မြန်မာအီလက်ထရောနစ်မဲပေးစက် ( Myanmar Electronic Voting Machine ) အသုံးပြုခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်စို့

Posted_Date

Image

မြန်မာအီလက်ထရောနစ်မဲပေးစက် ( Myanmar Electronic Voting Machine ) အသုံးပြုခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်စို့

Body

အထွေထွေရွေးကောက်ပွဲ

      အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်‌ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဟူသော စတုတ္ထမြောက် ဦးတည်ချက်လည်း အပါအဝင်ဖြစ်သည်။ အဆိုပါ စတုတ္ထမြောက်ဦးတည်ချက်အား ပြည့်ဝစွာအောင်မြင်စေရေးအတွက် ယခုလာမည့် ၂၀၂၅ ခုနှစ်  ဒီဇင်ဘာလနောက်ဆုံး ရက်သတ္တပတ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား  ကျင်းပမည်ဖြစ်သည်။

ခေတ်နှင့်အမီ (MEVM)စနစ်

    ဤသို့ ပါတီစုံဒီမိုကရေစီ အထွေထွေ‌ ရွေးကောက်ပွဲကြီး ကျင်းပရာတွင် မြန်မာနိုင်ငံ၌ ယခင်ကျင်းပခဲ့သော ‌ ရွေးကောက်ပွဲများနှင့်မတူသည့် ထူးခြားချက်မှာ မြန်မာအီလက်ထရောနစ် မဲပေးစနစ် (Myanmar Electronic Voting Machine - MEVM) ကို အသုံးပြုခြင်းဖြစ်သည်။ အီလက်ထ‌ရောနစ် မဲပေးခြင်းစနစ်ဆိုသည်မှာ အလွယ်ကူအရိုးရှင်းဆုံး ပြောရလျှင် အီလက်ထရောနစ်စနစ်အပေါ် အခြေခံထားသော မဲပေးရာတွင် အသုံးပြုရသည့် စက်ကိုအသုံးပြုခြင်းဖြစ်သည်။ 

အဆိုပါစက်ကို အသုံးပြုခြင်းသည် မဲပေးသည့်စနစ်တွင် ကြုံတွေ့ရသော မဲရေတွက်ရာတွင် လူအင်အား၊ အချိန်အမြောက်အမြား အသုံးပြုရခြင်းအပြင် ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်သည်။ နောက်ပိုင်း နည်းပညာများ အဆင့်မြင့်လာသောအခါ ၎င်းစနစ်တွင် မျက်ကြည်လွှာစကင်ဖတ်ခြင်းနှင့် တိုက်ရိုက်မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်နိုင်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရှုထောင့်မှကြည့်မည်ဆိုလျှင် Electronic Voting Machine (EVM)စနစ်ကို အသုံးပြုခြင်းသည် ‌ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှု ပပျောက်စေကြောင်းကို သုတေသနစာတမ်း အများအပြားတွင်တွေ့ရှိရသည်။

ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှုဆိုတာ

      ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊  အုပ်ချုပ်ရေးကဏ္ဍ အသီးသီးတို့တွင် နယ်ပယ်အလိုက် အဂတိလိုက်စားမှုပုံစံ အမျိုးမျိုးရှိပြီး ‌ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှုများ ဖြစ်ပွားလေ့ရှိသည်။ ရွေးကောက်ပွဲများတွင်တွေ့ရှိရသော အဂတိလိုက်စားမှုများကို နိုင်ငံ၏နိုင်ငံရေးစနစ်၊ အလေ့အထအပေါ်တွင် အမျိုးမျိုးသတ်မှတ်ကြသော်လည်း အဓိကအားဖြင့် မဲလက်မှတ်များ ဖျောက်ဖျက်ခြင်း၊  မဲခိုးခြင်း၊ မဲများမှားယွင်း‌ရေတွက်ခြင်း၊ မဲစက္ကူလက်မှတ်အား ပြောင်းလဲဖျက်ဆီးခြင်း စသည်တို့ပါဝင်သည်။ အဆိုပါပြဿနာများ ဖြစ်ပွားရသော အကြောင်းရင်းများ၏ မြစ်ဖျားခံရာသည် စာရွက်များအသုံးပြု၍ မဲများပြုလုပ်ခြင်း၊ မဲများအားလက်ဖြင့်ရေတွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိသည်။

အီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းသမိုင်း

     ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှု မပေါ်ပေါက်စေရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အစီအစဉ်များပြုလုပ်ကြရာတွင်    အီလက်ထရောနစ်မဲပေးစနစ်ကို အသုံးပြုခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။ အီလက်ထရောနစ်မဲပေးခြင်း စနစ်သည်  ‌ရွေးကောက်ပွဲဆိုင်ရာမဲပေးမှုတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံတာဝန်ယူမှု၊ မဲပေးခြင်းဆိုင်ရာ စနစ်အား လုံခြုံမှုရှိစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ထားသည့် စနစ်ဖြစ်သည်။ ၎င်းစနစ်ကို စတင်သုံးစွဲခဲ့သည့်နိုင်ငံမှာ  အိန္ဒိယနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံ ကာရာလာမြောက်ပိုင်း ရွေးကောက်ပွဲတွင်စတင် စမ်းသပ်အသုံးပြုခဲ့သည်။ မဲရုံအရေအတွက် ၈၄ ရုံတွင် မဲရုံ ၅၀ တွင်သာ အသုံးပြုနိုင်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ အရောက်တွင် အိန္ဒိယနိုင်ငံ၌ မဲပေးသူသန်းပေါင်း ၈၀၀ ကျော်ရှိလာခဲ့ပြီး မဲအ‌ရေအတွက်စနစ်များ မှားယွင်းခြင်းနှင့်  ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုများဖြစ်ပေါ်ရန် ဦးတည်လာသောကြောင့် အိန္ဒိယ‌ရွေးကောက်ပွဲ ကော်မရှင်သည် အီလက်ထရောနစ်မဲပေးခြင်းဆိုင်ရာ စနစ်ကို ပိုမိုခေတ်မီတွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ၂၀၀၁ ခုနှစ်ရောက်မှသာ  EVMs  စနစ်ကို အပြည့်အဝ ကျင့်သုံးနိုင်ခြင်းဖြစ်သည်။

အရှေ့တောင်အာရှမှမှတ်တိုင်

      အရှေ့တောင်အာရှနိုင်ငံများအနက် EVM စနစ်ကို အသုံးပြုသည့် နိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံသည်လည်း အပါအဝင်ဖြစ်ပြီး မျက်ကြည်လွှာစကင်ဖတ် စနစ်ပါဝင်သည့် အလိုအလျောက် မဲ‌ရေတွက်သည့်စနစ် ပါဝင်သော မဲပေးစက်ကို အသုံးပြုသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ‌‌ရွေးကောက်ပွဲကော်မရှင်သည် ၁၉၉၆ ခုနှစ်မှစတင်၍ ‌‌ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစနစ်စတင်ကျင့်သုံးရန်  ဆောင်ရွက်ခဲ့သည်။

၁၉၉၈ ခုနှစ်၏ နိုင်ငံလုံးဆိုင်ရာ ‌ရွေးကောက်ပွဲတွင် ၎င်းစနစ်အား အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် လက်ဗွေစနစ်နှင့် ဒစ်ဂျစ်တယ်ဓာတ်ပုံစနစ်၊ လက်မှတ်ရေးထိုးခြင်းစနစ် ပါဝင်သည့် ခေတ်မီမဲပေးစက်ကို စတင်အသုံးပြုနိုင်ခဲ့သည်။ ကနဦးအသုံးပြုသော   အီလက်ထ‌ရောနစ်မဲပေးစနစ်တွင် အခက်အခဲများရှိပါသဖြင့် ၂၀၀၇ ခုနှစ်တွင် အီလက်ထရောနစ် အလိုအလျောက်မဲပေးစနစ်ဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ၂၀၁၀ ပြည့်နှစ် အ‌ထွေထွေ‌ရွေးကောက်ပွဲတွင် EVMs စနစ်ကို အပြည့်အဝ ကျင့်သုံးနိုင်ခဲ့သည်။

အီလက်ထရောနစ်မဲပေးစက်၏ အားသာချက်များ

     ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုမှု အပေါ်တွင် စစ်တမ်းကောက်ယူချက်အရ စက်ချွတ်ယွင်းမှုဖြစ်ပွားသည့် ပြဿနာသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသာရှိကြောင်း၊ မဲရလဒ်စာရင်းစစ်မှုသည် သုည ဒသမ ၀၁ ရာခိုင်နှုန်းထက် နည်းပါးကြောင်း တွေ့ရှိရသည်။ အီလက်ထရောနစ်မဲပေးစနစ် အသုံးပြုခြင်း၏ အားသာချက်များအနက် မဲစက္ကူပေါင်း သန်းပေါင်းများစွာ အသုံးမပြုရခြင်း၊ မဲများသိုလှောင်သိမ်းဆည်းခြင်း အတွက် နေရာအခက်အခဲမရှိခြင်း၊ မဲရေတွက်ရန် အတွက် လူ့စွမ်းအားအရင်းအမြစ်များ များစွာအသုံးမပြုရခြင်း၊ မဲပြန်လည်ရေတွက်ရခြင်း အစရှိသောအခက်အခဲများကို မကြုံတွေ့နိုင်ခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်းကို တွေ့ရှိရသည်။ ထို့ပြင်   မဲပေးရာတွင်အသုံးပြုရသောစက္ကူမှာ သဘာဝဝါးပင်များမှရရှိသော ထုတ်ကုန်ဖြစ်သည်။ 

