တရုတ်နိုင်ငံ၏ One-Child Policy ရုပ်သိမ်းခဲ့ခြင်း ၁၀ နှစ်အပြည့်

Posted_Date

Image

တရုတ်နိုင်ငံ၏ One-Child Policy ရုပ်သိမ်းခဲ့ခြင်း ၁၀ နှစ်အပြည့်

Body

ဇန်နဝါရီလ ၁ ရက်နေ့သည် တရုတ်နိုင်ငံက One-Child Policy ကို ရုပ်သိမ်းခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ယင်းမတိုင်မီ ဆယ်ရက်အလိုတွင် တရုတ်နိုင်ငံ၏ မိသားစု စီမံကိန်းစည်းမျဉ်းများကို ရက်စက်စွာ အကောင်အထည်ဖော်ရန် ကြပ်မတ်ခဲ့သူ ဖုန်းဖေယွန်း (Peng Peiyun) သည် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ သူမသည် သူမ၏ လုပ်ရပ် များအတွက် မည်သည့်အခါမျှ တာဝန်ယူ တာဝန်ခံခဲ့ရခြင်း မရှိပေ။ အချို့သော နာရေးသတင်းများတွင် ဖုန်းကို "ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသူ" အဖြစ် ချီးမွမ်းခဲ့ကြသော်လည်း လက်တွေ့တွင်မူ သူမသည် အကျိုးဆက်များ မပေါ်ပေါက်သေးမီကပင် လူသားမဆန်လွန်းလှသော မူဝါဒတစ်ခုကို ဆက်လက်ရှင်သန်အောင် လုပ်ဆောင်ခဲ့သူသာ ဖြစ်သည်။

၁၉၇၉ ခုနှစ်တွင် ထိုစဉ်က ဒုတိယဝန်ကြီးချုပ် ချန်မူဟွာ (Chen Muhua) က စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်ပေါ်လိမ့်မည်ဟူသော အမှားအယွင်းရှိသည့် ယုံကြည်ချက်ဖြင့် ဤမူဝါဒကို ပထမဆုံး အဆိုပြု ခဲ့ခြင်း ဖြစ်ပြီး၊ ခေါင်းဆောင်ကြီးများဖြစ်သည့် ချန်ယွန်း (Chen Yun) နှင့် တိန်ရှောင်ဖိန် (Deng Xiaoping) တို့က ထောက်ခံခဲ့ကြသည်။ သို့သော် ဒုံးပျံသိပ္ပံပညာရှင် ဆုန့်ကျန့် (Song Jian) နှင့် စီးပွားရေးပညာရှင် ထျန်ရွှယ်ယွမ် (Tian Xueyuan) တို့က ၂၀၈၀ ပြည့်နှစ်တွင် တရုတ်လူဦးရေ သည် ၄.၂၆ ဘီလီယံအထိ ရောက်ရှိသွားနိုင်သည်ဟု သတိပေးပြီးနောက် ၁၉၈၀ ပြည့်နှစ်သို့ ရောက် မှသာ ဤမူဝါဒကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အကြီးတန်းခေါင်းဆောင် အချို့က ထိုအဆိုပြုချက်အပေါ် သံသယရှိခဲ့ကြသဖြင့် မူဝါဒကို ဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် မဟုတ်ဘဲ "အိတ်ဖွင့်ပေးစာ" တစ်စောင်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၈၅ ခုနှစ်မှစ၍ ဒေသအချို့တွင် ကလေးနှစ်ဦးယူနိုင်သည့် မူဝါဒကိုလည်း စမ်းသပ်ကျင့်သုံးခဲ့ သေးသည်။

၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင် ဆန္ဒပြပွဲများအပြီးတွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် ရာထူး တိုးမြှင့်ခံရသော ဆုန့်ကျန့် က အသစ်ခန့်အပ်လိုက်သော သမ္မတ ကျန်းဇီမင်း (Jiang Zemin) အား One-Child Policy ကို ပိုမိုတင်းကျပ်ရန် စည်းရုံးခဲ့သည်။ နှစ်နှစ်အတွင်းမှာပင် ကလေးမွေးဖွား နှုန်းသည် အစားထိုးနှုန်း (အမျိုးသမီးတစ်ဦးလျှင် ကလေး ၂.၁ ဦး) အောက်သို့ ကျဆင်းသွားခဲ့သည်။ သို့သော် ဖုန်းဖေယွန်း သည် အမျိုးသားလူဦးရေနှင့် မိသားစုစီမံကိန်းကော်မရှင် အကြီးအကဲအဖြစ် တာဝန်ယူစဉ်တွင် ထိုမူဝါဒကို ရပ်တန့်မည့်အစား "One-vote veto" (တစ်မဲဖြင့် ပယ်ချခြင်း) စနစ် ကို တိုးချဲ့ကျင့်သုံးခဲ့သည်။ ယင်းစနစ်သည် အရာရှိများ၏ ရာထူးတက်လမ်းကို မိသားစုစီမံကိန်း အောင်မြင်မှုရလဒ်များနှင့် တိုက်ရိုက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။

ယင်းက အာဏာပိုင်များကို ပိုမိုရက်စက်သော နည်းလမ်းများ အသုံးပြုလာစေရန် တွန်းအားပေး သကဲ့သို့ ဖြစ်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ရှန်းတုန်းပြည်နယ်၌ အမျိုးသမီးများကို ဖမ်းဆီးပြီး အတင်း အဓမ္မ ကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် အတင်းအကျပ် မွေးဖွားစေခြင်းများ ပြုလုပ်ခဲ့သည့် "ကလေးမဲ့ ရက်ပေါင်းတစ်ရာ" (Hundred Childless Days) လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ရာတွင် ဖုန်းဖေယွန်း က ချီးကျူးခဲ့ပြီး အခြားသူများကိုလည်း အတုယူရန် တိုက်တွန်းခဲ့သည်။ သူမ တာဝန်ယူခဲ့သော သက်တမ်း (၁၉၈၈-၉၈) အတွင်း အမျိုးသမီး ၁၁၀ သန်းကို သားအိမ်တွင်းထည့် ပစ္စည်းများ ထည့်သွင်းခဲ့ပြီး၊ ၄၁ သန်းကို သားကြောဖြတ်ခဲ့ကာ ၁၁၀ သန်းကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့သည် (အများစုမှာ အတင်းအဓမ္မ စေခိုင်းခံရခြင်း ဖြစ်သည်)။ ယေဘုယျအားဖြင့် ကလေးမွေးဖွားနှုန်း သည် ၁၉၉၀ ပြည့်နှစ်တွင် အမျိုးသမီးတစ်ဦးလျှင် ၂.၃ ဦး ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၁.၂၂ ဦးအထိ ကျဆင်းသွားခဲ့သည်။ ထိုအချိန်တွင် ရှန်းတုန်းပြည်နယ်၌ ၁၀ နှစ်အရွယ် ကလေးအရေအတွက်နှင့် နှိုင်းယှဉ်ပါက ၆ နှစ်အရွယ် ကလေးအရေအတွက်မှာ ၄၀ ရာခိုင်နှုန်းသာ ရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

