ပူးပေါင်းပါဝင်ရမည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး
Posted_Date
Image
Body
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးကုန်ကူးသူများ၏ အလေ့အထများနှင့် ဒေသတွင်းဖြစ်ပေါ်နေသော အခြေအနေများအပေါ် သုံးသပ်ပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်ချဆောင်ရွက်နေရလျက်ရှိသည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဖြင့် ကြုံတွေ့ခံစားနေရသော မူးယစ်ဆေးဝါးပြဿနာကို အလုံးစုံဖြေရှင်းနိုင်မည် မဟုတ်သော်လည်း တားဆီးနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ပြဿနာအတိုင်းအတာ တစ်ခုကိုဖြေရှင်းပြီးဖြစ်နေတတ်သည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကိုကာကွယ်ရန်မှာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထောက်အကူပြုစေသည့် “သုံးစွဲသူလက်ထဲ အလွယ်တကူမရောက်ရှိနိုင်ရေးသည်” အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရာနေရာများမှာ လက်နက်ကိုင် သောင်းကျန်းသူများ ကြီးစိုးရာနေရာဒေသများတွင်ဖြစ်သဖြင့် ထုတ်လုပ်ရာနေရာများမှ သယ်ယူပို့ဆောင်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လက်လီရောင်းချမှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းဖြင့် သုံးစွဲသူလက်အတွင်း အလွယ်တကူမရောက်ရှိရေးကို တားဆီးနှိမ်နင်းရေး လုပ်ငန်းများဖြင့် ဟန့်တားထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လွန်ခဲ့သောဆယ်စုနှစ်ကျော် ကာလများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးရောင်းချမှုများနှင့် သုံးစွဲမှုများအတန်အသင့်ရှိခဲ့သော်လည်း ဒေသတွင်းနိုင်ငံဖြတ်ကျော်မူးယစ်ရာဇဝတ်ဂိုဏ်းများ၏ ပါဝင်ပတ်သက်လာမှုနှင့် ဒေသတွင်းဈေးကွက်မြင့်တက်လာမှုများက ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို မြင့်တက်လာစေခဲ့သည်။
ပြည်သူလူထုအတွင်း အထူးသဖြင့် လူငယ်ထုအတွင်းတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုများကို မြင့်တက်စေလျက်ရှိသည်။
မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်သည့်ပုံစံများကို ပြန်လည်လေ့လာကြည့်လျှင် မူးယစ်ဆေးဝါးထုတ်လုပ်ရာဒေသများမှ မူးယစ်ဆေးအနည်းငယ်ကို လူတစ်ဦးချင်းစီမှ အခြားကုန်ပစ္စည်းများဖြင့် ကွယ်ဝှက်ကာ အကြိမ်ကြိမ်သယ်ဆောင်ခြင်း၊ မူးယစ်ဆေးအနည်းငယ်ကို လူတစ်ဦးချင်းစီမှအဆင့်ဆင့် သယ်ဆောင်ခြင်း၊ အကြိမ်ကြိမ်အနည်းငယ်သယ်ဆောင်ပြီး နေရာတစ်ခုတွင်စုစည်းခြင်းနှင့် အခြားနေရာတစ်ခုသို့ ထပ်မံသယ်ဆောင်မှုများကို အများဆုံးတွေ့ရှိရသည်။
နောက်ပိုင်းတွင် မူးယစ်ဆေးဝါးအမြောက်အမြားကို သိုဝှက်ပုံနည်းလမ်းအမျိုးမျိုးဖြင့် အဆင့်ဆင့်လက်ဆင့်ကမ်း သယ်ဆောင်လာကြသည်။
