တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ရယူခဲ့သော လွတ်လပ်ရေး၏အနှစ်သာရနှင့် ကျွန်ုပ်တို့၏တာဝန်

Posted_Date

Image

တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ရယူခဲ့သော လွတ်လပ်ရေး၏အနှစ်သာရနှင့် ကျွန်ုပ်တို့၏တာဝန်

Body

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတ နိုင်ငံတော်အဖြစ်သို့ ကမ္ဘာ့မြေပုံပေါ်၌ ပြန်လည်ရပ်တည်ခဲ့သည်။ ထိုနေ့သည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ပြန်လည်ရယူသော သမိုင်းဝင်ကာလတစ်ခုဖြစ်သည်။

လွတ်လပ်ရေးသည်  နိုင်ငံတစ်နိုင်ငံရပ်တည်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ လွတ်လပ်ရေးဆိုသည်မှာ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို မိမိတို့သာထိန်းချုပ်ခွင့်၊ မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ဖြစ်သည်။

လွတ်လပ်ရေးဆုံးရှုံးခြင်းသည် အချုပ်အခြာအာဏာဆုံးရှုံးခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆုံးရှုံးခြင်းနှင့် အနာဂတ်မျှော်လင့်ချက်များ  ပျောက်ဆုံးခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးသည်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊  နယ်မြေပိုင်ဆိုင်မှုတို့ ဆုံးရှုံးမည်ဖြစ်သည်။

သုညခေတ်ဝယ် ဖြစ်လာရပေ၊ တို့တစ်တွေသည် သေသော်မှတည့် ဪ...ကောင်း၏

အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၂၄ - ၁၈၂၆ ခုနှစ်တွင် ပထမကျူးကျော်စစ်၊ ၁၈၅၂ - ၁၈၅၄ ခုနှစ်တွင် ဒုတိယကျူးကျော်စစ်နှင့် ၁၈၈၅ ခုနှစ်တွင်     တတိယကျူးကျော်စစ်များကို ဆင်နွှဲခဲ့၍ မြန်မာနိုင်ငံအားကိုလိုနီအဖြစ် သွတ်သွင်းခဲ့သည်။ ပထမကျူးကျော်စစ်အပြီး  ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် အင်းဝဘုရင်နှင့် အရှေ့အိန္ဒိယကုမ္ပဏီတို့ ရန္တပိုစာချုပ်ကိုချုပ်ဆို၍  စစ်စရိတ်ငွေတစ်ကုဋေ

နှင့်  ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီတို့နှင့် ရေမြေတစ်ကြောတည်း ဆက်စပ်လျက်ရှိသည့်ကျွန်းများကို အင်္ဂလိပ်နယ်ချဲ့၏လက်သို့

အပ်ခဲ့ရသည်။ ထို့နောက်  ဒုတိယကျူးကျော်စစ်အပြီးတွင် ရန်ကုန်၊ မုတ္တမ၊ ပုသိမ်၊ ပြည်စသည့် အောက်မြန်မာနိုင်ငံကို ဆုံးရှုံးခဲ့ရပြန်

သည်။ တတိယကျူးကျော်စစ်တွင် သီပေါဘုရင်နန်းကျခဲ့ရပြီး မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။ “ကုန်းဘောင်နေမီး၊ မထိန်ညီး၍၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်းနန်းသုဉ်း၊  မြို့သုဉ်းသုည၊  သုဉ်းသုံးဝဖြင့်၊ ကြုံရပြန်လစ်၊  သုညခေတ်ဝယ်၊ ဖြစ်လာရပေ၊ တို့တစ်တွေသည်၊ သေသော်မှတည့်၊ ဪ...ကောင်း၏။ ဟူသော ဧကပိုဒ်ရတုအရ အချုပ်အခြာအာဏာဆုံးရှုံးရခြင်းသည်  ကြေကွဲဝမ်းနည်းဖွယ်ကောင်းကာ    အလွန်တရာခံပြင်းပြီး ယူကျုံးမရဖြစ်ခဲ့သည်ကို မြန်မာသမိုင်းတွင် မြင်နိုင်သည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုများ

မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည့်အချိန်မှစ၍ ဗိုလ်လရောင်နှင့်ဆရာစံကဲ့သို့ မျိုးချစ်ပုဂ္ဂိုလ်များက တော်လှန်ခဲ့သော်လည်း  အင်အားခြင်းမမျှ၊ ခေတ်မီလက်နက်များမရှိသဖြင့်  အရှုံးပေးခဲ့ကြရသည်။ သို့သော် အမျိုးသားရေးလှုပ်ရှားမှုအဖြစ် ၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)ကိုလည်းကောင်း၊ ၁၉၁၉ ခုနှစ်တွင် မြန်မာ့ကုမ္မာရီအသင်း (မြန်မာ့အမျိုးသမီးများသမဂ္ဂ)တို့ကို    ဖွဲ့စည်းခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြန်မာ့အသင်းချုပ်ကြီး(GCBA)ကိုဖွဲ့စည်းခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ပထမအကြိမ် ကျောင်းသားများ  သပိတ်မှောက်ခဲ့ကြပြီး တို့ဗမာအစည်းအရုံးကို စတင်ဖွဲ့စည်းတည်

ထောင်ခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့တို့က ဒိုင်အာခီအုပ်ချုပ်ရေး၊  ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးများကိုပေးခဲ့သော်လည်း မြန်မာနိုင်ငံသားတို့သည် လုံးဝလွတ်လပ်ရေးသည် ပထမ၊ လုံးဝလွတ်လပ်ရေးသည် ဒုတိယ၊ လုံးဝလွတ်လပ်ရေးသည် တတိယဟူသည့် ကြွေးကြော်သံကို  အစဉ်တစိုက်ကိုင်စွဲ၍ တိုက်ပွဲဝင်ခဲ့ကြသည်။  ၁၉၃၈  ခုနှစ်တွင် ရေနံမြေအလုပ်သမားများ  ပါဝင်သည့် ရေနံမြေသပိတ် (၁၃၀၀ ပြည့်အရေးတော်ပုံ) ပေါ်ပေါက်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် နိုင်ငံရေး အဖွဲ့အစည်းများ ညီညွတ်စွာပေါင်းစည်းထားသည့်  ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ထို့နောက် သခင်အောင်ဆန်းဦးဆောင်ကာ  ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံ ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိစေရန် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ၁၉၄၁ ခုနှစ်တွင်ဖွဲ့စည်း၍ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့ကြရာမှ ၁၉၄၂ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်။   ဗိုလ်ချုပ်အောင်ဆန်းသည်    ဗမာ့ကာကွယ်ရေးတပ်မတော်တည်ထောင်ဖွဲ့စည်းသည့် အချိန်မှစ၍  အင်အားတောင့်တင်းခိုင်မာသော တပ်မတော်ကြီးတစ်ရပ်  ဖြစ်လာအောင် အစဉ်တစိုက်ကြိုးပမ်းအားထုတ်ခဲ့သည်။ 

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သော်လည်း   အစစ်အမှန်လွတ်လပ်ရေး မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဂျပန်စစ်ဘက်အာဏာပိုင်များကသာ ချုပ်ကိုင်ထားသည့်အတွက် လွတ်လပ်ရေးကြေညာပြီးနောက် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗဟိုစစ်အဖွဲ့ချုပ်ကြီး (ကာကွယ်ရေးကောင်စီ) အစည်းအဝေးတစ်ရပ်ကို စစ်ဝန်ကြီးရုံး၌ကျင်းပရာ  ယင်းအစည်းအဝေးမှ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော်  (Burma National Army-BNA) အမည်သို့  ပြောင်းလဲခေါ်ဝေါ်ရန်ဆုံးဖြတ်ခဲ့ပြီး   ၁၉၄၃  ခုနှစ်စက်တင်ဘာလ ၁၆ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော်အဖြစ်အမည်ပြောင်းလဲခဲ့သည်။ 

ထို့နောက် ဆာရယ်ဂျီနယ်ဒေါ်မန်စမစ်က ဗမာ့အမျိုးသားတပ်မတော်ကို  မျိုးချစ်ဗမာ့တပ်မတော်ဟုမှည့်ခေါ်ရန် အကြံပြုတင်ပြချက်အရ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှစတင်၍ မျိုးချစ်ဗမာ့တပ်မတော်ဟုခေါ်ဝေါ်သုံးစွဲရန်   တရားဝင်ပြောင်းလဲသတ်မှတ်ခဲ့သည်။

