန်စွမ်းဖွံ့ဖြိုးသကဲ့သို့  လူတို့တွင်လည်း  ငယ်စဉ်ကလေးဘဝမှစတင်ကာ   ကောင်းမွန်သောလူ့အဖွဲ့အစည်းအတွင်း ပြုစုပျိုးထောင်မှုရရှိမှသာ  တန်ဖိုးရှိသောလူသားအရင်းအမြစ်များဖြစ်လာမည်ဖြစ်သည်။

ကလေးဆိုသည်မှာ အသက် ၁၈ နှစ်အောက်ရှိသူဖြစ်သည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏သတ်မှတ်ပေးချက်အရ အသက် ၁၈ နှစ်မပြည့်သေးသောကလေးများကို  စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊   ရုပ်ပိုင်းဆိုင်ရာအရသော်လည်း ကောင်း၊   လိင်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊  မိဘကစောင့်ရှောက်မှု (သို့) အုပ်ထိန်းမှုကိုလျစ်လျူရှုလျှင်သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေး၊ လူမှုရေးအရသော်လည်းကောင်း  အသုံးမပြုရပါ။  တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းကသော်လည်းကောင်း ကလေးများကို ဖြားယောင်းသွေးဆောင် အသုံးချခဲ့လျှင် ကလေးများကာကွယ်သည့် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည်ဟု United Nations Convention on the Right of the Child  တွင် ပြဋ္ဌာန်းထားသည်။

အဓိကထားတည်ဆောက်ရမည့်    လူ့စွမ်းအားအရင်းအမြစ်

“အပွင့်လိုလျှင် အပင်ကိုပျိုးရမည်” ဆိုသလိုပင် ယနေ့ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံတိုင်းတွင် လူ့စွမ်း အားအရင်းအမြစ်ကို   အဓိကထားတည်ဆောက်လျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်၏ အဓိက ဖြစ်သော ကလေးသူငယ်များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှအစ ဘက်စုံကဏ္ဍစုံ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေရာတွင် နိုင်ငံ၏ သားကောင်းရတနာများဖြစ်သည့် ကလေးသူငယ်နှင့်လူငယ်များ၏အခန်းကဏ္ဍကို ချန်လှပ်ထားခဲ့ခြင်းမရှိဘဲ ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ အခွင့်အရေးများကိုမြှင့်တင်၊ ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်အတည်ပြုချုပ်ဆိုခဲ့ပြီး ကလေး သူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်  ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့်   ကလေးသူငယ်အခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍  ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို ရုပ်သိမ်းပြီး ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

