ပညာရေးစုံညီပွဲတော်နှင့် မြန်မာ့ပညာရေး
Posted_Date
Image
Body
အခြေခံပညာကျောင်းများ၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၃ ရက်တွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဟူ၍ အဆင့်အလိုက် အသီးသီးသတ်မှတ်ကျင်းပ လျက်ရှိသည်။ ပညာရေးစုံညီပွဲတော်ဆိုသည်မှာ ဆရာ၊ မိဘ၊ ကျောင်းသားစုံညီစွာ ပူးပေါင်းဆင်နွှဲသော ပညာရေးပွဲတော်တစ်ခုဖြစ်သည်။ ဆရာ၊ မိဘ၊ ကျောင်းသားတို့သည် သုံးနားညီပညာရေးတြိဂံတွင် ညီညွတ်မျှတစွာရှိနေရမည့် အနားများဖြစ်သည်။ သို့ဖြစ်ရာ ပညာရေးစုံညီပွဲတော်ကျင်းပခြင်းဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား ပိုမိုစည်းလုံးညီညွတ်မှုရရှိစေပြီး ဟန်ချက်ပိုမိုညီညွတ်သော ကြိုးပမ်းမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ ပညာရေးစုံညီပွဲတော်ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ မြို့နယ်နှင့်ကျောင်းအသီးသီးသို့ ပြပွဲပြိုင်ပွဲအသုံးစရိတ်များခွင့်ပြုထားသည်။ ရရှိသောအသုံးစရိတ်များကို အဆင့်ဆင့်သောပညာရေးဝန်ထမ်းများ(တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ)က အကျိုးရှိအောင် စီမံကွပ်ကဲဆောင်ရွက်လျက်ရှိသည်။
ပညာရေးစုံညီပွဲတော်ကျင်းပရေးရည်ရွယ်ချက် (၄) ရပ်ကို အောက်ပါအတိုင်းချမှတ်၍ အစဉ်အလာမပျက်စီစဉ်ဆောင်ရွက်သည်။ ယင်းရည်ရွယ်ချက်(၄)ရပ်မှာ -
(၁) ပညာရေးမြှင့်တင်မှုအစီအစဉ်အရ ကျောင်း၏ တိုးတက်ဖြစ်ပေါ်မှုများ၊ အောင်မြင်မှုများကို မိဘပြည်သူများအား အသိပေးရန်။
(၂) မိဘ၊ ဆရာ၊ ကျောင်းသားပိုမိုရင်းနှီးပြီး ပညာရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မားလာစေရန်။
(၃) မိဘပြည်သူများက ကျောင်းအပေါ်ပိုမိုစိတ်ဝင်စားမှု၊ စေတနာထားလာမှုတို့ဖြင့် ကျောင်းသံယောဇဉ် ပိုမိုတိုးမြင့်လာစေရန်။
(၄) မိဘ၊ ဆရာ၊ ကျောင်းသားပူးပေါင်းမှုဖြင့် ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအောင်မြင်လာစေရန်တို့ဖြစ်သည်။
ကျွန်တော်တို့သည် ပညာရေးစုံညီပွဲတော်ကို ကျင်းပဆောင်ရွက်ကြရာတွင် ဆရာ၊ မိဘ၊ ကျောင်းသား တွေ့ဆုံရုံသက်သက် မဟုတ်ပေ။ ကျောင်းပညာသင်နှစ်အတွင်း ကာယ၊ ဉာဏပညာရေးကဏ္ဍတို့တွင် ထူးချွန်သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခြင်းများလည်း ပါဝင်သည်။
