သမိုင်းအစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်
Posted_Date
Image
Body
(၈၁)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး
သမိုင်းကြောင်းတစ်လျှောက် ရွှေရောင်လွှမ်းသည့် အချိန်များတွင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့၏ စစ်ချီပုံရိပ်၊ စစ်သည်စိတ်ဓာတ်အပြည့်ဖြင့်တိုက်ပွဲဝင်ပုံရိပ်တို့သည် ယနေ့ထက်တိုင် လွှမ်းခြုံထားမြဲဖြစ်၏။ အတိတ်သမိုင်းကို ခြေရာခံလျက် သူ့ကျွန်ဘဝရောက်ခဲ့စဉ်က နယ်ချဲ့ကိုတွန်းလှန် တိုက်ထုတ်ခဲ့ရသည့် ဖြစ်စဉ်များစွာသည် တပ်မတော်၌ အသွေးအသားထဲတွင် အမြဲတစေလှုပ်နှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ် ခွန်အားဖြစ်စေပြီး နိုးကြားတက်ကြွသော ကာကွယ်ရေးသတိ အစဉ်အမြဲရှိနေစေသည်။
တပ်မတော်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ်ကို လက်ဝယ်ပိုင်ဆိုင်ထားရှိပေသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် မြေထု၊ ရေထု၊ လေထုကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်ပေးနေသော နိုင်ငံ့အကျိုးပြုတပ်မတော်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေး၊ ပိုင်နက်တည်တံ့ရေးအတွက် တိုက်ပွဲများစွာဆင်နွှဲလျက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့သည်။
တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အင်အားမှသည် တပ်မတော်တစ်ရပ်ဖြစ်လာသည်အထိ တည်ထောင်မှုဖြစ်စဉ်တိုင်းတွင် လွယ်လင့်တကူ တည်ဆောက်၍မရရှိဘဲ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံကြားမှပေါက်ဖွားခဲ့ရပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ ၊မွန်၊ ရခိုင်၊ ရှမ်းဟူသော တစ်အူထုံ့ဆင်း ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းညီအစ်ကိုများ၏အင်အားဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုသားတို့၏ မြန်မာ့တပ်မတော်ဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို လက်ဆင့်ကမ်းအမွေအဖြစ် ဆက်ခံခဲ့သည့် တပ်မတော်၏တာဝန် အရပ်ရပ်သည် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေး၊ ပိုင်နက်နယ်မြေမဆုံးရှုံးရေး ဦးတည်ချက်များဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရေးကို အစဉ်တစိုက်ကြိုးပမ်းလာခဲ့သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံအများစုတွင် ပြည်သူလူထုကိုဗဟိုပြု ကာကွယ်စောင့်ရှောက်ပေးသည့် တပ်မတော်တစ်ရပ်စီရှိကြသည်။ တပ်မတော်ကို စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်များစွာဖြင့် သေသပ်ကျနစွာဖွဲ့စည်းထားရှိခဲ့ပြီး လုပ်ရည်ကိုင်ရည်နှင့် ဇွဲနပဲကြီးမားသော စစ်သည်တော်များ၏ လေ့ကျင့်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်တို့ဖြင့် နိုင်ငံတော်ကိုကာကွယ်ရန် အသင့်ရှိနေကြသည်။ အမိန့်နာခံမှုသည်တပ်မတော်၏ အသက်သွေးကြောဖြစ်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် တပ်မတော်၏ စည်းလုံးညီညွတ်မှုကို ထာဝရပြသနေလျက်ရှိသည်။
တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှား နိုင်စွမ်းရှိသောစိတ်ဓာတ်ကိုယ်စီ ပိုင်ဆိုင်ထားရှိပြီး သစ္စာရှိသော၊ မျိုးချစ်စိတ်ရှိသော၊ စည်းကမ်းသေဝပ်သော၊ စည်းလုံးညီညွတ်သော၊ စွန့်လွှတ်စွန့်စားစိတ်ရှိသော ဂုဏ်ဒြပ်များစွာဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် အလုပ်အကျွေးပြုလျက်ရှိသည်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါက်ဖွားလာသည့် တပ်မတော်၏ ဂုဏ်ဒြပ်သည် ယနေ့တိုင် သက်ဝင်လှုပ်ရှားနေမြဲဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို လွတ်လပ်ရေး အမွေတစ်ရပ်အဖြစ် သတ်မှတ်ခံယူခဲ့ပြီး စဉ်ဆက်မပြတ်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။
နိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်ကို ပြည်သူလူထု၏အကျိုးမျှော်တွေး၍ အသက်၊ သွေး၊ ချွေးပေးဆပ် ရပ်တည်လျက်ရှိပြီး အလုံးစုံဖွံ့ဖြိုးရေးကာလများဆီသို့ ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်သည် အရေးပါသောအခန်းကဏ္ဍ တစ်ခုမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာအမြဲလက်တွဲလျက် ရင်ဆိုင်ကြုံတွေ့လာရမည့် အခက်အခဲ၊ ပြဿနာရပ်တိုင်းကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖြင့်တည်ရှိနေသော လှပငြိမ်းချမ်းသော ကမ္ဘာငယ်ကလေးတစ်ခုဖြစ်သည်။ အသွေးအရောင်မခွဲခြား တစ်သားတည်းရှိသည့်ပမာ ပြည်ထောင်စု သွေးချင်းများအကြား စည်းလုံးခြင်း စိတ်ဓာတ်အခြေခံထားရှိရမည်ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ပေါင်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်းကို နှိုင်းယှဉ်ကြည့်ပါက မျက်ဝါးထင်ထင်သိရှိနိုင်သည်။ ငြိမ်းချမ်းသောဒေသများသည် လမ်းပန်းဆက်သွယ်ရေးကောင်း၊ အခြေခံအဆောက်အအုံကောင်းများစွာဖြင့် အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
မငြိမ်းချမ်းသောဒေသများသည် ငြိမ်းချမ်းသော ဒေသများနှင့် ဆန့်ကျင်ဘက် ရလဒ်များသာရရှိနိုင်ပေသည်။ မိသားစုသဖွယ် တည်ရှိနေသည့် ပြည်ထောင်စုကြီး မပြိုကွဲရန်လိုအပ်ပေသည်။ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုဖြင့် မတူကွဲပြားမှုများကို ညှိနှိုင်းဆောင်ရွက်လျက် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပေသည်။