သယ်ယူပို့ဆောင်သူအဖြစ် အသုံးချခံသူများမှာ တစ်ဦးနှင့်တစ်ဦးမသိရှိဘဲ နောက်ကွယ်မှ ထိန်းချုပ်ကြိုးကိုင်သူ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရသည်။ ဥပမာနေရာတစ်ခုတွင် သော့တန်းလန်းဖြင့် ရပ်တန့်ထားသောယာဉ်များကို အခြားနေရာတစ်ခုသို့ မောင်းနှင်ရပြီး ရောက်ရှိရာနေရာတွင် ရပ်တန့်ထားခြင်းဖြင့် သယ်ယူပို့ဆောင်မှုကို အပိုင်းလိုက်၊ အကန့်စနစ်ဖြင့် လုပ်ဆောင်စေခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို ပြန်လည်လေ့လာကြည့်လျှင် AA အကြမ်းဖက်သောင်းကျန်းသူများကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ၏ ပါဝင်ပတ်သက်လာမှုများကြောင့် ဂိုဏ်းဖွဲ့ ကျူးလွန်သည့်ပုံစံမျိုးကို တွေ့ရှိလာရသည်။ တာဝန်ခံတစ်ဦး၏ထိန်းချုပ်မှုအောက်တွင် ထုတ်လုပ်သည့်အဆင့်မှ ဈေးကွက်သို့ ပို့ဆောင်၊ ရောက်ရှိသည်အထိ ဆောင်ရွက်လာသည်ကိုတွေ့ရသည်။
မူးယစ်ဆေးဝါး အမျိုးမျိုးကို ပြည်တွင်းဖြန့်ဖြူးသည့်အဆင့်မှ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့ ကုန်းလမ်း၊ ရေလမ်းကြောင်းများအသုံးပြုပြီး သယ်ဆောင်သည်အထိ ကျယ်ပြန့်လာခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော ဖြစ်စဉ်များကို ပြန်လည်လေ့လာကြည့်ပါက မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိမှုများတွင် လက်နက်ကိုင်အဖွဲ့များသည် တစ်နည်းနည်းနှင့်ပါဝင် ပတ်သက်နေကြသည်ကို တွေ့ရှိရသည်။
နှစ်အလိုက် ဖမ်းဆီးရမိမှုများကိုနှိုင်းယှဉ်ပါက ဖမ်းဆီးရမိသည့် မှုခင်းအရေအတွက်လျော့ကျသွားခဲ့ပြီး ဖမ်းဆီးရမိတရားခံများလည်း လျော့ကျသွားခဲ့သည်။ သို့သော် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပမာဏလွန်စွာမြင့်မားနေခြင်းက မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် လူအနည်းငယ်က ဂိုဏ်း/အုပ်စုဖွဲ့ကာ အမြောက်အမြား သယ်ဆောင်ရောင်းဝယ်သည့်ပုံစံမျိုးသို့ ပြောင်းလဲအသုံးပြုနေလျက်ရှိသည်။ အသုံးပြုသည့် ယာဉ်၊ ခေတ္တထားသိုမည့်နေရာများနှင့် ပို့ဆောင်ရာတွင်အသုံးချမည့်သူများကိုလည်း ပုံစံပြောင်းလဲကျင့်သုံးလာလျက်ရှိသည်။ လွန်ခဲ့သောနှစ်များတွင် အသုံးပြုသည့်ယာဉ်နှင့် ခေတ္တထားသိုသိမ်းဆည်းမည့်နေရာများမှာ ကိုယ်ပိုင်ယာဉ်၊ အိမ်/ဂိုဒေါင်များကို အသုံးပြုခဲ့သော်လည်း လက်ရှိကာလတွင် ယာဉ်များ၊ အိမ်/ဂိုဒေါင်များကို ဈေးနှုန်းမြင့်မားစွာ ငှားရမ်းအသုံးပြုလာကြသည်။ သာမန်ပြည်သူများမှာ ငှားရမ်းခမြင့်မားစွာရရှိသဖြင့် ကျေနပ်နေမှုမှာ မူးယစ်ကုန်ကူးသူများ၏ သားကောင်အဖြစ်သို့ ကျရောက်သွားနိုင်သည်ကို သတိထားရန်လိုအပ်သည်။
၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရသည် ဘိန်းစိုက်ပျိုးမှုအား ပြင်းထန်စွာ အရေးယူမည်ဟု တားမြစ်လိုက်သဖြင့် ၂၀၂၄ ခုနှစ် ဘိန်းစိုက်ပျိုးထွက်ရှိမှုမှာ ၉၅ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုမှာ သိသာသောပြောင်းလဲမှုများ မရှိခဲ့ဘဲ အနည်းငယ်သာ ပြောင်းလဲမှုရှိသည်။
တာလီဘန်အစိုးရမှဘိန်းစိုက်ပျိုးမှုကို တားမြစ်လိုက်သဖြင့် ဈေးကွက်လိုအပ်ချက်အရ ဘိန်းနှင့်ဘိန်းဖြူဈေးနှုန်းများ မြင့်တက်လာရမည်ဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများတွင် ဈေးနှုန်းများစွာလျော့ကျသွားသည်ကိုတွေ့ရသည်။ ဘိန်းနှင့်ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှုသည် အချိန်များစွာယူရခြင်း၊ သုံးစွဲသူဈေးကွက်အတွင်း လူလုပ်မူးယစ်ဆေးဝါး သုံးစွဲမှုပိုမိုမြင့်မားလာခြင်းတို့ကြောင့် ဘိန်းဈေးနှုန်းများ ကျဆင်းသွားသည်ကိုတွေ့ရသည်။ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဘိန်း ၁ ဒသမ ၇ တန်ကျော်ဖမ်းဆီးရမိခဲ့ရာမှ ယခုနှစ်တွင် ဘိန်း ၁ ဒသမ ၁၅ တန်သာ ဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရှိရသည်။ ဘိန်းဖြူသုံးစွဲမှုမှာ ယခင်အတိုင်းသာရှိနေပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၁ ဒသမ ၉၇ တန်ကျော်ရှိခဲ့ရာမှ အရေးကြီးနယ်မြေများ၌ စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် ၂ ဒသမ ၁၃ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။
ဘိန်းနှင့်ဘိန်းဖြူသုံးစွဲမှုများသည် ယခင်သုံးစွဲနေသည့်ဒေသများတွင် ပုံမှန်အတိုင်းသာရှိသော်လည်း စိတ်ကြွရူးသွပ်ဆေးပြားမှာ နိုင်ငံတစ်ဝန်းပျံ့နှံ့ပြီး ဈေးနှုန်းကျဆင်းမှုက သာမန်လူထုအတွင်း လက်လှမ်းမီနိုင်သည့်အခြေအနေတွင်ရှိသည်။ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိမှုမှာ ၂၀၂၄ ခုနှစ်တွင် ဆေးပြား ၂၂၇ သန်းကျော်ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၃၇၇ သန်းကျော် ဖမ်းဆီးရမိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရမိမှုနှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော်မြင့်တက်ခဲ့သည်။ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုများအား စစ်ဆေးဖော်ထုတ်ချက်များအရ ရခိုင်ပြည်နယ်သည် စိတ်ကြွဆေးပြားများ တရားမဝင်သယ်ယူပို့ဆောင်ရာ အဓိကနေရာဖြစ်နေပြီး AA အကြမ်းဖက်သောင်းကျန်းသူများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်ပတ်သက်နေသည်ကို တွေ့ရသည်။
ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေများအရ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲသူ အနည်းငယ် တိုးလာနိုင်သော်လည်း ဖမ်းဆီးရမိဆေးပြားပမာဏမှာ တစ်ပြည်နယ်လုံးရှိ လူဦးရေအားလုံး တစ်နှစ်သုံးစွဲနိုင်သည့် ပမာဏထက်ပိုနေသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏အနောက်ဘက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း စိတ်ကြွဆေးပြားများကို ရခိုင်ဒေသမှ၎င်းတို့နိုင်ငံအတွင်း အမြောက်အမြားဝင်ရောက်နေကြောင်း ပြောဆိုနေမှုများကိုလည်းတွေ့ရသည်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိသည့်အမှုမှာ အများဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ မကွေးတိုင်းဒေသကြီး - ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း - ဧရာဝတီတိုင်းဒေသကြီး - ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး - ချင်းပြည်နယ်တို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်း ဝင်/ထွက်ရာ လမ်းကြောင်းများမှအဓိကသယ်ယူပို့ဆောင်နေသဖြင့် အဆိုပါလမ်းကြောင်းများကို အထူးသတိထား စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားသဖြင့် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံသို့ တရားမဝင်ဆေးခြောက်သယ်ယူပို့ဆောင်မှုများမြင့်တက်ခဲ့ပြီး နယ်စပ်ဒေသလမ်းကြောင်းများတွင် ဖမ်းဆီးရမိမှု