အောင်ဆန်း-အက်တလီစာချုပ်မှသည်ပင်လုံစာချုပ်သို့

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်အက်တလီက မြန်မာနိုင်ငံဘုရင်ခံအမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ကို ဘုရင့်အစိုးရအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်းကြေညာခဲ့အပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင်  အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ် ရေးထိုးချုပ်ဆိုခဲ့သည်။  မြန်မာကိုယ်စားလှယ်အဖွဲ့  လန်ဒန်ဆွေးနွေးပွဲမှ ပြန်ရောက်လာသည့်အချိန်တွင် ဖဆပလအဖွဲ့ချုပ်မှ အရေးတကြီးဆောင်ရွက်ရန်ကိစ္စမှာ တိုင်းရင်းသားလူမျိုးစုများ တစည်းတလုံးတည်းပါဝင်သော ပင်လုံညီလာခံ    ကျင်းပရေးပင်ဖြစ်သည်။ ထို့ကြောင့်   ပင်လုံညီလာခံကျင်းပပြီး တောင်တန်းဒေသနှင့် ပြည်မပူးပေါင်းရေးသဘောတူစာချုပ်ဖြစ်သည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။

၁၈၈၅ ခုနှစ်တွင် လက်လွှတ်လိုက်ရသည့် လွတ်လပ်ရေးကို တိုင်းရင်းသားစည်းလုံး ညီညွတ်မှုအားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပြသနိုင်ခဲ့၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်  မြန်မာနိုင်ငံသည်  ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်မှ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့သည်။ လွတ်လပ်ရေးအရယူနိုင်ရန် ကြိုးပမ်းခဲ့သော အချိန်ကာလကိုကြည့်ပါက အင်္ဂလိပ်-မြန်မာ ပထမစစ် စတင်ဖြစ်ပွားခဲ့သည့် ၁၈၂၄ ခုနှစ်မှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၁၂၀ ကျော်ကြာမြင့်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝသို့ ကျရောက်ခဲ့သည့်   ၁၈၈၅  ခုနှစ်မှ  တွက်ကြည့်ပါက နှစ်ပေါင်း ၆၀ ကျော်  ကြာမြင့်ခဲ့သည်။ 

လွတ်လပ်ရေးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ရာ၌   အလွယ်တကူရရှိခဲ့ခြင်းမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းပြီး    ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ သွေး၊ ချွေးများစွာရင်းနှီးပြီးမှ ရရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော်   ဤဝမ်းမြောက်ဖွယ်ရာ လွတ်လပ်ရေး၏ အေးမြသောအရိပ်ထဲတွင် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်က စောင့်ကြိုနေခဲ့သည်။ လွတ်လပ်ရေးရပြီး မကြာမီပင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ဤလွတ်လပ်ရေးသည် “စစ်မှန်သော လွတ်လပ်ရေး မဟုတ်ဟု ကြွေးကြော်ခဲ့ပြီး ၁၉၄၈ ခုနှစ် မတ်လတွင် ဖဆပလအစိုးရကို ဆန့်ကျင်ကာ လက်နက်စွဲကိုင်တောခိုသွားခဲ့သောကြောင့် နိုင်ငံတော်သစ်သည်  ပြည်တွင်းစစ်ဒဏ်ကို စတင်ခံစားခဲ့ရသည်။  ထို့ပြင် ပြည်ပမှသွေးထိုးမြှောက်ပေးမှုများကြောင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(ကေအင်န်ဒီအို)တို့သည်လည်း တည်ဆဲအစိုးရကို ဆန့်ကျင်ခဲ့ကြသည်။ ပြည်သူ့ရဲဘော်အဖွဲ့တွင် ရဲဘော်ဖြူနှင့် ရဲဘော်ဝါဟူ၍ နှစ်ခြမ်းကွဲသွားခဲ့ပြီး ဇူလိုင်လတွင် ရဲဘော်ဖြူတို့ တောခိုသွားကြသည်။  ရောင်စုံသူပုန်သောင်းကျန်းသူတို့သည် လူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊  မီးရထားလမ်းများကိုဖျက်ဆီးခြင်း၊ ရွာများကိုမီးရှို့ခြင်း၊ တံတား

