သတိပြုဖွယ်ရာ ဆောင်းရာသီ ရောဂါများ

Posted_Date

Image

သတိပြုဖွယ်ရာ ဆောင်းရာသီ ရောဂါများ

Body

မိုးရာသီမှ ဆောင်းရာသီသို့ ကူးပြောင်း ရောက်ရှိလာပြီဖြစ်ရာ ဆောင်းရာသီတွင် အအေးမိ၊  နှာစေး၊  ချောင်းဆိုးရောဂါများ ဖြစ်ပွားတတ်သဖြင့် သတိပြုဖွယ် ဆောင်ရန်၊    ရှောင်ရန်အချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။

အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ကုထုံးများ

     အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါ များမဖြစ်စေရန် ကိုယ်ခံအားကောင်းနေ ရန်လိုအပ်သည်။   ကိုယ်ခံအားကောင်းစေရန်  ဗီတာမင်-C  များစွာ  ပါဝင်သည့် လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊  ဂရိတ် ဖရုသီးများကို   စားပေးပါ။   မုန်လာဥနီ၊   မုန်လာဥဖြူ၊   ရွှေဖရုံသီး၊    ကန်စွန်းဥ၊ ရွက်စားမုန်လာ၊ စိမ်းစားဥ၊ အာဒါလွတ်ဥ၊    ကြက်သွန်နီ   စသည့်မြေအောက်မြစ် လျှောက်   ဟင်းသီးဟင်းရွက်များစားပါ။ ငါး၊  အမဲသား၊ ရွှေဖရုံညွန့်၊  မုန်လာရွက်၊    ဆန်လုံးညို၊   ရေနွေးကြမ်းလက်ဖက်ခြောက်၊ တလည်းသီး၊ မျှစ်၊ ချဉ်ပေါင်ရွက်၊ အစိမ်းရောင်ပန်းငရုတ်ပွ၊    ကျောက်ဖရုံ သီး၊   ကြက်ဟင်းခါးသီး၊    ခရမ်းချဉ်သီး၊   စောင်းလျားသီး၊  ချဉ်စော်ခါးသီး၊    ပြည် ပန်းညိုရွက်၊    ဒန့်သလွန်ရွက်၊    မဲဇလီဖူး၊ မဲဇလီရွက်တို့ကလည်း      ဆောင်းတွင်း ဓာတ်စာများဖြစ်ကြ သည်။ အပူငြိမ်း၀မ်း မှန်စေရန် သင်္ဘောသီးမှည့်၊ ဖီးကြမ်းငှက် ပျောသီးမှည့်စားပါ။  မန်ကျည်းမှည့်ဖျော် ရည်ထဲ ဆားထည့်သောက်ပါ။ ဗီတာမင်-C ကြွယ်၀ပြီး   အမျှင်ဓာတ်များသော   ဂေါ်ဖီ ထုပ်ကို ဆောင်းရာသီဓာတ်စာ ဟင်းခါးပူပူ လေးအဖြစ် မကြာခဏချက်သောက်ပေးပါ။

ပန်းနာရင်ကျပ်ရောဂါ

    ပန်းနာရင်ကျပ်ရောဂါသည်   ဓာတ်မတည့်သော    ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏တုံ့ပြန်မှုက     အသက်ရှူလမ်းကြောင်းတွင် ပြဿနာဖြစ်စေနိုင် သည်။ ဓာတ်မတည့်သောအရာများကို ထိမိကိုင်မိ၊  စားမိခြင်းတို့ကြောင့် ပန်းနာ ရင်ကျပ်ရောဂါ ပြင်းထန်လာတတ်သည်။ ယင်းအတွက်    ဓာတ်မတည့်သောအရာများကို   အထူးရှောင်ကြဉ်ပါ။   အေးမြသည့်လေကို   ရှူရှိုက်ရသည့်အခါ  ရောဂါ ပိုထစေနိုင်သည့်အတွက်  နှာခေါင်းနှင့် ပါးစပ်တို့ကို  ပဝါဖြင့်  စည်းနှောင်ပတ်ထားပါ။   သောက်နေကျဆေးကို   ပုံမှန် သောက်ပါ။

အစာအိမ်မှ   အက်စစ်များ  အပေါ်ဆန်တက်လာခြင်းက   ရင်ပူနာဖြစ်ကာ ပန်းနာရင်ကျပ်ဖြစ်ခြင်းကို အစပျိုးပေးနိုင်သဖြင့်  ထမင်းစားပြီးနောက်  ချက်ချင်း လှဲမအိပ်ပါနှင့်။ ပန်းနာရောဂါဖြစ်နေချိန်တွင်   မုန်ညင်းဆီကို  ပရုတ်ဆီနှင့်ရော၍ ကျောနှင့်ရင်ဘတ်အနှံ့စိမ့်၀င်သွားအောင် ပွတ်နယ်လိမ်းပေးပါ။ ပျားရည်က ချွဲများ ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေနိုင်သဖြင့် ပျားရည်ရနံ့ကို ရှူရှိုက် ပေးပါ။ ရေနွေးပူပူတစ်ခွက်ထဲမှာ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောဖျော်၍ တစ်နေ့သုံးကြိမ်သောက်ပါ။ ကြက်သွန်ဖြူ ၁၀ မြွှာကို နွားနို့ ၃၀ မီလီလီတာဖြင့် ပြုတ်၍    တစ်နေ့တစ်ကြိမ်သောက်ပါ သို့မဟုတ် ရေနွေးဆူဆူတွင် ကြက်သွန်ဖြူ လေးမြွှာခတ်၍  ၅ မိနစ်ခန့် အအေးခံပါ။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်သောက်ပေးခြင်းဖြင့်   ပန်းနာရင်ကျပ်ရောဂါကို သိသိသာသာ လျော့ကျစေသည်။

အဆုတ်ပွရောဂါ

     နာတာရှည်   လေပြွန်ကျဉ်းခြင်းကို အဆုတ်ပွရောဂါဟုခေါ်သည်။ ဆေးလိပ် သောက်ခြင်း၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်းနှင့် ညစ်ညမ်းသောလေကို ရှူမိခြင်း တို့ကြောင့်   ရောဂါဖြစ်လာရသည်။

ထို့ကြောင့် ဆေးလိပ်ဖြတ်ပါ။ ဖုန်၊ မီးခိုး ငွေ့တို့ကိုရှောင်ပါ။ ဆရာဝန်ညွှန်ကြားထား သည့်အတိုင်း  ဆေးပုံမှန်သောက်ပါ။   ရေ များများသောက်ပါ။   ငှက်ပျောဖူးသည် ချွဲသလိပ်ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်း  ပွင့်စေသည်။ ပူပူစပ်စပ်စားပါ။ ငရုတ်သီး၊ ငရုတ်ကောင်းတို့၏ သဘာ၀ အပူဓာတ်က    သွေးလည်ပတ်စီးဆင်းမှု အားကောင်းစေပြီး     ရောဂါပိုးများ၀င်ရောက်ခြင်းကို  တိုက်ထုတ်ပေးသည်။    တရုတ်နံနံ၊ ဟင်းနုနယ်၊ မုန်လာဥနီ၊   ရွှေ ဖရုံသီး၊  ပန်းငရုပ်ပွ၊ ဘယ်ရီသီးအမျိုးမျိုး၊ လိမ္မော်သီး၊   နာနတ်သီး၊   ဂရိတ်ဖရုသီး၊ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊   ပဲစေ့များ၊ အခွံမာသီး၊  ဂေါ်ဖီထုပ်၊  ပန်းဂေါ်ဖီအဖြူ၊  ပန်းဂေါ်ဖီစိမ်း၊  ကိုက်လန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီများက   အဆုတ်ကို    အားကောင်းစေသည်။

၀မ်းပျက်၊ ၀မ်းလျှောရောဂါ

     ရေကိုဖြစ်နိုင်ပါက  ကျိုချက်သောက်ပါ။ အစားအစာများကို ပူပူနွေးနွေးစားသုံး ပါ။   ယင်မနားအောင်  ဖုံးအုပ်ထားပါ။ ယင်နားစာများကို ရှောင်ကြဉ်ပါ။ ဒိန်ချဉ် ထဲတွင်ပါရှိသော    လက်တစ်အက်စစ် က အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ ၀မ်းသွားစေသော   ဗက်တီးရီးယားပိုး များကို သေစေနိုင်သည်။ (ဒိန်ချဉ်ထဲကို သကြား၊     ထန်းလျက်ရည်မရောဘဲ သူ့ချည်းသောက်ပါ)။ လိမ္မော်သီးအခွံက ၀မ်းပျက်၊ ၀မ်းလျှောခြင်းအတွက် ကောင်းကျိုးပြုနိုင်၍၊ လိမ္မော်ခွံကို ပြုတ်၍သော် လည်းကောင်း၊ ရေနွေးဆူဆူတွင်ခတ်၍ သော်လည်းကောင်း အအေးခံပြီးသောက် ပါ။  မြေအိုးတစ်လုံးထဲတွင် ကန်စွန်းရိုးနီ ၁၀  ပင်ခန့်ကို   ဖြတ်တောက်၍  အညို ရောင်ထန်းလျက် ၁၅ ကျပ်သားခန့်ထည့် ကာ ကန်စွန်းပင်များ ရေမြုပ်သည်အထိ ရေဖြည့်၍ ကန်စွန်းညွန့်များ  နူးအိလာ အောင်ပြုတ်ပါ။ ယင်းပြုတ်ရည် နွေးနွေးကို ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံး သောက်ပေးရပါမည်။ ဤနည်း အတိုင်း ခြောက်ကြိမ်ခန့် သောက်ပြီးပါ က သူ့အလိုလို ၀မ်းရပ်သွားပါလိမ့်မည်။

