ပြည့်ခြေ ပြည့်လက် ရတနာတို့ ဆတိုးဖြိုးကြွယ်ပါစေ
Posted_Date
Image
Body
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) ကျောင်းဆင်းပွဲ ဂုဏ်ပြုဆောင်းပါး
ဆောင်းနှင်းမြူငွေ့တို့လွှမ်းခြုံထားသည့် ပြင်ဦးလွင်မြို့၏ အရုဏ်လင်းစအပူချိန်မှာ တစ်ဆယ်ဒီဂရီဆဲလ်စီးယက်သာ ရှိ၏။ တာဝန်ပြီးဆုံး၍ ထွက်ခွာသွားသော အမှောင်ထု၏နေရာတွင် သူရိန်နေမင်း၏သစ်လွင်နွေးထွေးသော နေ့သစ်အလင်းရောင်က တဖြည်းဖြည်းနေရာယူလာသည်။ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဆင်း စစ်ရေးပြပွဲအခမ်းအနားကျင်းပမည့် မြက်ခင်းပြင်နှင့် အနီးဝန်းကျင်ရှိ ရောင်စုံပန်းအလှတို့အပေါ် နေခြည်နုနု ဖျန်းပက်မိသွားချိန်တွင် သစ်ပင်ပန်းမန်များအပေါ် ဝဲခိုနေသည့် နှင်းရည်နှင်းခဲတို့မှာ လှုပ်နှိုးခံလိုက်ရသည့် စိန်ပွင့်စိန်ခဲတို့အလား တဖျပ်ဖျပ်မျက်တောင်ခတ်လျက် လင်းလက်တောက်ပလာကြသည်ကို တွေ့မြင်ရသည်မှာ ကဗျာဆန်လှပေသည်။
တပ်မတော်နည်းပညာတက္ကသိုလ်ကို ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ပြင်ဦးလွင်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ စတင်ဖွင့်လှစ်စဉ်က “တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်” Defence Services Institute of Technology (DSIT) ဟု ခေါ်ဆိုခဲ့ရာမှ ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ စတင်ပြီး “တပ်မတော်နည်းပညာ တက္ကသိုလ်” Defence Services Technological Academy (DSTA) ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ကြောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက်မှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အင်ဂျင်နီယာအရာရှိကောင်းများ မွေးထုတ်ပေးရန်” ဖြစ်သည်။
တပ်မတော်နည်းပညာတက္ကသိုလ်တွင် စာပေဌာန၊ လေ့ကျင့်ရေးဌာနနှင့် အုပ်ချုပ်မှုဌာနဟူသည့် အဓိကဌာနကြီးသုံးခုရှိသည်။ ကျောင်းဌာနချုပ်ရုံးမှာ တပ်မတော်နည်းပညာတက္ကသိုလ်၏ ဖွဲ့စည်းပုံပါရည်ရွယ်ချက်နှင့်အညီ ဗိုလ်လောင်းသင်တန်းသားများကို တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာဘွဲ့ရအရာရှိကောင်းများ မွေးထုတ်ပေးရမည့်အပြင် တစ်ဆင့်မြင့်မဟာအင်ဂျင်နီယာဘွဲ့နှင့် ပါရဂူဘွဲ့များအထိရရှိအောင် သင်ကြားမွေးထုတ်ပေးပြီး လေ့ကျင့်ရေးဆိုင်ရာမူဝါဒ၊ စာပေသင်ကြားရေးဆိုင်ရာမူဝါဒများကို ချမှတ်ပေးကာ ရည်မှန်းချက်အောင်မြင်စေရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
