ပုဂံအလှ ကန်တော့ပလ္လင်သို့
Posted_Date
Image
Body
ရန်ကုန်မြို့၏ဆောင်းသည် ငါးရက်လောက်သာအေးပြီး နှုတ်ဆက်သွားပြီလားမသိ။ ဒီဇင်ဘာလကုန်ကတည်းက ဆောင်းရာသီ၏ အအေးဓာတ်ကလျော့သွားခဲ့ပြီဖြစ်သည်။
နှစ်စဉ်ဆောင်းရာသီတွင် မြန်မာနိုင်ငံရှိ ခရီးသွားနယ်မြေများတွင် စည်ကားနေလေ့ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်မည်ဟု ရည်ရွယ်ခဲ့သော်လည်း ပုဂံသို့ရောက်သွားခဲ့သည်။
တောင်ကြီးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းက ကျွန်တော့်အား ကျောင်းသား၊ ကျောင်းသူများကိုဟောပြောရင်း ကျောင်း၏ လေ့လာရေးခရီးတွင် လိုက်ပါရန် ဖိတ်ခေါ်ခဲ့ရာမှ ပုဂံခရီးကအစပြုခဲ့သည်။ နှစ်စဉ် ကျွန်တော့်ကိုလေ့လာရေးခရီး ဖိတ်ကြားခဲ့ရာ မလိုက်ဖြစ်သည်မှာ သုံးနှစ်ရှိပြီဖြစ်သဖြင့် ယခုနှစ်တော့လိုက်ဖြစ်အောင်လိုက်ပါဟုဆိုသဖြင့် ပုဂံသို့ရောက်ဖြစ်ခဲ့သည်။
အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်းကိုတည်ထောင်သူသည် ၂၀၀၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းပညာဌာနတွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းကို အတူတက်ခဲ့သည့် အတန်းဖော်တစ်ဦးဖြစ်သော်လည်း ကျွန်တော်၏သားအရွယ်သာဖြစ်သည်။ သူ၏ကျောင်းသို့ အကြိမ်များစွာရောက်ခဲ့ဖူးကာ သူ၏ကျောင်းမှကလေးများကိုလည်း စာသင်ပေးခဲ့ဖူးသဖြင့် နှစ်ပေါင်းများစွာခင်မင်နေသူဖြစ်သည်။
ပုဂံသို့
ကျွန်တော်တို့ခရီးသည် ပြင်ဦးလွင်မြို့မှအစပြုခဲ့ရာ လေ့လာရေးအဖွဲ့သည် ကားကြီးငါးစီးဖြင့် တောင်ကြီးမြို့မှ ပြင်ဦးလွင်မြို့သို့ ကြိုတင်ရောက်ရှိနေသည်။ ကျွန်တော်က ရန်ကုန်မြို့မှပြင်ဦးလွင်မြို့သို့လိုက်သွားကာ လေ့လာရေးအဖွဲ့နှင့်အတူ ပုဂံသို့သွားခဲ့သည်။
ပုဂံသို့မသွားမီ ပြင်ဦးလွင်လေးမျက်နှာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို လေ့လာရေးနှင့်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီးမှ ခရီးထွက်ခဲ့ကြသည်။ လမ်းတွင် မန္တလေးနန်းတွင်းနှင့် ဦးပိန်တံတားသို့ဝင်ခဲ့ကြပြီး မိတ္ထီလာမြို့တွင်ညအိပ်ပြီးမှ ပုဂံသို့သွားခဲ့ကြသည်။
ပုဂံအ၀င်နံနက်ခင်းသည် နေရောင်ခြည်အောက်တွင် အအေးဓာတ်လွှမ်းနေကာ ရွှေစည်းခုံစေတီတော်အနီးရှိ နတ်တောင်ကျောင်းတွင်စားခဲ့ရသည့် ကောက်ညှင်းပေါင်းပူပူနှင့် ရေနွေးကြမ်းခါးခါးသည် မေ့မရသည့်အနွေးဓာတ်ဖြစ်ခဲ့ရသည်။
ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ဖြစ်သည့် ပုဂံဒေသ၏သမိုင်းသည် နှုတ်ပြောရာဇဝင်ဇာတ်လမ်းများနှင့် ရောထွေးနေခဲ့သော်လည်း ပုဂံခေတ်ကတည်ဆောက်ခဲ့သည့် စေတီပုထိုးများစွာသည် ပုဂံ၌ယနေ့တိုင်ကျန်ရှိနေဆဲဖြစ်သည်။ ထု ဓမ္မရံ၊ ဉာဏ် သဗ္ဗညု ၊ အနု အာနန္ဒာဟု ဆိုကြသည့်အတိုင်း ပုဂံစေတီပုထိုးများတွင် ဓမ္မရံကြီးကထုထည်အကြီးဆုံးဖြစ်၍ သဗ္ဗညုက ဉာဏ်တော်အမြင့်ဆုံးဖြစ်ကာ အာနန္ဒာက အနုလက်ရာအကောင်းဆုံးဖြစ်သည်။
စာချိုးတွင်မပါဝင်သော်လည်း ပုဂံခေတ် ဗိသုကာလက်ရာ အကောင်းဆုံးအဆောက်အအုံအဖြစ် ကန်တော့ပလ္လင်ကို ရည်ညွှန်းလေ့ရှိကြသည်။ ပုဂံရှိ ရှေးဟောင်းဘုရားများအနက် လိုဏ်ပါသည့်ကြီးမားသောဂူဘုရားများကို ဘုရင်များကတည်ခဲ့ကြရာကန်တော့ပလ္လင်သည် တစ်ဆူအပါအဝင်ဖြစ်သည်။
ပုဂံသို့ရောက်လျှင် ထင်ရှားသောစေတီပုထိုးများအပြင် မထင်ရှားသည့် စေတီပုထိုးငယ်များကိုလည်း ကျွန်တော်သွားရောက်ဖူးမြော်လေ့ရှိသည်။ ယခုအခေါက်တွင်တော့ လေ့လာရေးကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်ပါ၀င်သဖြင့် နာမည်ကျော်စေတီပုထိုးများကိုသာ အဓိကသွားရောက်ဖူးမြော်ခဲ့ရာ ကန်တော့ပလ္လင်ဘုရားတွင် ကျောင်းသား၊ ကျောင်းသူလေးများက ပန်း၊သစ်သီးနှင့် ရေချမ်းဆက်ကပ်ကာ ပုတီးစိပ်အဓိဋ္ဌာန်ဝင်ခဲ့ကြသည်။
ကန်တော့ပလ္လင်
ဆန်းပြားသည့် နောက်ခံရာဇဝင်ရှိသည့် ကန်တော့ပလ္လင်ဂူဘုရားသည် ပုဂံမြို့ဟောင်း၏ အနောက်တောင်ဘက်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၏ မြောက်ဘက်တွင်တည်ရှိသည်။
ကန်တော့ပလ္လင်ဂူဘုရားကို အလောင်းစည်သူမင်းကြီး၏ မြေးဖြစ်သူ နရပတိစည်သူမင်းက ခရစ်နှစ် ၁၁၇၅ ခုနှစ်တွင်တည်ခဲ့သည်။ အလောင်းစည်သူမင်းကြီးက မိမိ၏ဘေးတော်၊ ဘိုးတော်တို့သည် မိမိလောက်ဘုန်းတန်ခိုးအာဏာမရှိခဲ့ဟု ပြစ်မှားမိသဖြင့် မျက်စိကွယ်သွားခဲ့၍ မင်းကြီးသည် ဘေးတော်၊ ဘိုးတော်များ၏ ရုပ်တုများကိုထုလုပ်၍ ပလ္လင်ပေါ်တင်ကာ တောင်းပန်ကန်တော့ခဲ့ပြီးနောက် မျက်စိနှစ်ကွင်းပြန်လင်းခဲ့သည်ဟုဆိုကြသည်။ ဘိုးတော်အလောင်းစည်သူမင်းကြီးကန်တော့ခဲ့သည့် ပလ္လင်နေရာတွင် မြေးတော်နရပတိစည်သူမင်းက စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့ရာ ကန်တော့ပလ္လင်ဟု ဘွဲ့အမည်တွင်ခဲ့လေသည်။
