စည်းလုံးညီညွတ်မှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် အမိမြန်မာပြည်လွတ်လပ်ရေး

Posted_Date

Image

စည်းလုံးညီညွတ်မှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် အမိမြန်မာပြည်လွတ်လပ်ရေး  (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး

Body

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး

တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ရှင်သန်ဖွံ့ဖြိုးခြင်းနှင့် တိုးတက်မြင့်မားခြင်းသည် လွတ်လပ်ရေးဟူသည့်အုတ်မြစ်ကို  ခိုင်မာစွာ တည်ဆောက်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။ လွတ်လပ်သောနိုင်ငံဖြစ်မှသာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုရှိပြီး    ကိုယ့်မြေ၊ ကိုယ့်ရေ၊   ကိုယ့်ပိုင်နက်နယ်မြေ၊  ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးနှင့်    ကိုယ်ပိုင်အုပ်ချုပ်သူအစိုးရဖြင့် ကမ္ဘာ့အလယ်တွင်   ထည်ဝါစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်သို့ အလွယ်တကူ ရောက်ရှိခဲ့ခြင်း မဟုတ်ပေ။ ဇာတိသွေး၊ ဇာတိမာန်ထက်သန်ပြီး နိုင်ငံချစ်စိတ်အပြည့်အဝရှိသော  ရဟန်းရှင်လူပြည်သူလူထုတို့က အသက်၊ သွေး၊ ချွေးများကို စတေး၍ နယ်ချဲ့ကိုတိုက်ထုတ်၊ ဖက်ဆစ်ကိုတွန်းလှန်ကာ ရယူခဲ့ရသည့် လွတ်လပ်ရေးဖြစ်သည်။ လွတ်လပ်ရေးရမှ ဖြစ်မည်ဟူသော မြန်မာမျိုးချစ်သူရဲကောင်းတို့၏ မဆုတ်မနစ်သောဇွဲ၊  အနိုင်မခံအရှုံးမပေးသည့်စိတ်နှင့် ရဲရင့်သည့်  သတ္တိသွေးတို့ဖြင့်   လွတ်လပ်ရေးကို ရယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘာ့နိုင်ငံများစွာကို တစ်ချိန်က ကျူးကျော်ကျွန်ပြုခဲ့ကြသည့် နယ်ချဲ့နိုင်ငံများသည်  ယခုမျက်မှောက်ကာလတွင်လည်း နိုင်ငံငယ်များကို လွှမ်းမိုးခြယ်လှယ်၍ ခေတ်သစ်ကိုလိုနီဝါဒကို ပုံဖော်အသက်သွင်းလျက်ရှိကြသည်။ ဒုတိယကမ္ဘာစစ်အပြီး လက်လွှတ်ခဲ့ရသည့် ၎င်းတို့ကျွန်ပြုခဲ့သော နိုင်ငံများ၏လွတ်လပ်ရေးကို တစ်နည်းနည်းဖြင့်ထိပါးကာ ပြန်လည်ချုပ်ကိုင်စိုးမိုးနိုင်ရန် အားထုတ်လျက်ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီးချိန်မှစ၍ ယခုထိရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခများ၌ ပြည်ပစွက်ဖက်မှုများက နောက်ကွယ်မှ ကြိုးကိုင်လျက်ရှိပြီး   ခေတ်အဆက်ဆက်အစိုးရများအား ဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း မြှောက်ထိုးပင့်ကော် ပါဝင်နေသည်ကိုတွေ့ရသည်။ 

၎င်းတို့ကြိုးကိုင်ခြယ်လှယ်နိုင်သည့်  နိုင်ငံမဟုတ်ပါက နိုင်ငံရေးမတည်မငြိမ်ဖြစ်စေရန်၊ ပြည်တွင်းပဋိပက္ခတိုက်ပွဲများဖြင့် သံသရာလည်၍ ဆင်းရဲမှုကို နာလန်မထူနိုင်စေရန်၊ နိမ့်ကျသည့်နိုင်ငံဘဝသို့ရောက်ရှိစေရန် လုပ်ကြံဖန်တီးကြသည်။ နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုပျက်ပြားလျှင် အချိန်မရွေး ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် နိုင်ငံအတွက် လွတ်လပ်ရေးသည် အဖိုးအနဂ္ဃထိုက်တန်သောကြောင့် နိုင်ငံသားအားလုံးက   ကာကွယ်စောင့်ရှောက် ထိန်းသိမ်းကြရမည်ဖြစ်သည်။