များကိုဖောက်ခွဲခြင်း စသည့်လုပ်ရပ်များဖြင့်  ပြည်သူများအား အကြမ်းဖက်ခဲ့ကြသည်။

တပ်မတော်၏ ခေါင်းဆောင်မှု

ထိုသို့ ပြည်သူများအပေါ်ဆိုးဝါးစွာ အကြမ်းဖက်မှုများကြောင့်     အစဉ်အလာရှိခဲ့သော တပ်မတော်သည် နိုင်ငံ၏အရေးအခင်း ဖြစ်သည်မို့ မနေသာတော့သဖြင့်  နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလတွင် ကေအင်န်ဒီအိုလက်နက်ကိုင်အဖွဲ့နှင့် အင်းစိန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ သောင်းကျန်းသူတို့သည် ဇန်နဝါရီလ၂၇ ရက်တွင် တောင်ငူ၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ပြည်မြို့များကို သိမ်းပိုက်ခဲ့ပြီး ရန်ကုန်သို့ဆင်းလာကာ ရန်ကုန်ကိုသိမ်းပိုက်ရန် ကြံစည်ခဲ့ကြသည်။

တပ်မတော်၏ ခုခံကာကွယ်မှုနှင့်ကြိုးပမ်းဆောင်ရွက်မှုများ

ထိုအချိန်က တပ်မတော်အင်အားသည် လွန်စွာနည်းပါးလွန်းလှသော်လည်း များပြားသော ရောင်စုံသူပုန်သောင်းကျန်းသူတို့ကို တပ်မတော်က   တိုက်ထုတ်နိုင်ခဲ့သည်။ တပ်မတော်သည်     သက်တမ်းအားဖြင့် နုနယ်သေးသော အချိန်ကာလအတွင်းမှာပင် ပြည်တွင်းသောင်းကျန်းမှုကြီးနှင့်  ၁၉၅၀ ပြည့်နှစ်တွင်  တရုတ်ဖြူကျူးကျော်မှုများကို တိုက်ထုတ်ခဲ့ရပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူသောင်းကျန်းသူများနှင့် အခြားသောင်းကျန်းသူမျိုးစုံတို့အား စစ်ဆင်ရေးများဖြင့် ချေမှုန်းတိုက်ထုတ်ခဲ့ရသည်။ ထို့နောက်  မြန်မာ နိုင်ငံ၌ကျင့်သုံးနေသည့်     ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို  စနစ်တကျရေးဆွဲနိုင်ရန်အတွက် အမျိုးသားညီလာခံကို  ၁၉၉၃ ခုနှစ်တွင်စတင်ခေါ်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်အတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရကာ  အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး သမ္မတကြီး ဦးသိန်းစိန်အစိုးရအဖွဲ့သည် ဒီမိုကရေစီအစိုးရအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၁၆ ခုနှစ်  မတ်လ၃၀ ရက်အထိ တာဝန်ယူခဲ့သည်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူဆောင်ရွက်ချိန်တွင် စီမံခန့်ခွဲမှု၊  အတွေ့အကြုံအားနည်းမှုများနှင့် ယခင်အစိုးရ၏ လုပ်ဆောင်မှုများကိုအတိုက်အခံ  ဆောင်ရွက်မှုများကြောင့် အားနည်းချက်များဖြစ်ပေါ်ခဲ့သည်။ စတင်တာဝန်ယူစဉ် နှစ်နှစ်အတွင်း ပြည်ပအကူအညီများစွာ ရရှိခဲ့သော်လည်း   စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ  အထောက်အပံ့များဖြင့်သာ     စီးပွားရေး လည်ပတ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေးကို အားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများမရှိခြင်း၊ နိုင်ငံ၏ပကတိ အခြေအနေနှင့်  မကိုက်ညီသည့် နိုင်ငံခြားသား အကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ပြည်သူလူထုမှ ၎င်းတို့အပေါ်အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန်   စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပခဲ့ချိန်တွင် မဲမသမာမှုများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ မဲစာရင်းကွဲလွဲမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့မှုအပေါ် တပ်မတော်အနေဖြင့် တာဝန်ရှိသူများက စိစစ်အရေးယူ ဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ်အသိပေး အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို  အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ယခုအခါ နိုင်ငံတော်အစိုးရမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပေးလျက်ရှိသည်။  သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့်လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် မြန်မာအီလက် ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM)ဖြင့်  ဆောင်ရွက်လျက်ရှိသဖြင့်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးလွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိသည်။