ကန်တော့ပလ္လင်သို့ ကျွန်တော်တို့ရောက်သွားချိန်တွင် ဘုရားဖူးလာသူများဖြင့်စည်ကားနေသည်။ ဘုရားအဝမှာပင် ပုဂံလက်ဆောင်ရောင်းချသူများ၊ ပန်းရောင်းသူများ၏ အသံများက ချိုသာစည်ဝေနေသည်။ ဘုရားပေါက်ဝတွင် ဖိနပ်များချွတ်ပြီး ဘုရား၏လိုဏ်အတွင်းသို့ ဝင်လိုက်ချိန်တွင် အေးစိမ့်နေသည့် အရသာကိုခံစားလိုက်ရသည်။ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂူဘုရားလိုဏ်အတွင်း လက်ယာရစ်တစ်ပတ်လှည့်ကြည့်ကြရာ ဘုရားအရှေ့မုခ်ရှိ ဗုဒ္ဓဆင်းတုတော်၏ အရှေ့ဘက် ဝဲယာတွင် ဘီလူးရုပ်နှစ်ခုကိုတွေ့ရသဖြင့် ထိုဘီလူးနှစ်ကောင်သည် ဂေါဓနှင့်ဂေါဓောဖြစ်ကြောင်း၊ ဘီလူးနှစ်ကောင်၏အမည်ကိုအစွဲပြု၍ ဂေါဓပလ္လင် ၊ ဂေါဓောပလ္လင်ဟုလည်း အမည်တွင်ကြောင်း ရှင်းပြရသည်။
နရပတိစည်သူမင်းသည် ကန်တော့ပလ္လင်ဘုရားကိုတည်ထားရန် လူအများအားခိုင်းစေခဲ့ရာ ပံ့သကူမထေရ်ကတားမြစ်ခဲ့သဖြင့် နရပတိစည်သူမင်းက ပံ့သကူမထေရ်ကို ပုဂံမှနှင်ခဲ့သည်။ ပံ့သကူ မထေရ်သည် ပုဂံမှသီဟိုဠ်သို့ထွက်ခွာရန်စီစဉ်နေချိန်တွင် နရပတိစည်သူမင်းသည် မထေရ်မြတ်ကို တောင်းပန်ကန်တော့ခဲ့ပြီး ယင်းနေရာတွင် ကန်တော့ပလ္လင်ဘုရားကို တည်ခဲ့သည်ဟုလည်းဆိုသည်။
နရပတိစည်သူမင်းသည် ကန်တော့ပလ္လင်ဘုရားမပြီးစီးမီ နတ်ရွာစံခဲ့သဖြင့် သားတော်နားတောင်းများမင်းကဆက်လက်တည်ထားခဲ့ရာ သက္ကရာဇ် ၅၈၈ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (ခရစ်နှစ် ၁၂၂၇ ခုနှစ် မတ်လ ၂၆ ရက်) သောကြာနေ့တွင်ပြီးစီးခဲ့သည်။
လိုဏ်ဘုရားအတွင်းပတ်လမ်းအတိုင်းလျှောက်လာစဉ် မုခ်ပေါက်များရှိ ဆင်းတုတော်များတွင် အနီရောင်အုတ်ခုံများကိုတွေ့ရသဖြင့် ကလေးများက မည်သည့်အရာနည်းဟုမေးကြသည်။ ထိုအုတ်ခုံများသည် အုတ်သင်ပုတ်ပလ္လင်များဖြစ်သည်။ အညာကျေးလက်ဒေသများတွင် သစ်သားသင်ပုတ်ပလ္လင်များကို ယနေ့တိုင်မြင်တွေ့နိုင်ကာ ဘုရားဆွမ်းတော်စွန့်သည့် နေရာအဖြစ်အသုံးပြုကြသည်။ ကန်တော့ပလ္လင်ရှိ သင်ပုတ်ပလ္လင်များသည် တစ်ခုနှင့်တစ်ခုမတူညီကြသော်လည်း ယခုအချိန်တွင် အားလုံးကို အနီရောင်ဆေးသုတ်ထားသည်။ ကလေးများကိုရှင်းပြတော့ စိတ်ဝင်တစားနားထောင်ကြသည်။
ဆင်းတုတော်များရှေ့၌ ဆွမ်း၊ ရေချမ်း၊ ပန်းတို့ကိုကပ်လှူသည့်သင်ပုတ်ပလ္လင်များရှိသည်။ အရှေ့ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ဆွမ်း၊ အနောက်ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ပန်း၊ တောင်ဘက်ရှိသင်ပုတ်ပလ္လင် တွင် ကျမ်းနှင့် မြောက်ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ပန်းတို့ကိုဆက်ကပ် လှူဒါန်းသည်ဟုဆိုသည်။တောင်ဘက်သင်ပုတ်ပလ္လင်ပေါ်တွင် ကျိန်စာကျမ်းများထားရှိပြီး အမှုအခင်းဖြစ်ပွားကြသူများသည် ယင်းကျမ်းစာများကို ကိုင်တွယ်၍ ကျမ်းကျိန်ကြရကြောင်း ဆိုစမှတ်ရှိခဲ့သည်။