တပ်မတော်၏ အဓိက ဦးတည်ရည်ရွယ်ချက်မှာ ပြည်ပရန်ကိုကာကွယ်ရန်ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း ရန်ဖြစ်ရန်ဆန္ဒမရှိ၊ ပကတိအမြင်ဖြင့် ညှိနှိုင်းဆွေးနွေးရန် အမြဲဆန္ဒရှိနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘူးသီးတောင်၊ မောင်တောဒေသ မူဂျာဟစ်နှိမ်နင်းမှုစစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး(ကူမင်တန်တရုတ်ဖြူ)၊ ချယ်ရီစစ်ဆင်ရေး(တရုတ်ဖြူ)၊ နဂါးနိုင်စစ်ဆင်ရေး(တရုတ်ဖြူ)၊ အောင်ပန်းစစ်ဆင်ရေး(တရုတ်ဖြူ)၊ ရန်ကြီးအောင်စစ်ဆင်ရေး(တရုတ်ဖြူ)၊ မဲခေါင်စစ်ဆင်ရေး(တရုတ်ဖြူ)အစရှိသည့် သမိုင်းဝင်တိုက်ပွဲများစွာဖြင့် တရုတ်ဖြူကူမင်တန်တပ်များ၏ ကျူးကျော်မှုအန္တရာယ်ကို ရွပ်ရွပ်ချွံချွံတွန်းလှန်နိုင်ခဲ့ပြီး သံမဏိစိတ်ဓာတ်ဖြင့် အမိမြေကို ကာကွယ်နိုင်စွမ်းရှိသည့် နိုင်ငံ၏ တစ်ခုတည်းသော တပ်မတော်ဖြစ်သည်။
တပ်မတော်တစ်ရပ်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ကာကွယ်ရန် အဓိကကျသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် စစ်ရေးနည်းပညာများ၊ စစ်ဆင်ရေးနည်းဗျူဟာများနှင့်အညီ ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာစေရန် စစ်ရေးဆိုင်ရာ လိုအပ်ချက်ကွက်လပ်များကို အမြဲတစေ ဖြည့်ဆည်းပေးလျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းဆောင်ရည်သည် စစ်သည်များကိုင်ဆောင်ထားသော လက်နက်ကိရိယာများပေါ်တွင် မူတည်သည်။ စစ်ပွဲတစ်ခု၏ အဖြေကို အဆုံးအဖြတ်ပေးနိုင်သည့် တိကျမြန်ဆန်စွာ တိုက်ခိုက်နိုင်သော ခြေလျင်လက်နက်များ၊ သံချပ်ကာယာဉ်နှင့် တင့်ကားများ၊ ခေတ်မီတိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများ၊ ဒရုန်းများ၊ ဒုံးကျည်စနစ်များနှင့် ဝေဟင်ကာကွယ်ရေးစနစ်များလည်း အဆင့်မြင့်မားစွာပါရှိလာသည်။
လူ့သမိုင်းတစ်လျှောက်တွင် စစ်ပွဲအတွင်းအသုံးပြုသည့် စစ်ဗျူဟာများသည် အဆက်မပြတ် ပြောင်းလဲတိုးတက်ခဲ့ပြီး ယနေ့ခေတ်နည်းပညာ တိုးတက်မှုနှင့်အတူ အစီအစဉ်များ တိကျထိရောက်မှုရှိရေး ပိုမိုအာရုံစိုက်လာရသည့် အခြေအနေပင်ဖြစ်သည်။ မည်သည့်စစ်ဆင်ရေးမဆို အောင်မြင်ရန်အတွက် ရည်မှန်းချက်ကို အတိအကျသတ်မှတ်ထားရလေ့ရှိသည်။ ရန်သူ၏အားနည်းချက်ကို ဖော်ထုတ်ပြီး အားသာချက်အဖြစ် အသုံးပြုမှုသည် စစ်ဗျူဟာ၏ အဓိကသော့ချက်ဖြစ်သည်။ ထို့အတူ ရန်သူမျှော်လင့်မထားသည့် နေရာ၊ အချိန်နှင့်နည်းလမ်းဖြင့် တိုက်ခိုက်ခြင်းသည် အောင်မြင်မှုရရှိစေနိုင်သည်။ ခေတ်သစ်နည်းပညာတိုက်ပွဲများ၏ အရှိန်အဟုန်သည် သိုသိပ်ကျစ်လျစ်လာခဲ့ပြီး မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများအသုံးပြု၍ စစ်ရေးအရှိန်အဟုန်ကို တစ်မုဟုတ်ချင်း ပြောင်းလဲနိုင်စွမ်းရှိလာသည်။ ရန်သူ့အခြေအနေကို ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တိုက်ခိုက်ခြင်းလုပ်ငန်းများကိုလည်း ထိရောက်သေချာမှု ရှိစေခဲ့သည်။