မှားယွင်းသော ကိန်းဂဏန်းများနှင့် လူဦးရေဆိုင်ရာ ကပ်ဘေး 

ဖုန်းဖေယွန်း (Peng Peiyun) သည် ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် သူမသည် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် သူမသည် အခြားသော ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ကျန်းကျိဟွာ (Jiang Zhenghua) နှင့်အတူ သမ္မတ ကျန်းဇီမင်းကို စည်းရုံးကာ "မိသားစုစီမံကိန်းဥပဒေ" ကို ပြဋ္ဌာန်းစေခဲ့သည်။ ယင်းက ဆယ်စုနှစ်များစွာ တရားမဝင် ဖြစ်နေခဲ့သော One-Child Policy ကို ဥပဒေအရ အကာအကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ဖုန်းသည် ၁၉၉၄ မှ ၂၀၀၇ အထိ တရုတ်လူဦးရေအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ ယင်းရာထူးကို အသုံးပြု၍ တရုတ်နိုင်ငံ၏ လူဦးရေဆိုင်ရာ သုတေသန များကို အချက်အလက်မှန်ကန်မှုထက် နယ်ပယ်အလိုက် လိုရာဆွဲတွေးခေါ်မှု (Ideology) မှန်ကန် စေရန် သူမက ထိန်းချုပ်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၀၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ ကလေး မွေးဖွားနှုန်းမှာ ၁.၂၂ သာ ရှိသော်လည်း ယင်းကိန်းဂဏန်းကို ၁.၈ ဟု ပြင်ဆင်ဖော်ပြခဲ့သည်။ အကြောင်းမှာ မွေးဖွားနှုန်း ၁.၂ သာရှိပါက မိသားစုစီမံကိန်းမူဝါဒများ မလိုအပ်တော့ကြောင်း ဝန်ခံ လိုက်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ဖုန်းကို ပြုပြင်ပြောင်းလဲရေးသမားဟု ခေါ်ဆိုကြသူများသည် ၂၀၀၄ ခုနှစ်တွင် သူမ တင်သွင်းခဲ့သော One-Child Policy ဖြေလျှော့ရေး အဆိုပြုချက်ကို ရည်ညွှန်းကြခြင်း ဖြစ်သည်။ သို့သော် ထိုအဆိုပြု ချက်မှာ မူဝါဒကို အလျင်အမြန် ရုပ်သိမ်းရန် မဟုတ်ဘဲ ကလေးနှစ်ဦးယူခွင့်ကို တဖြည်းဖြည်းချင်း တိုးမြှင့်ရန်သာ ဖြစ်သည်။ သူမသည် မှားယွင်းသော ကိန်းဂဏန်းများကို အသုံးပြု၍ "ကလေးနှစ်ဦး ယူခွင့်ကို လူတိုင်းအား ခွင့်ပြုလိုက်ပါက တရုတ်လူဦးရေသည် စိုးရိမ်ရသည့်မျဉ်း (၁.၆ ဘီလီယံ) ကျော်လွန်သွားမည်" ဟု သတိပေးကာ သူမ၏ ရပ်တည်ချက်ကို ကာကွယ်ခဲ့သည်။

ယင်းအချက်မှာ မိမိ (စာရေးသူ Yi Fuxian) ၏ ခန့်မှန်းချက်များနှင့် လုံးဝ ဆန့်ကျင်နေပါသည်။ ၂၀၀၀ မှ ၂၀၀၇ အတွင်း မိမိသည် မူဝါဒများကို ရုပ်သိမ်းလိုက်လျှင်ပင် မွေးဖွားနှုန်းသည် အစားထိုး နှုန်းသို့ ပြန်မရောက်နိုင်ဘဲ ၂၀၂၃ တွင် ၁.၄၇ အထိ ကျဆင်းသွားမည်ဖြစ်ကြောင်းနှင့် တရုတ်လူဦးရေ သည် ၁.၄ ဘီလီယံအောက်တွင်သာ အမြင့်ဆုံးဖြစ်မည်ဖြစ်ကြောင်း ဆောင်းပါးနှင့် စာအုပ်များစွာ ရေးသားခဲ့သည်။ သို့သော် ဆုံးဖြတ်ချက်ချသူများသည် မိမိ၏ သတိပေးချက်များကို နားမထောင် သည့်အပြင် မိမိ၏ စာအုပ်ကိုပါ ပိတ်ပင်ခဲ့ကြသည်။

မျှော်လင့်ထားသည့်အတိုင်း မွေးဖွားနှုန်းမှာ ဆက်လက်ကျဆင်းခဲ့ပြီး အရာရှိများကမူ ကိန်းဂဏန်း များကို မြှင့်တင်ဖော်ပြခဲ့ကြသည်။ ဥပမာ ၂၀၁၀ သန်းခေါင်စာရင်းအရ မွေးဖွားနှုန်း ၁.၁၈ ကို ၁.၆၃ ဟု ပြင်ဆင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အကြီးတန်းအရာရှိများသည် "မွေးဖွားနှုန်း နိမ့်ကျမှုကို ခိုင်မာစွာ ထိန်းသိမ်းထားရန်" အကြံပြုနေခဲ့ကြသည်။