လူ့စွမ်းအားအရင်းအမြစ်၏အခြေခံသည် မွေးစမှအသက်ငါးနှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ်များဖြစ်ပြီး ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပေသည်။ ကလေးသူငယ်များဘဝတွင် ကောင်းမွန်သောပြုစု ပျိုးထောင်မှုခံယူခဲ့ကြမှသာ ကလေးသူငယ်ဘဝနှင့် နောင်လူငယ်ဘဝတို့ တွင်  ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာမည်ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုဆိုင်ရာပြုပြင် ပြောင်းလဲမှု၊ ပုဂ္ဂလိကကဏ္ဍပြုပြင် ပြောင်းလဲမှုများနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန် ဘက်စုံထောင့်စုံမှ ကြိုးပမ်းနေကြချိန်တွင် ရှေးဦးကလေးသူငယ်များ ပြုစုစောင့်ရှောက်မှုနှင့်  ဖွံ့ဖြိုးမှုကို နောက်ချန်မထားဘဲ တစ်ပြိုင်နက် လုပ်ဆောင်ကြရမည်ဖြစ်သည်။နိုင်ငံတော်အနေဖြင့် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးခြင်းကို ဆောင်ရွက်ပေးရုံသာမက ပညာ ရေးဝန်ကြီးဌာနမှ  မူလတန်းအရွယ်ကလေးတိုင်း မသင်မနေရပညာရေးစနစ် ပြဋ္ဌာန်းပေးခြင်း၊  အခမဲ့ ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကလေးငယ်များ၏ အခန်းကဏ္ဍကို   ပိုမိုတိုးမြှင့်ပေးရန်အတွက်  ပညာရေးသက်သက်သာမက   ကိုယ်ကာယဖွံ့ဖြိုးရေးနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးတို့အတွက်လည်း ဖျော်ဖြေရေးကဏ္ဍများတွင်  ကလေးများအတွက်အစီအစဉ်များ အထူးတလည်ထည့်သွင်းပေးလျက်ရှိသည်။ စာပေ၊ ဂီတနှင့်ပတ်သက်သည့် ပြိုင်ပွဲများ လည်းကျင်းပပေးပြီး  ထူးချွန်သည့်ကလေးများကို ပြည်ပနိုင်ငံများသို့  လေ့လာရေးစေလွှတ်ခြင်း၊ ပညာသင်စေလွှတ်ခြင်းများဖြင့် လူသားအရင်းအမြစ်များကို ကောင်းမွန်သည်ထက်ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ အတွေးအခေါ်မှန်ကန်ပြီး    မြန်မာနိုင်ငံ၏  ရေမြေသဘာဝနှင့် ယဉ်ကျေးမှုအခြေအနေများကို  သဘောပေါက်နားလည်လာသူများ ဖြစ်လာစေရန်ရည်ရွယ်၍လည်း  ကင်းထောက်လူငယ်အဖွဲ့ကို  ဖွဲ့စည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမျှမက အသက်မပြည့်ဘဲ  အလုပ်လုပ်ကိုင်နေကြရသော  ကလေးများ၏အခြေအနေများနှင့် ဝေးလံခေါင်းပါးသည့်  ကျေးလက်ဒေသများတွင် နေထိုင်နေကြရသော ကလေးလုပ်သားများ၏ပညာ ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အပြည့်အဝမရရှိခြင်း၊ မြေယာလက်ဝယ်ကင်းမဲ့ခြင်း၊ ရွှေ့ပြောင်း အခြေချနေထိုင်ရခြင်း၊ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်း စသည့်ဆင်းရဲမွဲတေမှုသံသရာကို ရှည်လျားစေသည့်   အကျိုးသက်ရောက်မှု များကိုလည်း လျော့ကျလာစေရန် ဆောင်ရွက်လျက်ရှိသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လို

    စစ်တမ်းများအရ  စီးပွားရေးနိမ့်ကျမှုသာမက ရှေးရိုးစွဲလူမှုရေးအမြင်များနှင့် ကျား၊ မ အယူအဆများကလည်း ကလေးသူငယ်များကို လုပ်ငန်းခွင်သို့ အချိန်မတိုင်မီ တွန်းပို့လျက်ရှိသည်။ ဒေသတွင်း ကလေးလုပ်သားအရေအတွက် လျှော့ချသွားနိုင်ရန်နှင့် အကာအကွယ်ပေးနိုင်ရေးအတွက် လူထုအတွင်း ပညာရေးဆိုင်ရာ    စွမ်းရည်ပံ့ပိုးမှုအစီအစဉ်များမြှင့်တင်ခြင်းနှင့် လုပ်ငန်းခွင်လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်ခြင်းဆိုင်ရာ အစီအမံများကိုလည်း အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ပူးပေါင်းကာ ပံ့ပိုးဆောင်ရွက်နေလျက်ရှိသည်။ ကလေးသူငယ်များဆိုင်ရာအချက်အလက်များကို တိကျမှန်ကန်စွာမှတ်တမ်းတင် ထုတ်ဖော်ခြင်းဖြင့် ကလေးများအတွက် တိုက်တွန်းလှုံ့ဆော်ခြင်း၊  စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ပံ့ပိုးမှုများ ဖြည့်ဆည်းပေးခြင်း၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို  မြှင့်တင်ပေးခြင်းတို့ကို   ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆင်းရဲမှုလျှော့ချရေး အစီအစဉ်များကိုလည်း  ဆောင်ရွက်လျက်ရှိပြီး မိသားစုတစ်စုချင်းအလိုက် ဆင်းရဲမှုလျော့ကျလာသည်နှင့်အမျှ ကလေးငယ်များ၏ ပညာသင်ယူခွင့်နှင့် ကလေးသူငယ် အခွင့်အရေးများ အပြည့်အဝရရှိလာမည်ဖြစ်သည်။

