နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့

Posted_Date

Image

နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့

Body

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံအတွင်းနေ နိုင်ငံသားတစ်ဦးချင်းစီ၏ ပညာရည်မြင့်မားရေးသည်လည်း အဓိကအခန်းကဏ္ဍ တစ်ခုတွင် ပါဝင်နေသည်။  ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏  အဓိကရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်သည်။ ပညာရည်အဆင့်အတန်းမြင့်မားမှုသည်  နိုင်ငံတော်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်မည့် ယုံကြည်ချက်ကို ကိုယ်စားပြုသည်။ လူ့စွမ်းအားအရင်းအမြစ်ကောင်းကို မွေးထုတ်ပေးနိုင်မှုကိုလည်း အထောက်အကူပြုစေသည်။ အလားတူ ပညာရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေးအစရှိသော လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေသည်။ 

ပညာဟုဆိုရာတွင်      အတန်းပညာသာမက အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား ဆန်းစစ်သိမြင်နိုင်သည့် ပညာကိုဆိုလိုသည်။ အရှင်းဆုံးဖွင့်ဆိုရလျှင် ပညာရေးဆိုသည်မှာ စိတ်ကူးများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားကောင်းများ ကောင်းမွန်လာအောင် သင်ကြားပေးခြင်းပင်ဖြစ်သည်။ ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများနှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းရပ်များကိုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့်အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။ 

သတင်းအချက်အလက်နှင့်  နည်းပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းကျင်စေရန် ကြိုးပမ်းအားထုတ်နေကြရုံမျှမက ထိုပညာရပ်များကို ကောင်းမကောင်း၊ မှန်မမှန်ဆုံးဖြတ်နိုင်ရေးသည်လည်း ပညာဟူ၍ဆိုရပေလိမ့်မည်။ ထို့ပြင် ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့်လက်ဆင့်ကမ်းနိုင်စွမ်း “ပန်းတိုင် လည်း ရှိရမည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာရေးဆိုင်ရာပြဿနာများနှင့်ရင်ဆိုင်နေရမှုသည် ပို၍ကြီးမားသည်။ စီးပွားရေးဖိအားကြောင့် ပညာရေးကို အလေးမမူသောသူများသဖြင့် မိမိတို့သားသမီးများကို ငွေရှာသူများဘဝသို့တွန်းပို့ကြသည်။ ရေရှည်ပညာသင်ကြားရေးထက်  ရေတိုစားဝတ်နေရေးပြဿနာများကို ဖြေရှင်းရန် အဓိကထားနေကြရသဖြင့် ပညာရေးကို ရှောင်လွှဲနေကြရသည်။  အကယ်၍  လက်ရှိစားဝတ်နေရေးပြဿနာများ  ပြေလည်ကြမည်ဆိုလျှင် မည်သည့်မိဘမဆို ကိုယ့်သားသမီးများအား အတန်းပညာရေးပြီးဆုံးသည်အထိ   ကျောင်းထားကြမည်မှာ  အမှန်ပင်ဖြစ်သည်။ 

ပညာရေးကို အလေးမထားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ယိုယွင်းပြိုဆင်းခြင်းကိုဖြစ်စေသည်။ နိုင်ငံအတွင်း ပညာတတ်လူဦးရေနည်းပါးလာခြင်းသည် လူဆိုး၊ လူမိုက်၊ လူရမ်းကားများ ပေါများလာစေကာ အမှားကို အမှန်ထင်၊ အမှန်ကိုအမှားမြင်ကာ သူခိုး၊ ဓားပြများပေါများလာမည်ဖြစ်သည်။  လူတစ်ဦး၏အနာဂတ်လှပကောင်းမွန်ရေးတွင် ပညာရေးသည် အခြေခံကျသည်။ ပညာကိုကြိုးစားကာ သင်ယူခဲ့သူ၏ အနာဂတ်သည် ပန်းခင်းသောလမ်းကို လျှောက်လှမ်းနေနိုင်သကဲ့သို့ဖြစ်ပြီး ပညာကို တန်ဖိုးမထားခဲ့သူ၏ အနာဂတ်သည်   ဆူးခင်းလမ်းကိုလျှောက်လှမ်းရသကဲ့သို့ ဖြစ်နေမည်။ ကျောင်းနေသင့်သည့် အရွယ်တွင် ကျောင်းမတက်ရခြင်းသည်   ကလေးများ၏ဘဝကို များစွာနစ်နာစေသည့်အပြင် ဒေသနှင့် နိုင်ငံတိုးတက်ရေးကိုပါ ထိခိုက်စေသည်။   

ထို့ကြောင့် နိုင်ငံတော်၏  အနာဂတ်အတွက် ကလေးအားလုံးကျောင်းနေပြီး ပညာသင်ကြားနိုင်ရေး ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ အားလုံးပူးပေါင်း၍ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ အားပေးပံ့ပိုးခြင်း စသည့်နည်းလမ်းများဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ဤသည်မှာ လူငယ်များ၏ အနာဂတ်သာယာလှပရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင်ဖြစ်သည်။ ယနေ့လူငယ်များသည် နောင်အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် လူငယ်တို့၏ ပညာရေး၊ ကျန်းမာရေးကို အထူးပင်အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။                                                                                      