ထို့အတူ ခေတ်မီစစ်ဆင်ရေးများအတွင်း သတင်းအချက်အလက် လျင်မြန်စွာဖလှယ်နိုင်မှုသည် အောင်ပွဲဆီသို့ ဦးတည်ရောက်ရှိနိုင်သဖြင့် လုံခြုံမှုရှိသောခေတ်မီဆက်သွယ်ရေးစနစ်၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်၊ ဆိုက်ဘာလုံခြုံရေးစနစ်၊ သတင်းအချက်အလက်စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းစနစ်များ ပိုမိုကောင်းမွန်ရန်လည်း လိုအပ်သည်။ အလားတူပင် လက်နက်နှင့် နည်းပညာကောင်းမွန်ရေးကြိုးပမ်းဆောင်ရွက်သကဲ့သို့ စစ်သည်များ ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်ရေး စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊ အထူးတပ်ဖွဲ့ သင်တန်းများ (ကွန်မန်ဒို၊ လေထီး၊ ရေငုပ်သမား စသည်)ပေးခြင်း၊ ခေါင်းဆောင်မှုသင်တန်းများပေးခြင်း၊ နည်းပညာကျွမ်းကျင်မှုသင်တန်းပေးခြင်းများ ဆောင်ရွက်ပေးရလေ့ရှိသည်။ အလားတူပင် စစ်ဆင်ရေးအောင်မြင်မှုရရှိရေး အုပ်ချုပ်မှုဆိုင်ရာစနစ်ကောင်းဖြင့် လက်နက်ခဲယမ်းများ သိုလှောင်ဖြန့်ဖြူးခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့ခြင်း၊ လောင်စာဆီနှင့် စွမ်းအင်ထောက်ပံ့ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း (မြေပြင်၊ ရေပြင်၊ ဝေဟင်)အစရှိသော ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားလျှင် မမျှော်လင့်သောပြဿနာများ၊ ဆိုးကျိုးများစွာ ပေါ်ပေါက်လာနိုင်သည်။ အမိမြေကို ချစ်မြတ်နိုးသူတိုင်း၏ ဦးတည်ချက်ပန်းတိုင်သည် အလုံးစုံ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိမှသာ ပိုမိုကောင်းမွန်သော လူ့လောကအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော် အတူတကွလက်တွဲမှသာ ရရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှနေထိုင်သည့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲရေးသည် အလွန်ပင်အရေးကြီးသည်။ တိုင်းရင်းသားပြည်သူ အချင်းချင်း ရန်လိုမုန်းတီးမှုအတ္တကို ဖယ်ရှားပြီး အများအကျိုး ဆောင်ရွက်ပေးလိုစိတ်၊ပရမျှတသောစိတ်ဓာတ်ဖြင့် အတူတကွ ရှေ့သို့ချီတက်ကြရမည်ဖြစ်သည်။
တပ်မတော်သားအားလုံးသည် တိုင်းပြည်အတွက် လိုအပ်ပါက အသက်ပေးလှူရန် အသင့်ရှိကြသည်။ ကျည်ဆန်၊ ယမ်းငွေ့များကြား စွန့်လွှတ်စွန့်စား သွားလာနေကြရသည်။ အမိန့်တာဝန်ညွှန်ရာ လမ်းပြမြေပုံထက် ခရီးဆက်ကြသူများဖြစ်သည်။
နေ့ထူးနေ့မြတ်မသိ၊ ပျော်ရွှင်ခြင်းအစား နိုင်ငံတော်အပေါ်ထားရှိသည့် ကတိသစ္စာကို စောင့်ထိန်းသူများဖြစ်ကြသည်။ စစ်သည်တိုင်း၏ တူညီသောသိန္နိဋ္ဌာန်မှာ နိုင်ငံ့ပိုင်နက်နယ်မြေ တစ်လက်မအထိမခံ အမျိုး၊ဘာသာ၊ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။
တိုက်ပွဲများတွင် လိုအပ်လာပါက အသက်ပေးလှူကြရပြီး ကိုယ်လက်အင်္ဂါများလည်း စွန့်လွှတ်ကြရသည်။ သေခြင်းတရားနှင့် နင်လား ငါလား နေထိုင်ခဲ့ကြရသည့် တပ်မတော်သားစစ်သည်များ၏ စိတ်ဓာတ်နှင့်ခံယူချက်သည် ထက်သောဓားနှယ်၊ မာသောကျောက်ဆောင်ပမာရှိသည်။
အမျိုးသားရေး အမြင်အရဆိုလျှင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်မှာ အမှန်တရားဖြစ်သည်။
ကြည်း၊ ရေ၊ လေ ပေါင်းစုအားဖြင့် တည်ထောင်ထားသော မြန်မာ့တပ်မတော်ဖြစ်သည့်နည်းတူ ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များစွာကို စွန့်လွှတ်စွန့်စားထမ်းဆောင်နေသော