စာပေဌာနက ဗိုလ်လောင်းများကို တက္ကသိုလ်ပညာ သင်ကြားလေ့ကျင့်ပေးရာမှာ နယ်ဘက်နည်းပညာတက္ကသိုလ်များရဲ့ ပညာရေးစနစ် ယေဘုယျမူများနှင့် အညီ လိုက်နာကျင့်သုံးပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်အတွက် အတတ်ပညာရှင် သားကောင်းရတနာများ မွေးထုတ်ပေးရန်၊ တပ်မတော်၏ သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားစေရန်နှင့် ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရန်၊ တပ်မတော်၏အစဉ်အလာ တစ်ဆယ့်နှစ်ရပ်ကို အသက်ပေးစောင့်ထိန်းသည့် မျိုးဆက်သစ်ခေါင်းဆောင်များ ပြုစုပျိုးထောင်ပေးရန်နှင့် တပ်မတော်၏ သိပ္ပံနှင့်နည်းပညာ အခန်းကဏ္ဍပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေရန် ရွေးချယ်သင်ကြားပေးလျက် ရှိကြောင်းလည်း သိရသည်။
လေ့ကျင့်ရေးဌာနအနေဖြင့် ဗိုလ်လောင်းများကို ခြေလျင်တပ်စုမှူးအဆင့်အထိ စစ်ပညာရပ်များ ပြည့်ဝစွာတတ်မြောက်စေရန်၊ အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ လေ့ကျင့်ပေးလျက်ရှိသည်။ ယင်းအပြင် စစ်သည်တစ်ဦးချင်းတွင်ရှိရမည့် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု စသည့် တပ်တိုင်း၊ ရဲဘော်တိုင်းထားရှိရမည့် အခြေခံအရည်အချင်း ငါးပါးနှင့် ပြည့်စုံစေရန်အတွက်လည်း စနစ်တကျလေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
အမှတ်စဉ်(၁)ဗိုလ်လောင်းသင်တန်းမှ ယခုအမှတ်စဉ်(၂၇) ဗိုလ်လောင်းသင်တန်းအထိ တပ်မတော်နည်းပညာတက္ကသိုလ် အနေဖြင့် စုစုပေါင်းအင်ဂျင်နီယာဘွဲ့ရ အရာရှိ ၇၈၆၂ ဦးကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာတွေ့ရှိရပေသည်။
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းအားလုံး နေ့စဉ်စာပေသင်တန်း အသွားအပြန်နှင့် အခမ်းအနားများတွင် သီဆိုတီးမှုတ်နေသည့် သီချင်းများအပြင် တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ပတ်သက်ပြီး သီးခြားသီဆိုကြရသော သီချင်းများရှိကြောင်းသိရသည်။ ကျောင်းဆင်းစစ်ရေးပြ အခမ်းအနား၌ စစ်ရေးပြကွင်းအတွင်း ဝင်လာစဉ် ပထမဆုံးသီဆိုသည့်သီချင်းမှာ “တပ်မတော်နည်းပညာတက္ကသိုလ်”ဟု အမည်ရပြီး ယင်းသီချင်းမှာ တပ်မတော်နည်းပညာ တက္ကသိုလ်အမှတ်စဉ်(၁)ဗိုလ်လောင်း သင်တန်းကတည်းက စတင်သီဆိုခဲ့သည့် သမိုင်းဝင်သီချင်းဖြစ်ကြောင်းလည်းသိရသည်။
ကျောင်းဆင်းတပ်ခွဲများ စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာစဉ် နောင်တော်ကျောင်းဆင်းတပ်ခွဲကို ညီတော်တပ်ခွဲများက နှုတ်ဆက်သည့်အနေဖြင့် “နောင်တော်စစ်သည်”ဟု အမည်ရသည့် သီချင်းကိုသီဆိုဂုဏ်ပြုကြသည်။