အတိတ်သမိုင်းကပင်ရှိနေသော တိုင်းရင်းသားညီအစ်ကိုများအကြား သံသယနှင့် ပဋိပက္ခများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု     အဟန့်အတားဖြစ်စေသည်ကို    သဘောပေါက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဂုဏ်ကျက်သရေ လင်းလက်တောက်ပစေရန်တို့အတွက်  နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများအကြား၊ တိုင်းရင်းသားပြည်သူအချင်းချင်းအကြား စည်းလုံးညီညွတ်မှု ခိုင်မာစွာတည်ဆောက်၍ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာရေရှည်တည်တံ့စေရေး     အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။

လွတ်လပ်ရေးသမိုင်းကြောင်း

နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်းဆိုသည်မှာ ယင်းနိုင်ငံ၏ အသည်းနှလုံးဟုဆိုရမည်ဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့၏ ၁၈၂၄ ခုနှစ်တွင် ပထမကျူးကျော်စစ်၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယကျူးကျော်စစ်နှင့် ၁၈၈၅ ခုနှစ်တွင် တတိယကျူးကျော်စစ်တို့ဆင်နွှဲခံရပြီး နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ကျူးကျော်စစ်ကြီးသုံးကြိမ်ဖြစ်ပွားပြီးနောက် ဆုံးရှုံးခဲ့ရသောနယ်မြေများကို ပြန်လည်ရရှိရန် နိုင်ငံသူ၊ နိုင်ငံသားများက ကြိုးစားခဲ့ကြသော်လည်း ခေတ်မီလက်နက်မရှိခြင်း၊ ညီညွတ်စွာ စုစည်းဦးဆောင်နိုင်သော ခေါင်းဆောင်မရှိခြင်း၊ မိမိတို့ဒေသအလိုက်သာ   တော်လှန်နေခြင်းတို့ကြောင့် အကျိုးမထင်သော အခြေအနေများ ကြုံတွေ့ခဲ့ရသည်။  မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် သခင်အောင်ဆန်း ခေါင်းဆောင်သည့် မျိုးချစ်လူငယ်များသည်  ရဲဘော်သုံးကျိပ်အဖြစ်ဖွဲ့စည်းပြီး ဂျပန်ပြည်သို့ စစ်ပညာသွားရောက်သင်ယူခဲ့သည်။ သူ့ကျွန်မခံလိုသောကြောင့်  ဇာတိမာန်တက်ကြွကာ  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊  အသက်၊ သွေး၊ ချွေးတို့ဖြင့်ရင်းနှီးပြီး မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ 

နှစ်ပေါင်း ၁၀၀ ကျော် တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်ရန်  အသက်၊   သွေး၊  ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရပြီး လွတ်လပ်ရေးရရှိရန် စွမ်းဆောင်ကြရာ၌  အရေးပါဆုံးလက်နက်မှာ  နှလုံးရည်လက်နက်ဖြစ်သည်။  ထို့အတူ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ပညာ

နှင့်  ဗဟုသုတရှိမှုတို့သည်လည်းအရေးပါကြောင်း တွေ့ရှိခဲ့ရသည်။      ဗြိတိသျှလက်အောက်ခံဘဝ၊ ဖက်ဆစ်လက်အောက်ခံ ဘဝတို့မှသည် ဂျပန်ခေတ် ရွှေရည်စိမ်လွတ်လပ်ရေးရရှိခဲ့မှု၊ ဂျပန်ကိုတော်လှန်ပြီးနောက် ဗြိတိသျှလက်အောက် ပြန်လည်ရောက်ရှိခဲ့

မှု ထိုမှတစ်ဆင့် လုံးဝလွတ်လပ်ရေးရရှိရန် လက်ရုံးရည်တိုက်ပွဲများမှသည်  နှလုံးရည်နှင့်ပေါင်းစပ်လျက် မြန်မာပြည်သူအားလုံး လိုလားတောင့်တခဲ့ကြသည့် လွတ်လပ်ရေးကို အဆင့်ဆင့်ဖြတ်သန်းရယူခဲ့ကြောင်း သမိုင်းဝိညာဉ်များက သက်သေပြလျက်ရှိသည်။ 