ကန်တော့ပလ္လင်ဂူဘုရားသည် နှစ်ထပ်ရှိသည်။ ဘုရားဖူးများကို အပေါ်ထပ်သို့တက်ခွင့်မပြုဘဲ လှေကားပေါက်ကိုသံပန်းဖြင့်ပိတ်ထားသည်။ အပေါ်နှင့်အောက်တွင် စေတီ ၂၇ ဆူနှင့် မုခ်ပေါက် ၃၂ ပေါက်ရှိကြောင်းရှင်းပြတော့ ကလေးများကစိတ်ဝင်တစား နားထောင်ကြသည်။
ထို့အတူ ကန်တော့ပလ္လင်ဘုရား၏ မြောက်ဘက်ရှိ ရှင်ပွင့်လင်း (စေတီအမှတ် ၁၆၃၅) သည် အလောင်းစည်သူမင်းကြီး မျက်စိအလင်းရခဲ့သည့်နေရာတွင် တည်ထားခဲ့သည့်စေတီဖြစ်ကြောင်း လိုက်လံပြသခဲ့ရသည်။
ကန်တော့ပလ္လင်ဗိသုကာအဝေးမှပင်မြင်နိုင်သည့် ကန်တော့ပလ္လင်ဂူဘုရား၏ အလှပဆုံးနေရာသည် ကွမ်းတောင်ဖြစ်သည်။ ကွမ်းတောင်သည် ဂူဘုရားတွင် ပစ္စယာနှင့် ထီးတော်အောက်ရှိ အစိတ်အပိုင်းဖြစ်သည်။ ပုဂံရှိ ကန်တော့ပလ္လင်ကွမ်းတောင်သည် ပုဂံရှိကွမ်းတောင်ပေါက်စေတီတော်များတွင် အလှပဆုံးလက်ရာဟုဆိုကြသည်။
၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှိစေတီပုထိုးများပြိုကျ ပျက်စီးခဲ့ရာတွင် ကန်တော့ပလ္လင်သည် ဖောင်းရစ်မှစ၍ပြတ်ကျကာ အပေါ်ပိုင်းတစ်ခုလုံးကြေမွ သွားခဲ့သည်။ အထွတ်စေတီအပါအဝင် ကွမ်းတောင်နှင့် အရံစေတီများအားလုံးမြေခခဲ့သဖြင့် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရသည်။
နရပတိစည်သူမင်း တည်ခဲ့သည့် စေတီရှစ်ဆူအနက် ပုဂံရှိ စူဠာမဏိ၊ ဓမ္မရာဇကနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်သည်။ နရပတိစည်သူမင်း၏ သားတော်နားတောင်းများမင်း၏ ကောင်းမှုတော်စေတီပုထိုးများတွင်လည်း ထီးလိုမင်းလို၊ မဟာဗောဓိ၊ စေတနာကြီးနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်သည်။
သက်တမ်းနှစ် ၈၀၀ နီးပါးရှိနေပြီဖြစ်သည့် ကန်တော့ပလ္လင်ဂူဘုရားကြီးသည် ပုဂံခေတ်ဗိသုကာလက်ရာ အကောင်းဆုံးအဆောက်အအုံဖြစ်ပြီး ပုဂံသို့ရောက်ရှိလာကြသူတိုင်း မရောက်မဖြစ် သွားရောက်ဖူးမြော်လေ့ရှိကြသည့်ဘုရားတစ်ဆူလည်းဖြစ်သည်။ ကန်တော့ပလ္လင်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။
အလောင်းစည်သူမင်းကြီးသည် မိမိဘိုးဘေးများကို တောင်းပန်ကန်တော့ကာ မျက်စိအလင်းရခဲ့သည့် ကန်တော့ပလ္လင်ဘုရားရင်ပြင်တွင် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်က မိမိတို့ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်များကို ရှိခိုးကန်တော့ပြီး ပုတီးစိပ်မေတ္တာပို့အမျှဝေကာ ကန်တော့ပလ္လင်မှ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။ ။
MWD