သို့သော် မိမိ၏ ခန့်မှန်းချက်များ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ၂၀၁၂ ခုနှစ်တွင် အစိုးရ က မိမိကို စာမျက်နှာ ၅၀,၀၀၀ ပါ အစီရင်ခံစာတစ်စောင် တင်ပြရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် တရားဝင်လူဦးရေပညာရှင် ၁၇ ဦးက "ကလေးနှစ်ဦးယူခွင့်ပေးပါက မွေးဖွားနှုန်းသည် ၄.၄ အထိ မြင့်တက်သွားမည်" ဟု အဓိပ္ပာယ်မဲ့စွာ ခန့်မှန်းခဲ့ကြသဖြင့် အစိုးရသည် ၎င်းတို့နောက်သို့သာ လိုက်ခဲ့သည်။

၂၀၁၆ ခုနှစ်သို့ ရောက်မှသာ ကလေးနှစ်ဦးယူခွင့်မူဝါဒကို တစ်နိုင်ငံလုံးတွင် ကျင့်သုံးခဲ့သည်။ ယခု အခါတွင်မူ ၂၀၂၂ ခုနှစ်မှစ၍ တရုတ်လူဦးရေ စတင်ကျဆင်းလာပြီဖြစ်ကြောင်းနှင့် ၂၀၂၅ တွင် မွေးဖွားနှုန်းမှာ ၀.၉ ခန့်သာ ရှိတော့ကြောင်း အရာရှိများက ဝန်ခံနေကြပြီဖြစ်သည်။ လူဦးရေ ဆိုင်ရာ ပြိုလဲမှု (Demographic collapse) သည် အမှန်တကယ် ဖြစ်နိုင်ခြေရှိသော အခြေအနေ တစ်ခု ဖြစ်လာခဲ့သည်။

ထိုဖြစ်ရပ်သည် တရုတ်အစိုးရ၏ အဓိကအားနည်းချက်ကို ဖော်ပြနေသည်။ အကြီးတန်းအရာရှိများ ကျောထောက်နောက်ခံပြုထားသော မှားယွင်းသည့် မူဝါဒများကို အချက်အလက်များ လိမ်လည် ခြင်းဖြင့် အချိန်အတော်ကြာ ဖုံးကွယ်ထားနိုင်ခြင်းပင်ဖြစ်သည်။ ယင်းသည် အိန္ဒိယနိုင်ငံ၏ အတွေ့ အကြုံနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ အိန္ဒိယတွင် ၁၉၇၅ ခုနှစ်က အတင်းအဓမ္မ မိသားစု စီမံကိန်းများ လုပ်ဆောင်ခဲ့သော်လည်း နှစ်နှစ်အကြာတွင် ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီသည် ရွေးကောက်ပွဲ တွင် ရှုံးနိမ့်ခဲ့ပြီး ထိုမူဝါဒလည်း ရုပ်သိမ်းခြင်း ခံခဲ့ရသည်။

(Yi Fuxian သည် Wisconsin-Madison တက္ကသိုလ်မှ အကြီးတန်းသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ One-Child Policy ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၎င်း၏ 'Big Country with an Empty Nest' (၂၀၁၃) စာအုပ်သည် ကနဦးတွင် ပိတ်ပင်ခံခဲ့ရသော်လည်း ယခုအခါ တရုတ်နိုင်ငံ၏ အကောင်းဆုံးစာအုပ် ၁၀၀ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။)

ကိုးကား- Bangkok Post တွင် ဆောင်းပါးရှင် Yi Fuxian ရေးသားသည့် “The end of China’s one-child policy, 10 years later” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

https://www.bangkokpost.com/opinion/opinion/3171893/the-end-of-chinas-onechild-policy-10-years-later?tbref=hp