မြန်မာ့သမိုင်းတစ်လျှောက်  ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးခြင်း မဖြစ်ရအောင် အစဉ်သတိပြုကြစေရန်နှင့် မျိုးချစ်စိတ်ဓာတ်   ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ နှစ်စဉ်လွတ်လပ်ရေးနေ့သို့ ရောက်တိုင်းလွတ်လပ်ရေးနေ့ ဦးတည်ချက်များချမှတ်ကာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားများကို နိုင်ငံတစ်ဝန်း  ကျင်းပလျက်ရှိသည်။ ၂ဝ၂၆  ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်   အမျိုးသားရေးဦးတည်ချက်(၄)ရပ်ကို အောက်ပါအတိုင်း ချမှတ်ထားပါသည်-

(၁)  ပြည်ထောင်စုမပြိုကွဲရေး၊    တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့သည် အလို

အပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်း စောင့်ရှောက်ရေး။

(၂)    ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော  ဖွံ့ဖြိုးတိုးတက်မှုများကို   ဖော်ဆောင်နိုင်ရန်   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရေး။

(၃)    လွတ်လပ်မှုနှင့်တရားမျှတမှုကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်ရေး။

(၄)  ဒေသအလိုက်  သဘာဝထွက်ကုန်များကိုအခြေခံကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို အားပေးမြှင့်တင်၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်အောင်ဆောင်ရွက်ရေး။

ထို့ပြင် နိုင်ငံအတွက် စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဘွဲ့ထူး၊ ဂုဏ်ထူးများချီးမြှင့်ခြင်းကို လွတ်လပ်ရေးရပြီး ကာလမှစ၍ အထင်အရှားပြုလုပ်လာကြသည်။ ထိုသို့ ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် အသိအမှတ်ပြုတံဆိပ်များ ချီးမြှင့်ခြင်းသည် အနာဂတ်တွင် တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် စွမ်းဆောင်နိုင်သော လူတော်လူကောင်းများ  နှစ်စဉ်ပေါ်ထွက်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့ အခမ်းအနားများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုအကြား လွတ်လပ်ရေးကို ထိန်းသိမ်းလိုသော စိတ်ဓာတ်များ၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသော တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ရှင်သန်တိုးပွားလာမည်ဖြစ်သည်။

လွတ်လပ်ရေးနှင့် နိုင်ငံသား၏တာဝန်

လွတ်လပ်ရေးဆိုသည်မှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအတွက် အလွန်တန်ဖိုးကြီးသော အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်သည်။   နိုင်ငံတစ်နိုင်ငံ လွတ်လပ်ရေးရရှိရန် အတိတ်ကာလတွင်  အနစ်နာခံမှုများ၊ စွန့်လွှတ်မှုများနှင့် သွေးချွေးများကို ပေးဆပ်ခဲ့ရသည်။ ထိုလွတ်လပ်ရေးကြီးကို ထိန်းသိမ်းထားနိုင်ရန်အတွက်   နိုင်ငံသားတိုင်း၏တာဝန်သည်   အရေးကြီးဆုံးဖြစ်လာသည်။ လွတ်လပ်ရေး ရရှိထားသော နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများသည် မိမိတို့၏အခွင့်အရေးများကို ရရှိနိုင်သကဲ့သို့ တာဝန်များကိုလည်း ထမ်းဆောင်ရသည်။ ဥပဒေကိုလေးစားလိုက်နာခြင်း၊     လူမှုစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းတို့သည် နိုင်ငံသား၏ အခြေခံတာဝန်များ ဖြစ်သည်။ ထိုသို့ လိုက်နာခြင်းဖြင့် လူမှုအေးချမ်းသာယာရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

