ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် ရရှိစေရေး
Posted_Date
Image
Body
၁၉ ရာစုစက်မှုတော်လှန်ရေးကို အကြောင်းပြု၍ စီးပွားရေးနှင့် နည်းပညာများ ဖွံ့ဖြိုးလာကြသည်။
စီးပွားရေးနှင့်နည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုသည်လည်း တစ်ဆက်တစ်စပ်တည်း ကပ်ပါလာသည်။ လွန်ခဲ့သောနှစ်ပေါင်း (၆၀)ကျော်ကတည်းကပင် “သဘာဝပတ်ဝန်းကျင်”ဟူသည့် စကားလုံးသည် ခေတ်စားလာခဲ့သည်။ သဘာဝပတ်ဝန်းကျင်ကို ပိုမိုအလေးအနက်ထားသော နည်းပညာနှင့် ကုန်ထုတ်လုပ်မှုအစီအမံများကို စက်ရုံအလုပ်ရုံများ နှင့်သိပ္ပံပညာရှင်များက သတိထားဆောင်ရွက်လာကြသည်။ ဥပမာပြဆိုပါက စက်ရုံမီးခိုးခေါင်းတိုင်များအတွင်း၌ အလွန်အဆင့်မြင့်သော စစ်ထုတ်ကိရိယာများတပ်ဆင်၍ ညစ်ညမ်းပစ္စည်းများကို စစ်ထုတ်ခြင်း၊ မော်တော်ကားအိတ်များအတွင်း၌ ကျန်းမာရေးမထိခိုက်စေရန် မီးခိုးမှုန်များကိုထိန်းချုပ်ပေးသော ဓာတ်ပြောင်းပြယ်စက်များ (ဓာတ်ကူသုံးဓာတ်ငွေ့ပြောင်း ကွန်ဗက်တာ)တပ်ဆင်ခြင်း စသည်တို့ပင်ဖြစ်သည်။
“သဘာဝပတ်ဝန်းကျင်”ဟူသည် သက်ရှိရှင်သန်မှု ဖြစ်စဉ်အရပ်ရပ်ကို ထိန်းညှိပေးထားသော အခြေအနေများပင်ဖြစ်သည်။ လူတို့၏စီမံဆောင်ရွက်မှုမပါဘဲ အလိုအလျောက်ဖြစ်သောအရာသည် “သဘာဝ”ဖြစ်သည်ဟု နားလည်နိုင်ပြီးလူတို့နေထိုင်ရာပတ်လည်တစ်ဝိုက်သည် “ပတ်ဝန်းကျင်”ပင်ဖြစ်တော့သည်။ ကမ္ဘာမြေသည် သက်ရှိများစားသောက်ရန် အစားအစာ၊ ဝတ်ဆင်ရန်အဝတ်အထည်၊ နေထိုင်ရန်အိမ်ရာများကို ထောက်ပံ့ပေးထားသည်။ ထို့ပြင် သောက်သုံးရန်ရေ၊ ရှူရှိုက်ရန်လေ၊ နားခိုရန်သစ်ပင်တို့ကိုလည်း သဘာဝအလျောက်ဖန်တီးပေးပြန်သည်။
တစ်ဖန် လူသားတို့အတွက်သယံဇာတများ၊ စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များကိုလည်း ပေးထားသည်။သဘာဝပတ်ဝန်းကျင်ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ပါဝင်သည့်လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာအကြောင်းအချက်များကို လည်းကောင်း၊ တိရစ္ဆာန်နှင့် အပင် အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒအလှအပဆိုင်ရာ အကြောင်းအချက်များကို လည်းကောင်း ဆိုလိုသည်ဟုပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သဘာဝပတ်ဝန်းကျင်ဟူသည့် စကားလုံးနည်းတူ“ဂေဟစနစ်”၊ “ဂေဟဗေဒ” စကားလုံးတို့သည်လည်း ဒွန်တွဲပါလာသည်။