အီလက်ထရောနစ်  မဲပေးစနစ်အသုံးပြုခြင်း၏  အားသာချက်များအနက် စက္ကူချပ်အရေအတွက် သန်းပေါင်းများစွာ အသုံးမပြုရသောကြောင့်  သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအား လျှော့ချနိုင်ခြင်းမှာလည်း ဝမ်းမြောက်စရာကိစ္စရပ်ပင်ဖြစ်သည်။

ယုံကြည်မှုကိုတည်ဆောက်

    ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင်အသုံးပြုမည့်  မြန်မာအီလက်ထရောနစ်မဲပေးစက်သည် ပြည်တွင်းနည်းပညာရှင်များမှ ပထမဆုံးတီထွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား စံချိန်စံညွှန်းကောင်စီမှ မဲပေးစက်ဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းရှိ၊ မရှိစစ်ဆေးကာ  မြန်မာစံချိန်စံညွှန်း(MMS)အဖြစ်လည်းကောင်း၊ အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးဆိုင်ရာ ကော်မတီ (National Certi-fication Committee -NCC)မှ စိစစ်အတည်ပြုထုတ်ပေးသည့် အရည်အသွေးကိုက်ညီမှု ထောက်ခံချက် (Certification  of   Conformity)လက်မှတ်ကို လည်းကောင်း၊ အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့  (National Certification   Body -NCB)မှ ထုတ်ပေးသည့် မြန်မာ့စံချိန်စံညွှန်းအမှတ်တံဆိပ် (MMS Standard Mark ) အသုံးပြုခွင့်လိုင်စင်ကို လည်းကောင်း ရရှိပြီးဖြစ်သည်။ ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက်သည်   မဲနှင့်မဲရလဒ်စာရင်းသွင်းမှု  မှတ်တမ်းများတွင်  တိကျမှန်ကန်စေခြင်း၊ ဇီဝဆိုင်ရာအချက်အလက်များအတည်ပြုခြင်း၊ မဲပေးရာတွင်အချိန်မှတ်တမ်းများ  အတိအကျထွက်ခြင်းနှင့် လူပုဂ္ဂိုလ်ကြောင့်ဖြစ်ပွားသော မတော်တဆမှားယွင်းခြင်းနှင့် ကြိုတင်ကြံစည်ခြင်းများကို ပပျောက်စေသည်။

သန့်ရှင်းသောရွေးကောက်ပွဲ

    အီလက်ထရောနစ်မဲပေးစက်သည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပပြုလုပ်ကြသည့် အထွေထွေ ရွေးကောက်ပွဲများတွင် အသုံးပြုရာမှတစ်ဆင့် သိရှိလာရသော အားသာချက်များ၊ အားနည်းချက်များနှင့် နည်းပညာအခက်အခဲများအပေါ် အခြေခံပြီး အဆင့်ဆင့်တိုးတက် ပြောင်းလဲလာသော နည်းပညာ တစ်ခုဖြစ်သည်။  အီလက်ထရောနစ်မဲပေးစက် နည်းပညာသည်ရွေးကောက်ပွဲတွင် ဖြစ်ပွားလေ့ရှိသော အဂတိလိုက်စားမှုပုံစံ အများအပြားကို ပပျောက်စေနိုင်သည့် နည်းပညာဖြစ်သောကြောင့် ယခုကဲ့သို့  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုနိုင်ခြင်းသည်  ပွင့်လင်းမြင်သာမှု၊ တာဝန်ခံတာဝန်ယူမှု၊ ကောင်းမွန်သော  အုပ်ချုပ်မှု၏ ပြယုဂ်တစ်ခုဖြစ်သလို မဲစာရွက်များလိမ်လည်လုပ်ကြံခြင်း၊  မဲစာရွက်များစုတ်ပြဲခြင်း၊ မဲရေတွက်မှုမှားယွင်းခြင်း၊ မဲများထပ်နေခြင်း အစရှိသည့် ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှုများ လုံးဝမဖြစ်ပွားစေနိုင်သည့် နည်းပညာတစ်ခုလည်းဖြစ်သည်။

ရွေးကောက်ပွဲမှတ်တိုင်

     ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်သောကြောင့် ယခုကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲသည် အရေးကြီးသော နိုင်ငံ့သမိုင်း မှတ်တိုင်တစ်ခုဖြစ်သည်။

ဤကဲ့သို့ အရေးကြီးသော မှတ်တိုင်တစ်ခုကိုစိုက်ထူရာတွင် ခေတ်မီနည်းပညာကို အသုံးပြုထားသော အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြုနိုင်ခြင်းသည် မြန်မာ့သမိုင်းကြောင်းတစ်လျှောက်တွင် ကြီးမားသောအပြောင်းအလဲဖြစ်ပြီး အောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော်  သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုအတွက် အရေးအကြီးဆုံးဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှု ကင်းစင်ကြောင်းကို မျက်ဝါးထင်ထင် ပြသနိုင်ခြင်းပင်ဖြစ်သည်။   ။

MWD