သတင်းမှတ်တမ်းတင်ရိုက်ကူးမည့် စာရေးသူတို့အဖွဲ့သားများမှာ နံနက် ၆ နာရီမတိုင်မီအချိန်ကတည်းက သတ်မှတ်နေရာ အသီးသီး၌ နေရာယူခဲ့ကြပြီးဖြစ်သည်။ မကြာမီအချိန်၌ ကျောင်းဆင်းစစ်ရေးပြပွဲအား ချီးမြှင့်ဂုဏ်ပြုကြမည့် ဧည့်သည်တော်များလည်း ရောက်ရှိနေရာယူခဲ့ပြီးဖြစ်သည်။ နံနက် ၇ နာရီတွင် စစ်မိန့်ပေးသံများ ဘင်သံတအုန်းအုန်းဖြင့် စစ်ချီသီချင်းဟစ်ကြွေးသံများကို ကြားလာရသည်။
မကြာမီပင် စစ်ရေးပြမှူး ဦးဆောင်ချီတက်လာသည့် အလံတော်အဖွဲ့နှင့် စစ်ရေးပြတပ်ခွဲများကွင်းအတွင်း ဝင်ရောက်လာသည်။ စစ်ရေးပြမှူး၏နောက်တွင် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲဖြစ်သည်။ ထို့နောက်တွင်မှ ကျောင်းဆင်းအရန် ညီတော်တပ်ခွဲများက လိုက်ပါချီတက်လာခြင်း ဖြစ်သည်။
စစ်ချီတေးသီချင်းကို ဟစ်ကြွေးချီတက်လာနေသည့် စစ်ရေးပြတပ်ခွဲများ၏ စစ်သွေးစစ်မာန်ထက်သန် တက်ကြွမှုများက တပ်မတော်အင်ဂျင်နီယာ အရာရှိများ၏ ကောင်းမြတ်သည့် အစဉ်အလာပုံရိပ်များကို လည်းကောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းတော်ကြီး၏ “ကျင့်ဝတ်တီထွင် စွမ်းအားရှင်”ဟူသည့် သမိုင်းအစဉ်အလာပုံရိပ်များကိုလည်းကောင်း ထင်ဟပ်လာစေလျက်ရှိသည်။ ကျောင်းဆင်းစစ်ရေးပြတပ်ခွဲအားလုံး နေရာယူပြီးချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရောက်ရှိလာသဖြင့် အလေးပြုတန်းအပ်ပြီး ကျောင်းဆင်းစစ်ရေးပြ အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့၏။
တပ်မတော်နည်းပညာတက္ကသိုလ် အမှတ်စဉ်(၂၇)၏ ကျောင်းဆင်းစစ်ရေးပြ အခမ်းအနားတွင် ကျောင်းဆင်းတပ်ခွဲ အပါအဝင် နောက်ရန်တပ်ခွဲအားလုံး၏ သေသပ်ညီညာစွာဖြင့် ဖျတ်ဖျတ်လတ်လတ်၊ မာန်ပါပါလှုပ်ရှားနိုင်စွမ်း ရှိသည်ကို လေးစားအထင်ကြီးဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ ထိုရွေ့ထိုမျှ အရည်အချင်းပြည့်ဝပြီး ထက်ထက်မြက်မြက်၊ သွက်သွက်လက်လက်ရှိလှသော အင်ဂျင်နီယာပညာသည်တပ်မတော်အရာရှိငယ်များသည် များမကြာသောအချိန်၌ပင် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတို့အပေါ် ကဏ္ဍနယ်ပယ်အသီးသီးမှနေ၍ အလုပ်အကျွေးပြုကြပေတော့မည်ဖြစ်သည်။ ထို့ကြောင့်ပင် ထိုကဲ့သို့သော တပ်မတော်အရာရှိ အင်ဂျင်နီယာ ပညာသည်များကို အောင်အောင်မြင်မြင် နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည့် မိခင်တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းတော်ကြီးကို ပြည်သူတို့ကိုယ်စား စာရေးသူ၏ ရင်တွင်းဆန္ဒမှန်ဖြင့် ကျေးဇူးတင်မိလိုက်သည်။