နိုင်ငံသားအားလုံး၏တာဝန်

ထိုသို့ ဘိုးဘွားအစဉ်အဆက်ခက်ခဲကြမ်းတမ်းစွာ အသက်ပေါင်းများစွာပေးဆပ်ခဲ့ရသော မြန်မာနိုင်ငံလွတ်လပ်ရေးကြီးကို မဆုံးရှုံးစေရန်နှင့်      လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးအဖြစ် အစဉ်ရပ်တည်နိုင်ရန် မျိုးဆက်သစ်လူငယ်လူရွယ်များက လက်ဆင့်ကမ်းတာဝန်ယူ    ထမ်းဆောင်သွားရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ပင်ဖြစ်ပေသည်။   လွတ်လပ်ရေးကြေညာစာတမ်းအပိုဒ် ၅ တွင်ပါဝင်သော “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် ၊ တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခုမျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော  အနာဂတ်ကာလ၌လည်းကောင်း၊  ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျား/မ မခြား သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့တို့၏  အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည် ဟူသောစာပိုဒ်အရ မြန်မာနိုင်ငံသည် နိုင်ငံသားတို့၏ အမွေအနှစ်ဖြစ်သဖြင့် မိမိ၏ဘိုးဘွားအမွေအနှစ်ကိုသူတစ်ပါးမှ   အလွဲသုံးစားမလုပ်ကြရန် ကာကွယ်ရမည်မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ 

ယခုအချိန်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများအပေါ် ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများ၏ သွေးထိုးလှုံ့ဆော်ခြင်း၊ အကြမ်းဖက်သမားများက လက်နက်ကိုင်၍ ပြည်သူများအား  ခြောက်လှန့်ခြင်းတို့ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုများအား ဖျက်ဆီးနေကြသည်။ 

မြန်မာနိုင်ငံတွင် အချင်းချင်းသွေးကွဲမှုကြောင့် ပြည်တွင်းပဋိပက္ခများမဖြစ်ပေါ်ရန် တားဆီးရမည်မှာ    နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူများ အနေဖြင့်   နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ပြီး ကြုံတွေ့ရမည့်စိန်ခေါ်မှုအခက်အခဲများကို   ညီညီညွတ်ညွတ်ဖြင့် စုပေါင်းကျော်လွှားကြရမည်   ဖြစ်ပေသည်။ 

အချုပ်အားဖြင့်ဆိုရလျှင် ယနေ့ကျွန်တော်တို့ အေးချမ်းစွာနေထိုင်နိုင်ခြင်းတို့နှင့်အတူ မိမိတို့ဘာသာစကား၊    မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ မိမိတို့နိုင်ငံတော်အလံ၊ မိမိတို့နိုင်ငံအမည်ကို ဂုဏ်ယူစွာအသုံးပြုနိုင်ခြင်းတို့သည် အလွယ်တကူရရှိလာခြင်းမဟုတ်ဘဲ မျိုးချစ်သူရဲကောင်းများ၏ အသက်၊ သွေး၊ ချွေးနှင့် အနာဂတ်ဘဝများဖြင့် လဲလှယ်ရယူခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်း သားပြည်သူအားလုံးအနေဖြင့် ထိုလွတ်လပ်ရေး၏တန်ဖိုးကို နားလည်သဘောပေါက်ရန်၊ ထိန်းသိမ်းကာကွယ်ရန်နှင့် တိုးတက်အောင် ဆက်လက်ထမ်းဆောင်ရန် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို လေ့လာကြည့်မည်ဆိုလျှင် နိုင်ငံအင်အားမတောင့်တင်းပါက    စည်းလုံးညီညွတ်မှုမခိုင်မြဲပါက  နိုင်ငံ့အချုပ်အခြာအာဏာသည်အချိန်တိုအတွင်း လက်လွတ်ဆုံးရှုံးနိုင်သည်ဖြစ်သဖြင့် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန်၊လွတ်လပ်ရေး၏  အသီးအပွင့်များကို တန်းတူညီမျှခံစားနိုင်ရန်  တိုင်းရင်းသားအချင်းချင်းမတူညီသည့် စိတ်သဘောထား၊ ခံယူချက်များကို ဘေးဖယ်ထားပြီး စည်းလုံးညီညွတ်စွာ    ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီနိုင်ငံတော်ကြီးကို         တည်ဆောက်သင့် ပါကြောင်းကို တိုက်တွန်းရေးသားလိုက်ရပါသည်။    ။

MWD