ရာသီတုပ်ကွေးရောဂါ

    ကြက်သားနှင့် ကြက်ရိုးစွပ်ပြုတ်ရည်သည် ကိုယ်ခံအားကောင်းစေရုံသာမက တုပ်ကွေးကြောင့်   အအေးမိ၊  နှာစေး၊ ချောင်းဆိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ အတွက် အကောင်းဆုံးအိမ်တွင်းသမား တော်ဖြစ်သည်။  ကြက်သွန်ဖြူထဲတွင် အအေးမိခြင်းကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကို   တားဆီးကာကွယ်နိုင်သည့် ဂုဏ်သတ္တိနှင့် ဗက်တီးရီးယားပိုးမွှားများ အန္တရာယ်မှ ကာကွယ်နိုင်သော သဘာ၀ စွမ်းအင်များပါရှိသည်။ ထို့ကြောင့် ထမင်း စားလျှင်  ကြက်သွန်ဖြူကို  အနည်းဆုံး တစ်မြွှာထည့်စားပေးသင့်သည်။ ဒိန်ချဉ် ထဲရှိ   Probiotics   (ခေါ်)   ခန္ဓာကိုယ် အကျိုးပြု ဗက်တီးရီးယားများက ကိုယ်ခံစွမ်းအားကို  တိုးတက်မြင့်မားလာစေ သည်။ 

အရေပြားခြောက်သွေ့ယားယံခြင်း

    လူတော်တော်များသည် ဆောင်းရာသီ  ရောက်တိုင်း   ခြေသလုံးသားအရေပြား ပေါ်တွင် ငါးအကြေးခွံသဏ္ဌာန် အသားပပ်လာပြီး   ယားယံသောကြောင့် အတင်း ဖိကုတ်မိကာ       အရေပြားသွေးစို့လာသည်။ ထိုပြဿနာအတွက် သကြားရည် (အလှဆီ)၊ သံလွင်ဆီ၊ အုန်းဆီတို့ကို လိမ်းပေးပါ။ ဆောင်းရာသီက ချမ်းအေးသော်လည်း ရေလျှော့မသောက်ကြဘဲ နွေပူပူ ရင်ပူပူတွင် ရေသောက်သကဲ့သို့ ဆောင်း ရာသီတွင်လည်း ရေများများသောက်ပေး ရန် လိုအပ်သည်။  သို့မှသာ အသားအရေ အတွက် အစိုဓာတ်ထိန်းသိမ်းရာရောက် ပြီး အသားပပ်ခြင်း၊ အသားခြောက်သွေ့ ယားယံခြင်း၊ နှုတ်ခမ်းသား အဖတ်လန် ခြင်း၊ ကျီးကန်းပါးစပ်ဖြစ်ခြင်း၊ ခံတွင်း ခြောက် လည်ချောင်းနာခြင်းနှင့် ခံတွင်း ရနံ့ဆိုးထွက်ခြင်းတို့မှ ကာကွယ်နိုင်မည်။ ထိုမျှမက ခန္ဓာကိုယ်တွင်း  အူ၊   ကလီစာများ အလုပ်ကောင်းကောင်းလုပ်နိုင်စေကာ ဓာတ်ကြီးလေးပါးမှန်စေပြီး ၀က်ခြံဖုများ  ထွက်လာမည်ကို  မစိုးရိမ်ရတော့ပေ။

အချုပ်အားဖြင့်ဆိုရသော်   ချမ်းအေး သောဆောင်းရာသီတွင် ကိုဗစ်-၁၉ ရောဂါ ကိုဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးကွဲသစ်များ အန္တရာယ်ကလည်း လေထုထဲ၌ ရှိနေသည့်အတွက် ဆောင်းရာသီကာလ တွင်    ယခင်ကထက်ပို၍   မိမိကိုယ်ကိုကျန်းမာကြံ့ခိုင်အောင် နေထိုင်သင့်ပါ သည်။ ခန္ဓာကိုယ်တွင်း ဗီတာမင်-C ဓာတ် ပြည့်၀နေစေရန် အရည်ရွှမ်းကာ အချဉ်ဓာတ်အရသာရှိသော သစ်သီး၀လံများ ကို ရာသီဓာတ်စာအဖြစ်  ယခင်ကထက်  ပိုမိုစားသုံးပေးရင်း    ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများမှ     ကြိုတင် ကာကွယ်နိုင်ကြပါစေကြောင်း  ရေးသား လိုက်ရပါသည်။

MWD

Photo Credit to Hello Sayarwon