ပညာရေးစုံညီပွဲတော်ကို ပျော်ရွှင်ဂုဏ်ယူဖွယ်ဖြစ်အောင်စီစဉ်ကျင်းပ၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာလက်ရာများကို ဖော်ထုတ်ပြသထားသည့်ကဏ္ဍများကိုပါတွေ့မြင်ခံစားခွင့်ရသည်။ ဘက်စုံပညာရေးကို ဖွံ့ဖြိုးတိုးတက်စေသော တီထွင်ဖန်တီးမှုပြခန်းများ၊ အဆို၊ အကများကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ တင်ဆက်ပြသကြသည်။ ကာယဖွံ့ဖြိုးမှုအတွက် အားကစားပြိုင်ပွဲများ ကျင်းပ၍ ကျောင်းသား၊ ကျောင်းသူများ၏ ဇွဲ၊ လုံ့လ၊ ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးရသည်။
ပညာရေးစုံညီပွဲတော်၏ အနှစ်သာရသည် သာမန်ပျော်ပွဲရွှင်ပွဲသက်သက်သဘောမျိုးမဟုတ်ဘဲ ဘက်စုံပညာရေးကို ဖော်ဆောင်သည့် အစီအစဉ်အထောက်အပံ့ကောင်းဖြစ်စေရန် ဦးတည်သည်။
မြန်မာ့ပညာရေးစနစ်သည် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့်ပညာရေးစနစ်ဖြစ်သည်။ ဘက်စုံပညာရေးစနစ်သည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဟူသော ကဏ္ဍစုံဖွံ့ဖြိုးရေးကို သင်ကြားလေ့ကျင့်ဆောင်ရွက်ပေးသော ပညာရေးစနစ်ဖြစ်သည်။ ထိုသို့ကဏ္ဍစုံကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှသာ ခေတ်နှင့်အညီ ပညာရေးစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် ပညာအရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ထွန်းကားလာမည်ဖြစ်သည်။ ယနေ့ပညာရေးသည် စာသင်ရုံသက်သက်မဟုတ်သည်ကို မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး သိရှိ
နားလည်ထားရမည်ဖြစ်သည်။ ပညာဟူသည်မှာ အမှားအမှန်ခွဲခြားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ လက်တွေ့အသုံးပြု နိုင်စွမ်းရှိခြင်းကို ခေါ်သည်။ ကြက်တူရွေးကျက်လုပ်နိုင်ရုံနှင့်မရ။ ကိုယ်ပိုင်တွေးခေါ်၍ တီထွင်ဖန်တီးနိုင်စွမ်းရှိရမည်။ ထိုအဆင့်အထိရောက်အောင် သင်ကြားလေ့ကျင့်ပေးရမည်။ ကျောင်းသား၊ ကျောင်းသူများကလည်း ကိုယ်တိုင်ကြိုးစားရယူအသုံးပြု
နိုင်စွမ်းရှိသည်အထိ သင်ယူလေ့ကျင့်ရပေမည်။
ပညာရေးစုံညီပွဲတော်တွင် မိဘ၊ ဆရာတို့တွေ့ဆုံ၍ ပညာရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖန်တီးနိုင်မည်ဖြစ်သည်။ ကျောင်းတက်ခြင်း၊ ပညာသင်ယူခြင်းသည် အတတ်ပညာများကို သင်ယူရုံနှင့်မလုံလောက်ပေ။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသော ဗလငါးတန်နှင့် ပြည့်စုံအောင်ဆောင်ရွက်နိုင်မှ ပြည့်စုံလုံလောက်သည်။