အရည်အချင်းပြည့်ဝပြီး ထက်ထက်မြက်မြက်၊ သွက်သွက်လက်လက်ရှိလှသော အင်ဂျင်နီယာပညာသည် တပ်မတော်အရာရှိများကို မြင်တွေ့ရသည်တွင် စာရေးသူငယ်စဉ်က လေ့လာသင်ယူခဲ့ဖူးသော စိန္တကျော်သူ ဦးဩ၏ “နဝရတ်ကိုးသွယ်”လင်္ကာကိုပြန်လည်အမှတ်ရမိလာသည်။ စိန္တကျော်သူဦးဩက တိုင်းပြည်နိုင်ငံတစ်ခုကြီးပွား တိုးတက်ရန်အတွက် ထိပါးပျက်စီးစေခြင်းမရှိဘဲ အမြဲတစေစည်ပင်ဖွံ့ဖြိုးစေရန် စောင့်ရှောက်ထားရမည့် နဝရတ်ကိုးသွယ်အဖြစ် တင်စားနိုင်သည့် ရတနာကိုးသွယ်ရှိကြောင်း ရေးဖွဲ့ထားသည်။ ယင်းတို့မှာ ပြည့်ဦးကင်းရတနာမည်သော မှူးကြီးမတ်ကြီးများ၊ ပြည့်တံခွန်ရတနာမည်သော ရဟန်းသံဃာတော်အရှင်မြတ်များ၊ ပြည့်မျက်စိရတနာမည်သော ဟူးရားဗေဒင် အတတ်ပညာရှင်များ၊ ပြည့်နားရတနာမည်သော ပညာရှိမင်းတိုင်ပင်အမတ်များ၊ ပြည့်အစွယ်ရတနာမည်သော မင်းညီမင်းသားဆွေမျိုးညီနောင်များ၊ ပြည့်မျက်နှာရတနာမည်သော လုလင်ပျိုနှင့် သမီးပျိုများ၊ ပြည့်ဝမ်းရတနာမည်သော သူဌေးသူကြွယ်စီးပွားရေး လုပ်ငန်းရှင်များ၊ပြည့်ခြေရတနာမည်သော တပ်မတော်သား စစ်သည်တော်များ၊ ပြည့်လက်ရတနာမည်သော စစ်လက်နက်ပစ္စည်းများဖြစ်သည်။
တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်း အရာရှိငယ်များသည် တိုင်းပြည်အတွက် ကာကွယ်ရေးစစ်သည်များအဖြစ်လည်းကောင်း၊ တိုင်းပြည်ကာကွယ်ရေး စွမ်းအားအတွက် မဖြစ်မနေလိုအပ်သော စစ်လက်နက်ပစ္စည်း တန်ဆာများကို တီထွင်ဖန်တီးပြုပြင် ပေးမည့်သူများအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်သွားကြမည့် သူများဖြစ်သည်။
ထို့ကြောင့်ပင် စာဆိုကျော် စိန္တကျော်သူ ဦးဩ၏ နဝရတ်ကိုးသွယ် လင်္ကာမှအောက်ပါ အပိုဒ်လေးကို စာရေးသူသတိရမိသွားခဲ့ခြင်းဖြစ်သည်-
“ဇာနည်ရဲစွမ်း၊ မှုတော်ထမ်းသည့်
ကြိုးပမ်းအားထု၊ သူရဲစုကား
မြဲမှုထောက်တည်၊ ပြည့်ခြေမည်၏
နှစ်ပြည်ပိုင်ချက်၊ သိကြားစက်သို့
လက်နက်တန်ဆာ၊ ကိရိယာကား
မှီရာလှမ်းသည်၊ ပြည့်လက်မည်၏”
မကြာမီပင် ကွင်းအတွင်းကျန်ရစ်ခဲ့သော နောက်ရန်တပ်ခွဲများလည်း နှုတ်ဆက်စစ်ချီသီချင်းကို မြိုင်ဆိုင်စွာသီဆိုကြလျက် စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာသွားခြင်းဖြင့် ကျောင်းဆင်းစစ်ရေးပြပွဲ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့၏။
တပ်မတော်နည်းပညာတက္ကသိုလ် အမှတ်စဉ်(၂၇)၏ ကျောင်းဆင်းစစ်ရေးပြ အခမ်းအနားပုံရိပ်တို့မှာ ဂုဏ်ပြုတက်ရောက်ခဲ့ကြသည့် ဧည့်သည်တော်များ၏ နှလုံးသားပုံရိပ်တွင် လည်းကောင်း၊ အမိတပ်မတော်နည်းပညာ တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာပုံရိပ်တွင် လည်းကောင်း၊ အမိနိုင်ငံတော်၏ နိုင်ငံ့ကာကွယ်ရေး သမိုင်းစဉ်ပုံရိပ်၌ လည်းကောင်း ဂုဏ်ယူဖွယ်ရာမှတ်တမ်း ပုံရိပ်တစ်ခုအဖြစ် စွဲမြဲတည်တံ့နေမည်သာဖြစ်ကြောင်းနှင့် ပြည့်ခြေ ပြည့်လက်ရတနာတို့ ဆတိုးဖြိုးကြွယ်ပါစေကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ စာပေမှတ်တမ်းပြု ရေးသားလိုက်ရပါသည်။ ။
MWD