“ဂေဟစနစ်” ဆိုသည်မှာ သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္တုများနှင့်အပင်များ သဟဇာတဖြစ်လျက် တည်ရှိနေသည့်သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့်ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝပတ်ဝန်းကျင်ကိုဆိုလိုသည်။ စင်စစ် “ဂေဟဗေဒ”ဆိုသည်မှာ သိပ္ပံပညာတစ်ခုသာဖြစ်သည်။ ထိုပညာရပ်၌ ကျွမ်းကျင်သူများကို “ဂေဟဗေဒပညာရှင်များ” ဟုခေါ်သည်။ သဘာဝပတ်ဝန်းကျင်အတွင်း နေထိုင်ကြသည့်သက်ရှိဇီဝအဖွဲ့အစည်းများမှာ တစ်ခုနှင့်တစ်ခုအပြန် အလှန်မှီခိုနေကြကြောင်း တဖြည်းဖြည်းနားလည်သဘောပေါက်လာကြသည်။ ဥပမာအားဖြင့် အစာအာဟာရကွင်းဆက် အတွင်း၌ပါဝင်နေသော သတ္တဝါတစ်ကောင်ကို အခြားသတ္တဝါတစ်ကောင်က ဖမ်းယူစားသောက်နေကြသည်။ အစာအာဟာရကွင်းဆက်၏ အစိတ်အပိုင်းတစ်ခု ပျောက်ကွယ်သွားပါက သက်ရှိဘဝတစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားနိုင်သည်။ ဟန်ချက်ညီညီထိန်းညှိခြင်းသည် အရာအားလုံး၏ သော့ချက်ဖြစ်သည်။ ထိုဟန်ချက်ညီထိန်းညှိမှုသည်လည်း သက်ရှိအခြေအနေများ၌မှီတည်သည်။ အလွန်ပူပြင်းပြီး ရေအလွန်ရှားပါးသည့် သဲကန္တာရအတွင်း၌ အချို့အပင်များသာ ပေါက်ရောက်နိုင်ပြီး နာရီပေါင်းများစွာ ရေမသောက်ဘဲနေနိုင်သည့် ကုလားအုတ်ကဲ့သို့သော တိရစ္ဆာန်အချို့သာ ရပ်တည်ရှင်သန်နိုင်သည်။ သစ်တောအတွင်းနေထိုင်သည့် သတ္တဝါများကို သဲကန္တာရအတွင်း ပြောင်းရွှေ့ပေးလိုက်ပါက ၎င်းတို့အသက်ရှင်သန်နိုင်တော့မည် မဟုတ်ချေ။ သဲကန္တာရနှင့် သဲကန္တာရနေသတ္တဝါတို့သည် ဂေဟစနစ်တစ်ခုဖြစ်ပြီး သစ်တောနှင့်သစ်တောနေသတ္တဝါတို့သည် အခြားဂေဟစနစ်တစ်ခုဖြစ်သည်။ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့်အသိဉာဏ်များ ကျယ်ပြန့်စွာဖြစ်ထွန်း တိုးတက်လာသည်နှင့်အမျှ သစ်တောထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း နည်းပညာများသည်လည်း ခေတ်မီတိုးတက်လာသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍကို အဆင့်မြှင့်တင်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ရေရှည်သန့်ရှင်းရေးကိုလည်း အထောက်အပံ့ဖြစ်စေနိုင်သည်။ ကမ္ဘာမြေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့သည် အပြန်အလှန်အကျိုးပြုလျက်ရှိနေကြသည်။
ပျိုရွယ်မှုတို့ပျောက်ဆုံးလာသည့် ကမ္ဘာမြေဝယ် တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသော လူဦးရေကြောင့် သဘာဝပတ်ဝန်းကျင်တို့သည်လည်း တစ်စတစ်စနှင့် ယိုယွင်းလာတော့သည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့်နိုင်ငံများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်အတူ ကမ္ဘာမြေ ကယ်ဆယ်ရေးအတွက် လိုအပ်သောအစီအမံများ၊ ဥပဒေပြဋ္ဌာန်းချက်များထုတ်ပြန်ကာ ဆောင်ရွက်လာကြသည်။