ပညာတတ်ပြီး ကိုယ်ကာယပိန်လှီချည့်နဲ့နေ၍မဖြစ်၊ ကိုယ်ကာယသန်မာဖွံ့ဖြိုးပြီး ပညာဉာဏ်နည်းပါး၍လည်း မဖြစ်ပေ။ ကာယဗလ၊ ဉာဏဗလနှင့်ပြည့်စုံနေရုံမျှနှင့်လည်း မပြီးမြောက်သေးပေ။ ပညာရေးရည်ရွယ်ချက်သည် လူတော်လူကောင်းဖြစ်လာရေးအထိ ရည်ရွယ်သည်။ အတတ်ပညာများ တတ်ကျွမ်းနေရုံမျှနှင့်မပြီးသေး၊ လူကောင်းတစ်ယောက်ဖြစ်လာရန် အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်သည်။ တစ်ဖန် လူဟူသည် တစ်ဦးတစ်ယောက်တည်းနေထိုင်၍မရဘဲ အသင်းအဖွဲ့နှင့်စုပေါင်းနေထိုင်ရသည်ဖြစ်ရာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု မိတ္တဗလနှင့်ပြည့်စုံအောင် ကြိုးစားလေ့ကျင့်ရန်လိုအပ်သည်။ ရှေ့ဆုံးဗလလေးတန်နှင့် ညီညွတ်အောင် ကြိုးစားနိုင်သူသည် ကြွယ်ဝပြည့်စုံမှု ဘောဂဗလနှင့်လည်း ပြည့်စုံလာပေမည်။ထိုသို့ ပြည့်စုံသောလူ့ဘောင် အသိုင်းအဝိုင်းကို တည်ဆောက်နိုင်ပြီဆိုလျှင် ဖွံ့ဖြိုးတိုးတက်၍ သာယာသော လူ့ဘောင်လောကကိုတည်ဆောက်နိုင်မည်ဖြစ်သည်။
ယနေ့လူငယ်များသည် စာဖတ်အားနည်းလာကြသည်။ လက်တွေ့လေ့လာမှုလည်းအားနည်းသည်။ ထို့ကြောင့် အတတ်ပညာ၊ အသိပညာအားနည်းလာသည်။ အတတ်ပညာပိုင်းတွင် တော်သည်ဆိုဦးအံ့၊ အသိပညာပိုင်းတွင် အားနည်းသဖြင့် ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့နည်းလာသည်။ ထိုအခါ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်း ပညာအားနည်းလာသည်။ အမှားအမှန်ခွဲခြားနိုင်စွမ်း အားနည်းသူသည် အမှားကိုအမှန်ထင်၊ အမှန်ကိုအမှားထင်၍ လွဲမှားသောအတွေး၊ လွဲမှားသော လုပ်ဆောင်
ချက်တို့ကို တွေးမိလုပ်မိကြသည်။ မှန်ကန်သောအသိပညာရှိပါမှ အလိမ္မာရှိသည်။ အလိမ္မာရှိပါမှ မှန်ကန်စွာတွေးခေါ် ဆောင်ရွက်နိုင်သည်။ အသိပညာအလိမ္မာရှိသူသည် ဆရာ၊ ဆရာမ၏သွန်သင်ဆုံးမမှုကိုခံယူသည်။ မိဘ၏သွန်သင်ဆုံးမမှုကို နားထောင်သည်။ ဆရာမိဘလမ်းညွှန်သည့်အတိုင်း လိုက်နာဆောင်ရွက်သည်။ ထိုသူသည် ဘဝလမ်းတစ်လျှောက် အမှားပြုမိခြင်းနည်းပါးပြီး အမှန်လမ်းကြောင်းပေါ်တွင်သာ တည့်တည့်မတ်မတ်လျှောက်လှမ်းနိုင်သည်။
ယနေ့ပညာရေးသည် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် ပညာရေးဖြစ်သည်။ ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် ယဉ်ကျေးမှု ခေါင်းပါးသည့် ရိုင်းစိုင်းသောအပြောအဆို၊ အပြုအမူများ၊ အမှန်နှင့်သွေဖည်သည့် အတွေးအခေါ်မှားများမဖြစ်အောင် မိဘ၊ ဆရာတို့က ဝိုင်းဝန်းထိန်းကျောင်းတည့်မတ်ပေးကြရပေမည်။ မိုက်မဲမှုမှန်သမျှသည် ပညာ၏ ဆန့်ကျင်ဘက်များသာဖြစ်ကြောင်း ကျောင်းသားလူငယ်ထုတွင်း စိမ့်ဝင်ပျံ့နှံ့သိရှိအောင် ကြိုးပမ်းကြရပေမည်။
