မော်စကို၏အောင်ပွဲ (သို့) ရုရှား S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်များ၏ အောင်မြင်မှု
Posted_Date
Image
Body
ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် အိန္ဒိယနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ မော်စကိုနှင့် နယူးဒေလီတို့အကြား အထူးအခွင့်အရေး ရှိသော မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ ၊ ၎င်းတို့နှစ်နိုင်ငံသည် လက်ရှိတွင် ထိရောက်ကြောင်း သက်သေ ပြပြီးသော လက်နက်များနှင့် အနာဂတ်တွင် အလားအလာရှိသော လက်နက်များ ထပ်မံပေးပို့ရေးအတွက် သဘောတူညီမှုရရှိလိမ့်မည်ဟု ခန့်မှန်းချက်များထွက်ပေါ်နေပါသည်။
ဥပမာအားဖြင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်သ် ဆင်း (Rajnath Singh) က ပူတင်နှင့် မိုဒီ တို့ တွေ့ဆုံစဉ်တွင် S-400 စနစ်များ ထပ်မံဖြည့်ဆည်းပေးရေးအကြောင်း ဆွေးနွေးမည်ဟု ညွှန်ပြခဲ့သည်။
စစ်မြေပြင်တွင် သက်သေပြနေသော နည်းပညာ
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ယူကရိန်းက ရုရှားဒေသများအား နောက်ဆုံး အကြိမ် လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပျံသန်းနေသော တည်ငြိမ်သည့် အတောင်ပံပါ မောင်းသူမဲ့ လေယာဉ် (Fixed-Winged Unmanned Aerial Vehicles) ၂၀၀ ခန့်ကို ပစ်ချနိုင်ခဲ့သည်။
ရရှိသည့်သတင်းများအရ ထိုတိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် Pantsir နှင့် Tor မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များအပြင် ၊ တာဝေးနှင့် တာလတ်ပစ် S-400 Triumf မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ် များပါဝင်သည့် ပေါင်းစပ်လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများကို အသုံးပြုခဲ့သည်။ စစ်ဘက်မှ အလွတ်သဘော အသိအမှတ်ပြုထားသည်မှာ အဆိုပါစနစ်များသည် အခြားရန်သူပစ်မှတ်များ (အဓိက အားဖြင့် ATACMS သို့မဟုတ် Storm Shadow ကဲ့သို့သော အနောက်နိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုစ်ဒုံးကျည်များ (Ballistic and Cruise Missiles))အတွက် ချိန်ညှိထားခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ယူကရိန်းစစ်တပ်က ဗိုရိုနက်ချ် (Voronezh) ကို ATACMS ဒုံးကျည် လေးစင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံချက်အရ S-400 စနစ် များနှင့် Pantsir ဒုံးကျည်/ အမြောက်စနစ်များက ပစ်မှတ်များကို ကြားဖြတ်ဖျက်ဆီးရာတွင် ပါဝင်ခဲ့သည်။ အရပ်ဘက် အဆောက်အအုံများကို ဦးတည်သည့် ထိုဒုံးကျည်များ၏ အပျက်အစီးများကြောင့် အဆောက်အအုံများ၏ အမိုးများ ပျက်စီးခဲ့သော်လည်း မြို့တွင်း၌ လူအသေအပျောက် မရှိခဲ့ပေ။
ATACMS ကို အလွန်ခက်ခဲသော ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း S-400 အတွက်မူ မခက် ခဲပေ။ အဆိုပါစနစ်သည် အကွာအဝေး ၆၀ ကီလိုမီတာ အထိနှင့် အမြင့် ၂၅ ကီလိုမီတာ အထိရှိသော ပစ်မှတ် များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ကြားဖြတ်ဖျက်ဆီးသည့် ဒုံးကျည်၏ အလျင်သည် အသံ၏ ၁၄ ဆဖြစ်သော တစ်စက္ကန့်လျှင် ၄.၈ ကီလိုမီတာ အထိရှိသည့် အလွန်လျင်မြန်သော အလျင်နှုန်း (Hypersonic) ဖြစ်သည်။
အမေရိကန်လုပ် Patriot ကိုပင် ဖျက်ဆီးနိုင်ခြင်း
ရုရှားမြို့တစ်မြို့အား တိုက်ခိုက်မှု မအောင်မြင်အောင် တားဆီးနိုင်ခဲ့ခြင်းသည် S-400 ၏ ထိရောက်သော တိုက်ခိုက်ရေးစွမ်းဆောင်ရည်၏ သာဓကတစ်ခုမျှသာ ဖြစ်သည်။ အခြားသော သာဓကများလည်း ရှိသေးသည်။ ဥပမာအားဖြင့်- အမေရိကန်ထုတ် HIMARS ဒုံးကျည်ပစ်စနစ်၏ ပဲ့ထိန်းဒုံးကျည် များကို တိုက်ခိုက်ခြင်းဖြစ်သည်။