ကမ္ဘာမြေ၏သယံဇာတများကို လူသားများက ထုတ်ယူသုံးစွဲနေကြပြီး ညစ်နွမ်းအောင် လုပ်နေကြသည်။ စွမ်းအင်သစ်များပြန်လည်ဖြည့်တင်းနိုင်ရန် သဘာဝတရားကြီးကို အနားယူချိန်မျှပင် မပေးနိုင်ကြချေ။ ပျက်စီးဆုံးရှုံးမှုများက အဆမတန်တိုးပွားလာနေပြီး ကမ္ဘာမြေထိန်းသိမ်း စောင့်ရှောက်ရေးကို အဆောတလျင် အရေးယူဆောင်ရွက်ရန် လက်နှေးနေကြမည်ဆိုပါက သက်ရှိသတ္တဝါများ ကင်းမဲ့သောကမ္ဘာကြီးအဖြစ်သို့ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရောက်ရှိသွားမည်သာဖြစ်သည်။ အချိန်မနှောင်းမီ သဘာဝတရားကြီးကို ပြန်လည်ကာကွယ်ပြီးကုစားရန် နည်းလမ်းကောင်းများရှာကြံသင့်လှသည်။
ဂေဟပညာရှင်များက ဤအချက်ကို ကောင်းစွာသဘောပေါက်ကြသည်။ထို့ကြောင့် ရေရှည်တည်တံ့မည့်ထိန်းသိမ်းရေးကိုဥပဒေများပြဋ္ဌာန်းခြင်း၊ အထောက်အကူပြုပစ္စည်းများပံ့ပိုးပေးခြင်း စသည့်အစီအမံများကို ကမ္ဘာ့နိုင်ငံများကဆောင်ရွက်လာကြသည်။ မြန်မာနိုင်ငံကလည်း လိုအပ်သည့်အစီအမံ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်းပါ ပုဒ်မ ၄၅ တွင်-
“နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်” ဟုပြဋ္ဌာန်းထားသည်။
နိုင်ငံတော်ပိုင်းဆိုင်ရာ ထိုသို့တာဝန်ယူထားသည့် နည်းတူ နိုင်ငံသားတိုင်းကလည်း ပါဝင်ကူညီဆောင်ရွက်ရန်တာဝန်ရှိသည်။ သို့အတွက် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များတွင်လည်း-
“နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်-
(က) အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း။
(ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(ဂ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးမြင့်မားလာစေရန် ကြိုးပမ်းခြင်း။
(ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။”
ဟူ၍ သဘာဝပတ်ဝန်းကျင်ကို နိုင်ငံသားတိုင်းက ထိန်းသိမ်းစောင့်ရှောက်စေလိုသည့်ဆန္ဒကို ဖော်ပြပြဋ္ဌာန်းထားခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် ရည်မှန်းချက်များ၊ ပြဋ္ဌာန်းချက်များဖြင့် ရှိနေသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများသည် တည်ရှိနေဆဲဖြစ်သည်။ ထိန်းသိမ်းရေးအမည်ခံ ဆောင်ရွက်နေမှုများသည် သဘာဝပတ်ဝန်းကျင်ကို တကယ်တမ်းထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်သည်။ လိုအပ်နေဆဲဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းသည် နိုင်ငံတော်သာယာရေးကို အလေးပေး ဆောင်ရွက်နေခြင်းဖြစ်သည်ကို နှလုံးသွင်းထားမှသာ ရည်မှန်းချက်သည် ပြည့်မီမည်ဖြစ်သည်။
နိုင်ငံအများစုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တတ်နိုင်သလောက်သာ ဆောင်ရွက်ကြသည်။