ပညာရေးစုံညီပွဲတော်ကျင်းပခြင်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပတ်ဝန်းကျင်ကောင်း၊ နည်းလမ်းကောင်းများ ဖန်တီးဆောင်ကြဉ်းပေးခြင်းဟုရှုမြင်မိသည်။ လူငယ်သည် နုပျိုဖျတ်လတ်သည်။ သင်ယူနိုင်စွမ်းအားကောင်းသည်။ စူးစမ်းလေ့လာလိုစိတ်ရှိသည်။ ထိုသို့သော လူငယ်ကျောင်းသားများကို မှန်ကန်စွာတွေးခေါ်ဆောင်ရွက်နိုင်သော ပညာများရရှိအောင် ဆရာ၊ မိဘပြည်သူတစ်ရပ်လုံးက လမ်းပြသင်ကြားပေးရပေလိမ့်မည်။ အနာဂတ်နိုင်ငံ့တာဝန်များကို ကောင်းမွန်စွာ လက်လွှဲယူနိုင်ပြီး ကောင်းမွန်စွာဦးဆောင်ကြိုးပမ်းနိုင်သော မျိုးဆက်သစ်များဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးရပေလိမ့်မည်။ တပည့်မှားနေလျှင် ဆရာကပြုပြင်ပေးရန်တာဝန်ရှိပြီး သားသမီးမှားနေလျှင် မိဘကပြုပြင်ပေးရန်တာဝန်ရှိသည်။ အမှားသည်မည်မျှပင် ကြာညောင်းစေကာမူ အမှန်မဖြစ်နိုင်ကြောင်း၊ အမှန်၏ဇာစ်မြစ်ကို ပညာဖြင့်သာဖော်ထုတ်နိုင်ကြောင်း သွန်သင်ညွှန်ပြကြရပေမည်။
စာရေးသူ၏တွေ့မြင်သုံးသပ်ချက်ကို တင်ပြရလျှင် ပညာရေးစုံညီပွဲတော်သို့ လာရောက်ကြသော မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းများတွင် ကောင်းသောလက္ခဏာများကို တွေ့ရသည်။ ထိုလက္ခဏာများမှာ ပညာကိုကောင်းစွာဖြန့်ဖြူးလိုခြင်း၊ သင်ယူလိုခြင်း၊ အေးချမ်းပျော်ရွှင်မှုကို လိုလားနှစ်ခြိုက်ခြင်း၊ အတူတကွမျှတကြည်ဖြူစွာ ပေါင်းသင်းဆက်ဆံလိုခြင်း၊ ရိုးသားကြိုးစားမှုကိုပြသလိုခြင်း၊ ကောင်းသောယှဉ်ပြိုင်ခြင်းကိုသာလိုလားခြင်း စသော လက္ခဏာများဖြစ်သည်။
ယခုနှစ်တွင် ပညာရေးအချိန်အခါအခွင့်ကောင်းများရရှိ၍ အစဉ်အလာမပျက်ပြန်လည်ကျင်းပနိုင်ပြီဖြစ်သည်။
စာရေးသူ၏ ဒေသကျောင်းများတွင် ပညာရေးစုံညီပွဲတော်ကို ရှိသည့်အင်အားနှင့် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စုံလင်စွာ တက်ရောက်ကြသည်။ ကလေးများ၏ ကြိုးစားယှဉ်ပြိုင်မှု၊ ထူးချွန်ထက်မြက်မှု၊ မိဘပြည်သူများ၏အားပေးမှုကို တွေ့ရသောအခါ အထူး၀မ်းသာပီတိဖြစ်ရသည်။ ကျောင်းသား၊ ကျောင်းသူများ၏ တက်ကြွဖျတ်လတ်မှု၊ ဆရာ၊ ဆရာမများ၏ ဝိုင်းဝန်းကြိုးပမ်းမှု၊ မိဘ
ပြည်သူများ၏ စိတ်ဝင်တစားပါဝင်မှုတို့သည် အားတက်စရာဖြစ်ရသည်။ ထို့ကြောင့် အစဉ်အလာကောင်းသော၊ ရလဒ်ကောင်းသော ပညာရေး စုံညီပွဲတော်များကို နှစ်စဉ် နှစ်တိုင်းကျင်းပ၍ မြန်မာ့ပညာရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်အောင် အားသစ်များ ဆက်လက်မွေးကြပါစို့ဟု နှိုးဆော်ရေးသားလိုက်ရပေသည်။ ။
MWD