အများဆုံးဖြစ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဆေးခြောက် ၁ ဒသမ ၁၅၈ တန်ကျော် ဖမ်းဆီးရမိခဲ့သော်လည်း ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၌ ဆေးခြောက်ရောင်းချမှုများကို ပြန်လည်ထိန်းချုပ်လိုက်သဖြင့် ဖမ်းဆီးရမိမှုလျော့ကျသွားခဲ့ပြီး သုည ဒသမ ၈၇၉ တန်ကျော်သာ ဖမ်းဆီးရမိခဲ့သည်။ သို့သော် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့်ဒေသများမှ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာလမ်းကြောင်းများတွင် ဖမ်းဆီးရမိမှုများမှာ မြင့်တက်နေဆဲဖြစ်သည်။ နိုင်ငံအတွင်းသို့ ဆေးခြောက်ပါဝင်သော စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ တရားမဝင်ဝင်ရောက်နေမှုများကို ထိန်းချုပ်နိုင်ရန်မှာလည်း အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်နေသည်။
ဘိန်းစာရွက်ကို မြန်မာနိုင်ငံမှထိန်းချုပ်ထားသော်လည်း ထိုင်းနိုင်ငံတွင် တရားဝင်ခွင့်ပြုထားသဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဘိန်းစာရွက်၊ ဘိန်းစာရွက်ပါဝင်သောဖျော်ရည်နှင့် စားသောက်ကုန်ပစ္စည်းများသုံးစွဲမှုမှာ နှစ်စဉ်ပုံမှန်တိုးတက်လာလျက်ရှိသည်။
ဘိန်းစာရွက်ဖမ်းဆီးရမိမှုပမာဏကွာခြားခြင်း မရှိသော်လည်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်နေမှုများကို ပိုမိုထိန်းချုပ်နေရလျက်ရှိသည်။
ခေါင်းညိတ်၊ ခေါင်းခါဆေးဟုခေါ်သော အက်တက်စီဆေးပြားမှာ ဒေသတွင်းထုတ်လုပ်မှုမရှိဘဲ ဥရောပနိုင်ငံများမှတစ်ဆင့် ဒေသတွင်းသို့ ဝင်ရောက်နေလျက်ရှိသည်။ ဒေသတွင်းနိုင်ငံများမှ ဘိန်း၊ ဘိန်းဖြူနှင့်အခြားလူလုပ်မူးယစ်ဆေးဝါးများသည် ဥရောပနိုင်ငံများသို့ရောက်ရှိမှုမှာ မဆိုစလောက်အနည်းငယ်သာရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံနှင့်ဒေသတွင်းနိုင်ငံအချို့အပေါ် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော စွပ်စွဲပြောကြားမှုများသာ အသံကျယ်လောင်နေပြီး ဥရောပနိုင်ငံများမှဒေသတွင်းနိုင်ငံများသို့ အက်တက်စီဆေးပြားများဝင်ရောက်မှုမှာ အသံမကြားရသလောက်ပင်ဖြစ်သည်။ ယခုအခါ ဒေသတွင်းနိုင်ငံအချို့တွင် နိုင်ငံဖြတ်ကျော်မူးယစ်ရာဇဝတ်ဂိုဏ်းများ ဝင်ရောက်လာမှုက ဒေသတွင်း အက်တက်စီ ချက်လုပ်မှုများကိုတွေ့ရှိလာရပြီး မြန်မာနိုင်ငံအတွက် သတိထားစောင့်ကြည့်ရမည့် အခြေအနေတွင်ရှိသည်။
ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေများအရ အိုက်စ်နှင့်ကက်တမင်းသုံးစွဲမှုများ အဆမတန်မြင့်တက်လာလျက်ရှိသည်။
ဒေသတွင်းနိုင်ငံများတွင် အိုက်စ်နှင့်ကက်တမင်း ဖမ်းဆီးရမိမှုများ စံချိန်တင်မြင့်တက်လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဖမ်းဆီးရမိမှုများမြင့်တက်လာလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် အိုက်စ် ၂၁ တန်ကျော် ဖမ်းဆီးရမိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၇ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။