နိုင်ငံတော်အစိုးရသည်   ပညာရေးကဏ္ဍတွင် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးနေသည်နှင့်အညီ ကျောင်းသား၊   ကျောင်းသူများအနေဖြင့်လည်း မိမိတို့ဝါသနာနှင့်ကိုက်ညီသည့် ပညာရေးလမ်းသွယ်ကို ရွေးချယ်သင်ကြားကြရမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀၊ မြို့နယ် ၅၁ မြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း  ၅၁ ကျောင်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။ ထို့ပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းလေးကျောင်း တိုးချဲ့ဖွင့်လှစ်ကာ စုစုပေါင်း ၈၉ကျောင်းဖွင့်လှစ်ထားနိုင်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအတွင်းရှိ နိုင်ငံသားတိုင်း စားရေရိက္ခာဖူလုံစွာ ရရှိရေးသည် လွန်စွာအရေးပါလှသည်။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရာတွင် မွေးမြူရေးအသိပညာရှင်၊ အတတ်ပညာရှင်များ၊ မွေးမြူရေးကျွမ်းကျင်လုပ်သားများလည်း မွေးထုတ်နိုင်ရန်များစွာ လိုအပ်လျက်ရှိသည်။

ထိုသို့နိုင်ငံ၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်လျက်ရှိသော   မွေးမြူရေးအသိပညာရှင်၊ အတတ်ပညာရှင်၊ မွေးမြူရေးကျွမ်းကျင် လုပ်သားများ ပေါ်ထွက်လာနိုင်စေရေးရည်ရွယ်ကာ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။ ယခုလက်ရှိ ဖွင့်လှစ်ထားသော  တက္ကသိုလ်များမှာ နေပြည်တော်ကောင်စီနယ်မြေရေဆင်းရှိ   “မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ “စိုက်ပျိုးရေးနှင့်  မွေးမြူရေးတက္ကသိုလ်(မအူပင်)”၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်

ရှိ  “တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ “အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း များပင်ဖြစ်သည်။ ထိုတက္ကသိုလ်နှင့်ကျောင်းများမှ တက်ရောက်အောင်မြင်ခဲ့ပါက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝကာ တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်   ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလယ်အလတ်ကျွမ်းကျင်ပညာရှင်များလည်းများစွာ ပေါ်ထွန်းလာမည်ဖြစ်သည်။ 

နိုင်ငံ၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သည့် ပညာတတ်လူတော်လူကောင်းများ ဖြစ်လာမည်ဖြစ်သည်။ 

ထို့ပြင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌  မွေးမြူရေးအထူးပြု ကျောင်းသားသည်    အထူး(Credit)အောင်ဖြင့် အောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine)ငါးနှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့(Bachelor of Animal Science) လေးနှစ်သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်သည်။

အဆင့်မီ(Qualified)အောင်ဖြင့် အောင်မြင်သူသည် စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် သင်ကြားလျက်ရှိသည့် မွေးမြူရေးဒီပလိုမာ(Diploma in Animal Husbandry) သုံးနှစ်သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံ၏ ငါးလုပ်ငန်းဒီပလိုမာ (Diploma in Fisheries and Aquaculture) သုံးနှစ်သင်တန်းသို့ တက်ရောက်နိုင်မည်ဖြစ်သည်။  မွေးမြူရေးဒီပလိုမာ   (Diploma in Animal Science) သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်လေးနှစ် သင်တန်းမွေးမြူရေး ပညာဘွဲ့(Bachelor of Animal Science)၏ တတိယနှစ်(ပထမနှစ်ဝက်)သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။ ငါးလုပ်ငန်းဒီပလိုမာ  (Diploma in Fisheries and Aquacture)သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းမှ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။

ရိုးရိုးအောင်မြင်ပါက မွေးမြူရေးအတတ်ပညာအထက်တန်းအောင်လက်မှတ်ရရှိမည်ဖြစ်ပြီး မွေးမြူရေးနှင့်သက်ဆိုင်သော အခန်းကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်သည်။ ထို့ပြင် အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း သို့ တက်ရောက်သူတိုင်း အထူးအခွင့်အရေးအနေဖြင့် ကျောင်းတက်နေစဉ်အတွင်း လစဉ်လတိုင်း   ပညာသင်ချီးမြှင့်ငွေများကိုလည်း နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည်။

ပညာရေးသည် ကျောင်းသား၊ ကျောင်းသူကလေးလူငယ်တစ်ဦးချင်းစီ၏ အနာဂတ်အတွက် နိုင်ငံတော်အတွက်ပါ လွန်စွာအရေးကြီးလှသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်    ပညာသည်အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ တွေးခေါ်မြော်မြင်မှု၊ ကျွမ်းကျင်မှုတို့နှင့်ပြည့်စုံသည့် နိုင်ငံသားတို့၏အားဖြင့် နိုင်ငံကို   ပုံဖော်တည်ဆောက်သွားကြမည်ဖြစ်ရာ ပညာရေးအားကောင်းမောင်းသန်ဖြစ်ရန်လိုအပ်ပေသည်။ မိမိတို့နိုင်ငံ၏ ပညာရေးကို မြင့်မားအားကောင်းလာစေရန်   အဘက်ဘက်မှ  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင်ပါဝင်သည့်  “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး အတွက် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များထွန်းကားလာစေရေး၊  လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို    အစဉ်ဦးတည်ကြိုးပမ်းနေရမည် ဖြစ်သည်။ 

နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပညာရေးကိုအားပေးခြင်းသည်   နိုင်ငံသားအားလုံး   ကျရာကဏ္ဍမှ ထမ်းဆောင်ကြရမည့် တာဝန်တစ်ရပ်ပင်ဖြစ်သည်။ သို့မှသာ ပညာရေးကိုအခြေခံကာ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။        ။

MWD