ကလေးများသည်   နိုင်ငံ့ရတနာများဖြစ်ကြရာ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများကို နိုင်ငံများမှ မြှင့်တင်၊ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကုလသမဂ္ဂကကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of  the  Child-CRC)  ကို  အတည်ပြုချမှတ်ခဲ့ပြီး ယင်းနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင်  ၃၆  နှစ် ပြည့် မြောက်ခဲ့ပြီဖြစ်သည်။

ယနေ့ခေတ်တွင်  ရှင်သန်ကြီးပြင်းလာရသော ကလေးသူငယ်များသည် အိမ်မှစာသင်ခန်း၊ စာသင်ခန်းမှအိမ်သို့သာ  လှုပ်ရှားသွားလာမှုများပြားပြီး ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်စပ်မှုနည်းပါးနေသည်ကိုတွေ့ရသည်။ အွန်လိုင်းဂိမ်း၊ ဗီဒီယိုဂိမ်းကဲ့သို့သော နည်းပညာဆိုင်ရာ ကစားနည်းများကလည်း ကလေးသူငယ်များကို လူမှုပေါင်းသင်းဆက်ဆံမှု နည်းပါးလာစေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်မည့် ဗဟုသုတများနှင့် ကြံ့ခိုင်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများပြည့်ဝလာစေရန် ကျောင်းပညာရေးသာမက လူမှုရေးကဏ္ဍများတွင်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်ပြီး ဘက်စုံထူးချွန်သော နိုင်ငံ့သားကောင်းများဖြစ်လာစေရန် နိုင်ငံတော်၏ပံ့ပိုး ကူညီမှုများသာမက မိဘနှင့်ဆရာများပါ ပူးပေါင်းပြီး ဆောင်ရွက်သွားရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်များသည် ဆင်းရဲမွဲတေခြင်း၊  ပဋိပက္ခများကြုံတွေ့ရခြင်း၊   ပညာသင်ကြားခွင့်မရရှိခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကဲ့သို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ကလေးသူငယ်များအပေါ်   အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လျော့နည်းပပျောက်စေရေး  ကြိုးပမ်းအားထုတ်ရာတွင် အစိုးရအဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍ရနိုင်မည မဟုတ်ဘဲ  အရပ်ဘက်အဖွဲ့အစည်းများ၊ မိဘနှင့် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။

 အချုပ်အားဖြင့်ဆိုသော် ကလေးသူငယ်များသည် နိုင်ငံအနာဂတ်၏  လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက်  ကလေးများငယ်ရွယ်စဉ်ကပင် ကျန်းမာပျော်ရွှင်စွာ  လွတ်လွတ်လပ်လပ်ကြီးပြင်းလာစေရေးသည် အရေးကြီးသည်။ ကလေးသူငယ်များ၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေသည်ဖြစ်ရာ ကလေးသူငယ်များဘဝ ကြီးပွားရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ကလေးသူငယ်အခွင့်အရေးများကို အလေးထားကာ အစဉ်တစိုက်မြှင့်တင် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများဖြစ်သော အသက်ရှင်သန်ရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေး၊ လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး စသည့်အခွင့်အရေးများကို ကလေးများအားလုံး တန်းတူညီမျှရရှိခံစားနိုင်ရန်နှင့် အနာဂတ်ဘဝသာယာလှပစေရန်အတွက်  ကလေးများ၏အသံကိုနားထောင်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။       ။

MWD