၂၀၂၁ ခုနှစ် (၁၃ ဒသမ ၈ တန်ကျော်)နှင့် ပြန်လည်နှိုင်းယှဉ်ကြည့်ပါက သုံးဆခန့်မြင့်တက် လာသည်ကိုတွေ့ရသည်။ ကက်တမင်းဖမ်းဆီးရမိမှုများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှုမြင့်တက်လာပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆ ၂၀ ခန့်မြင့်တက်လာလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သော်လည်း ကက်တမင်းချက်လုပ်သည့်နေရာများဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။ ဒေသတွင်း နိုင်ငံများတွင်မူ ကက်တမင်းအမြောက်အမြားထုတ်လုပ်နေသည့် စက်ရုံများကို ဖမ်းဆီးရမိသော်လည်း မြန်မာနိုင်ငံအပေါ်ကိုသာ စွပ်စွဲလက်ညှိုးထိုးနေမှုများကို သတိထားစောင့်ကြည့်သွားရန်လည်း လိုအပ်သည်။
ယခုအခါ လူငယ်ထုကြား KTV၊ Bar များရှိ ဟိုင်းခန်းများတွင် Happy Water သုံးစွဲမှုများ ခေတ်စားလာနေပြီး လူလတ်ပိုင်းအရွယ် အများစုပါဝင်နေသည်ကို စိတ်မကောင်းဖွယ်တွေ့နေရသည်။ ၂၀၂၁ ခုနှစ်တွင် Happy Water ဖမ်းဆီးရမိမှု မရှိခဲ့ပါ။ ၂၀၂၂ ခုနှစ်မှစတင်ပြီး ဖမ်းဆီးရမိသော Happy Water ပမာဏမှာ သိသာစွာကွာခြားခြင်းမရှိသော်လည်း အမှုအရေအတွက်မှာ ပုံမှန်မြင့်တက်နေလျက်ရှိသည်။
ဒေသတွင်းမူးယစ်ဆေးဝါးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်လျှင် မူးယစ်ဆေးဝါးဈေးကွက်ချဲ့ထွင်လာမှု (သုံးစွဲမှုမြင့်တက်လာမှု)၊ နိုင်ငံဖြတ်ကျော်မူးယစ် ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်လာမှု များကြောင့် မူးယစ်ဆေးဝါးချက်လုပ်သည့် နည်းလမ်းများပြောင်းလဲလာခြင်းနှင့် သန့်စင်မှုရာခိုင်နှုန်းမြင့်တက်လာခြင်း၊ အမြောက်အမြားထုတ်လုပ်လာမှုများကြောင့် ဈေးနှုန်းကျဆင်းလာခြင်းများနှင့် သုံးစွဲမှုမြင့်တက်လာခြင်းဟူသောသံသရာအတွင်းသို့ လည်ပတ်နေလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နေမှုများကြောင့် ဖမ်းဆီးရမိမှုများမြင့်တက်နေသော်လည်း ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများ လျော့ကျသွားခြင်းမရှိသည်ကို အထူးဂရုပြုစောင့်ကြည့်သွားရန် လိုအပ်သည်။
မြန်မာနိုင်ငံအဖို့ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများတွင် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ နက်ရှိုင်းစွာပါဝင်နေမှုများက ပြဿနာကို ပိုမိုဆိုးရွားစေပြီး ပြဿနာဖြေရှင်းရေးတွင် ပိုမိုခက်ခဲစေလျက်ရှိသည်။ လက်နက်ကိုင်အဖွဲ့များကြီးစိုးရာနေရာများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရန်ခက်ခဲနေပြီး သတင်းရရှိရန်မှာလည်း လွန်စွာခက်ခဲလျက်ရှိသည်။ သို့သော် လမ်းကြောင်းတစ်လျှောက်ရှိ ငြိမ်းချမ်းသောနယ်မြေများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုသတင်းများကို သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အတူလက်တွဲ ဆောင်ရွက်သွားရန် လိုအပ်သည်။ ပြဿနာအများစုမှာ လူတစ်ဦးချင်း၊ တစ်နိုင်ငံချင်းနှင့်သက်ဆိုင်နေသော်လည်း မူးယစ်ဆေးဝါးပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့်သက်ဆိုင်နေသဖြင့် နိုင်ငံသားတိုင်း၊ လူသားတိုင်းတွင် တာဝန်ရှိသည်ဟုခံယူလုပ်ဆောင်ရန် လိုအပ်လာသည့်အချိန်လည်းဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။



MWD