တပ်မတော်ဖြစ်သည်။ ကာကွယ်ရေးတာဝန်သည် စစ်ရေးတစ်ခုအတွက်သာမက များစွာကျယ်ပြန့်လွန်းလှသည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ လိုအပ်ပါက ပြည်သူ့အကျိုးပြုကိစ္စအသီးသီးတွင် ပါဝင်ဆောင်ရွက်ပေးရေး ကဏ္ဍစုံပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူနှင့်ထိတွေ့ဆက်ဆံရသည့် ပြည်သူ့အကျိုးပြုကိစ္စများသည် လွန်စွာသိမ်မွေ့နက်နဲလွန်းလှသည်။ ရထားလမ်း၊ ကားလမ်းဖောက်သည့်လုပ်ငန်း၊ ရေကြီးရေလျှံ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ပါဝင်နေသည်ကို တွေ့ရသည်။ ထို့ပြင် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် တပ်မတော်နယ်လှည့် ဆေးတပ်ဖွဲ့များ၏ တောင်တန်းမြေပြန့်မခွဲခြား၊ အသားရောင်မခွဲခြား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော လုပ်ငန်းများ စသည့်လုပ်ငန်းပေါင်းစုံကို မြင်တွေ့နေရသော မြင်ကွင်းများသည် တပ်မတော်၏ကရုဏာပြယုဂ်များဖြစ်သည်။
သမိုင်းဂုဏ်မညှိုး တိုးလို့အောင်မြင်ခဲ့သည့် မြန်မာ့တပ်မတော်၏ ဂုဏ်သတင်းသည် မမှိန်မပျောက် အရှိန်တောက်ပြောင်လျက် နှစ်အလီလီဖြတ်သန်းခဲ့ပြီးနောက် (၈၁)နှစ်မြောက် တပ်မတော်နေ့သို့ပင် တိုင်ခဲ့ပြီဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက် ရည်မှန်းချက် ပန်းတိုင်နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးကို အဓိကတာဝန်အဖြစ် သတ်မှတ်ထမ်းဆောင်လျက်ရှိသည်။ ခေတ်မီတပ်မတော်၏အင်္ဂါရပ်များတွင် ပါဝင်သည့် စစ်လက်နက်၊ ဘက်စုံသုံးတိုက်လေယာဉ်၊ အမြောက်၊ သံချပ်ကာယာဉ်၊ ရေငုပ်သင်္ဘောနှင့် စစ်ရေယာဉ်တပ်ပေါင်းစုများဖြင့် မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့လေပိုင်နက်ကိုအစဉ်စိုးမိုးပေးလျက်ရှိသည်။
အမှန်စင်စစ်အားဖြင့် တပ်မတော်သည် ပြည်သူကဖွား တပ်မတော်သားများ ဖြစ်ကြသည်။သစ္စာလေးချက် ထမ်းရွက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် မြတ်သောအသက်ကို ပေးလှူထားကြသူများဖြစ်သည်။ ဆူးငြောင့်မကြောက်၊ တောတောင်ကိုဖောက်ပြီး အန္တရာယ်အသွယ်သွယ်ကို ဒူးမထောက်၊ လက်မမြှောက်ရင်ဆိုင်နိုင်စွမ်းရှိသူများဖြစ်သည်။အန္တရာယ်အမျိုးမျိုးကြုံလျှင် နယ်မြေစည်းခြား အရောက်သွား၍ ကူညီကယ်ဆယ်ကြသည်။ အသက်လဲထပ်တိုက်ပွဲဝင်ကြသည်။ ပြည်သူ့အတွက် အသင့်ရှိသည်ဟူသော စကားရပ်နှင့် အညီ လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံလျက် အရာအားလုံး စွန့်လွှတ်ကြရသည့်တိုင် ပြည်သူ့ဘက်မှ အစဉ်အမြဲမားမား ရပ်တည်ပေးခဲ့ကြသည်။ ထိုကဲ့သို့သော တပ်မတော်သားများ မွေးထုတ်ပေးသည့် အစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်၏ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို လှိုက်လှဲစွာဖြင့် ကြိုဆိုဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။
MWD