နိုင်ငံသားတစ်ဦးအနေဖြင့် မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်ရှိရမည်။    နိုင်ငံ၏အကျိုးစီးပွားကို   ဦးစားပေးစဉ်းစားခြင်း၊ ပြည်သူအချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ခြင်းတို့သည်  လွတ်လပ်ရေးကို   ရေရှည်တည်တံ့စေရန်အရေးပါသည်။  ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီခြင်းသည်လည်း နိုင်ငံသား၏ တာဝန်တစ်ရပ်ဖြစ်သည်။   နိုင်ငံသားတိုင်းက  မိမိတာဝန်ကို သိရှိနားလည်ပြီး ထမ်းဆောင်နိုင်ပါက   နိုင်ငံ၏လွတ်လပ်ရေးသည် ပိုမိုခိုင်မာတည်တံ့လာမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးကို တန်ဖိုးထားကာ   နိုင်ငံသား၏ တာဝန်များကို အပြည့်အဝထမ်းဆောင်ခြင်းသည်  မိမိကိုယ်တိုင်အတွက်သာမက  နိုင်ငံအနာဂတ် အတွက်ပါ  အလွန်အရေးကြီးသည်ဟုဆိုလိုခြင်းဖြစ်သည်။

ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကြီးအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူများအနေဖြင့်   နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းပြီး  ကြုံတွေ့လာရမည့်   စိန်ခေါ်မှု အခက်အခဲများကို ညီညီညွတ်ညွတ်ဖြင့်  စုပေါင်းကျော်လွှားကြရမည် ဖြစ်ပေသည်။ သို့မှသာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းသည့်  ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးသို့ အလျင်အမြန်ရောက်ရှိနိုင်ပြီး ဒီမိုကရေစီကျင့်စဉ်များ  ထွန်းကားခြင်းနှင့်အတူ လွတ်လပ်ရေး၏အနှစ်သာရနှင့် အသီးအပွင့်များကို နိုင်ငံသားပြည်သူများ   ရရှိခံစားနိုင်ကြမည် ဖြစ်သည်။

၂၁ ရာစုတွင်မွေးဖွားလာကြသော  မျိုးဆက်သစ်များအနေဖြင့်   လွတ်လပ်ရေး၏တန်ဖိုးကို လက်တွေ့ခံစားသိရှိနိုင်သကဲ့သို့ သမိုင်းတွင် လွတ်လပ်ရေးဆုံးရှုံးမှု၏ ခါးသီးသောအရသာကို စာအုပ်စာပေများထဲတွင် ရှာဖွေဖတ်ရှုနိုင်ကြပေသည်။ ဒီမိုကရေစီစနစ်သစ်ထွန်းကားနေချိန် လူ့အခွင့်အရေးတည်းဟူသော လူသားတစ်ဦးချင်းစီ၏  လွတ်လပ်မှုကို ဦးစားပေးလာချိန်တွင် နိုင်ငံ၏လွတ်လပ်ရေးကိုလည်း မမေ့မလျော့ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ 

စင်စစ် အတိတ်သမိုင်းဟူသည် ဂုဏ်ယူဖွယ်ရာများ၊  သင်ခန်းစာယူဖွယ်ရာများနှင့်အပြည့်သာဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် တောင်ပေါ်မြေပြန့်နေရာအနှံ့မှ   တိုင်းရင်းသားတို့    ညီညွတ်ခဲ့ကြခြင်း၊ လွတ်လပ်ရေးရပြီးနောက်   ကိုလိုနီစနစ်၏ရန်ဆူးရန်ငြောင့် မျိုးစေ့တို့အပင်ပေါက်ကာ ဘာသာရေး၊ လူမျိုးရေး၊ အယူဝါဒများ၊ ပဋိပက္ခများပေါ်ထွက်လာခြင်း စသည်တို့မှာ မဝေးလှသည့် အတိတ်သမိုင်းတို့၏ သင်ခန်းစာယူဖွယ်ပင်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရေးနှင့် ကမ္ဘာ့အလယ် ဝင့်ထည် ဂုဏ်ယူနိုင်ရေးတို့အတွက်  တောင်ပေါ်မြေပြန့်မကွဲပြား၊ ဘာသာလူမျိုးမခွဲခြား၊   တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်စွာ မိမိတို့ပခုံးထက်မှ ခေတ်သမိုင်း၏ တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာတို့၏ ဘိုးဘွားအစဉ်အဆက်  အသက်သွေးချွေးပေါင်းများစွာနှင့် တည်ဆောက်ထားခဲ့ရသော လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူ အပေါင်းက ထိန်းသိမ်းကာကွယ် တာဝန်ယူတည်ဆောက်သွားကြရမည် ဖြစ်ပေသည်။  ။

MWD