ရုရှား SAM စနစ်၏ အမြင့်ဆုံးစွမ်းရည်မှာ S-400 Triumf ကို မကြာခဏ နှိုင်းယှဉ်လေ့ရှိသည့် အမေရိကန် လုပ် MIM-104 Patriot လေကြောင်းရန် ဒုံးကျည်စနစ်မှ ပစ်လွှတ်သော မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်း ဒုံးကျည်များကို လေထဲတွင်ဖျက်ဆီးခြင်းပင်ဖြစ်သည်။ ယခုနှစ်နွေရာသီတွင် ရုရှား လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များက ယူကရိန်းတပ်ဖွဲ့များက ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့၏လေယာဉ်များကို တိုက်ခိုက်ရန် ကြိုးပမ်းသည့် အနောက်နိုင်ငံထုတ် ဒုံးကျည် ၂၀ ခန့်ကို ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။
ခန့်မှန်းနိုင်ပြီး မပြောင်းလဲနိုင်သော လမ်းကြောင်းအတိုင်း ပျံသန်းသည့် ATACMS နှင့် HIMARS ဒုံးကျည်များကဲ့သို့ မဟုတ်ဘဲ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များသည် ပျံသန်းစဉ်တွင် လမ်းကြောင်းကိုအပြောင်းအလဲလုပ်ကာ တက်ကြွစွာ မောင်းနှင်နိုင်သောကြောင့် ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ရန် ပိုမို ခက်ခဲသည်။"ထိုကဲ့သို့ ကြားဖြတ်ဖျက်ဆီးမှုများတွင် S-400 စနစ်များက အမြင့်မားဆုံး ထိရောက်မှုကို သရုပ် ပြနိုင်ခဲ့သည်" ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံခဲ့သည်။
S-400 Triumf ၏ အားသာချက်များ
"S-400 Triumf သည် ကမ္ဘာပေါ်တွင် အခေတ်အမီဆုံးနှင့် အထင်ရှားဆုံး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ်များအနက် တစ်ခုဖြစ်ပါသည်။ S-400 ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် မတူညီသည့် ဒုံးကျည် အမျိုးအစားတွေကို အသုံးပြုနိုင်စွမ်းတို့က Triumf ကို အစွမ်းထက်ဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ် ဖြစ်စေပါသည်။ ၎င်း၏ စွမ်းဆောင်ရည်စံနှုန်းတွေကို တကယ့်တိုက်ပွဲအခြေအနေတွေမှာ အတည်ပြုပြီးသား ဖြစ်သောကြောင့် အဆိုပါ အဆင့်အတန်းရှိသည့် နိုင်ငံခြား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထဲမှာ 'S-400' နှင့် ယှဉ်ပြိုင်နိုင်တာ မရှိသေးပါ" ဟု Almaz-Antey လေကြောင်းအာကာသ ကာကွယ်ရေး လုပ်ငန်းစု၏ အထွေထွေညွှန်ကြားရေးမှူး Yan Novikov က ပြောကြားခဲ့သည်။
ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များသည် နိုင်ငံခြားဝယ်လက်များ၏ စိတ်ဝင်စားမှုကို အစဉ် တစိုက် ဆွဲဆောင်လျက်ရှိသည်။ S-400 Triumf ၏ ပထမဆုံး နိုင်ငံခြားဝယ်ယူသူမှာ တရုတ် နိုင်ငံ ဖြစ်သည်။ မော်စကိုနှင့် ပေကျင်းတို့သည် အဆိုပါ ရုရှား SAM စနစ်၏ တပ်ရင်းများစွာ ထောက်ပံ့ရေး အတွက် သဘောတူညီချက် ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော တူရကီနိုင်ငံသို့ Triumf ထောက်ပံ့ရန် စာချုပ်ချုပ်ဆိုခဲ့သည်။
၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ်က နှစ် နိုင်ငံ စစ်ရေး-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုသမိုင်းတွင် အကြီးဆုံး သဘောတူညီချက်ကို ချုပ်ဆို နိုင်ခဲ့သည်။ ယင်းမှာ အိန္ဒိယနိုင်ငံအား S-400 စနစ် ငါးစုံ ပေးပို့ရန်အတွက် ဒေါ်လာ ၅.၄၃ ဘီလီယံ တန်ဖိုးရှိစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
(RT တွင်Daniil Orlov (Russian military analyst) ရေးသားသည့် “Moscow’s ‘Triumph’: Why everyone wants Russian S-400 air-defense systems” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