နှစ်စဉ်ရေကြီးခြင်း၊ ရေရှားပါးခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ အပူရှိန်မြင့်တက်ခြင်းတို့က တတ်နိုင်သလောက်သာ ဆောင်ရွက်ခြင်းကို သက်သေပြလျက်ရှိသည်။ စွမ်းအင်၊ ပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများဝယ် ပတ်ဝန်းကျင်နှင့် ကိုက်ညီမည့် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မလုပ်ဆောင်ပါက ကာဗွန်ထုတ်လုပ်မှုမြင့်မားပြီး ရာသီဥတုဆိုးကျိုးများကိုသာ လက်ဆောင်အဖြစ်ရရှိလာမည်ဖြစ်သည်။ နိုင်ငံတော်အနေနှင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသည့် ဆောင်ပုဒ်ချမှတ်ကာ တာဝန်ရှိသူများက လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်လာသည်မှာ အနာဂတ်နိုင်ငံတော်အတွက် စိတ်အေးစရာပင်ဖြစ်တော့သည်။ သဘာဝပတ်ဝန်းကျင် အခင်းအကျင်းတစ်ခုကို ပိုမိုခံစားတွေ့မြင်လာရတော့မည်ဖြစ်သည်။ သိမြင်သည့်အချိန်မှ စတင်ဆောင်ရွက်အကောင်အထည်ဖော်ခြင်းသည် နောက်ကျသည်ဟုမဆိုနိုင်ပါချေ။ ဆောင်ရွက်ခြင်းဖြင့် လူသားတိုင်းသန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်များရရှိလာနိုင်သည်။ နိုင်ငံသားတိုင်းအတွက် ကောင်းမွန်စိတ်ချရပြီး ရေရှည်တည်တံ့စေမည့် ခေတ်မီစွမ်းအင်ရရှိရေးအတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကိုလည်း ဆောင်ရွက်လာနိုင်ပါလိမ့်မည်။ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးဆက်များမှလည်း သက်သာရာရလာမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် ပင်လယ်၊ သမုဒ္ဒရာနှင့် ရေသယံဇာတများကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းစောင့်ရှောက်ရာရောက်ပြီး ပင်လယ်နှင့်ကမ်းရိုးတန်း ဂေဟစနစ်များကို စဉ်ဆက်မပြတ်ထိန်းသိမ်းရာလည်း ရောက်စေသည်။ ဂေဟစနစ်များအား ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သစ်တောများရေရှည်တည်တံ့နိုင်သည်။ သဲကန္တာရများ မဖြစ်ပေါ်နိုင်ပါချေ။ မြေယာပြုန်းတီးမှု၊ ဇီဝမျိုးစုံပြုန်းတီးမှုတို့လည်း ရပ်တန့်စေနိုင်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် သစ်တော၊ သစ်ပင်၊ တောရိုင်းတိရစ္ဆာန်များ၊ တရားမဝင်ခုတ်ယူရောင်းဝယ်ရေးမှ ဟန့်တားနိုင်ရန်လည်းလိုအပ်သည်။ လူထုက လူထု၏ လူထုအတွက် "of the people, by the people and for the people" ကို ဝိုင်းဝန်းဆောင်ရွက်ရာလည်း ရောက်သည်။ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုအကောင်အထည်ဖော်ရန် ပြည်သူလူထု၊ နိုင်ငံသားအားလုံးက ထိထိရောက်ရောက် ပါဝင်နိုင်မည့် အခွင့်အလမ်းများလိုအပ်မည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံတော်သာယာခြင်းစသည့် အကျိုးကျေးဇူးတို့ရရှိမည်ဖြစ်သည်။ ထိန်းသိမ်းခြင်းဆိုသည်မှာ အနာဂတ်မျိုးဆက်တို့၏ အကျိုးစီးပွားရှင်သန်ရပ်တည်ရေးကို မထိခိုက်စေဘဲ မျက်မှောက်ခေတ်လူသားတို့၏ အကျိုးစီးပွားကို ဖြည့်ဆည်းပေးနိုင်သော ထိန်းသိမ်းမှုမျိုးကို ဆိုလိုသည်။ ။
MWD
