နှစ်ခြမ်းကွဲနေတဲ့ဥရောပနဲ့ လက်တွေ့မဖြစ်လာနိုင်သေးတဲ့အိပ်မက်
Posted_Date
Image
Body
ယနေ့ခေတ် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဥရောပလို့ ပြောလိုက်ရင် ကျွန်တော်တို့အနေနဲ့ပြေးမြင်မိတာက စည်းလုံးညီညွတ်မှုရှိတဲ့ ဥရောပသမဂ္ဂ (EU) ဆိုတဲ့ အင်အားစုကြီးပါ။ ဒါပေမဲ့ ကန့်လန့်ကာနောက်ကွယ်ကအရှိတရားကို သေချာစေ့စေ့ကြည့်လိုက်ရင်တော့ ဥရောပဟာ “တစ်အိမ်ထောင်တည်းမှာ နှစ်စိတ်ကွဲနေတဲ့ မိသားစု” တစ်ခုလို ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် တရုတ်နဲ့ အာရှနိုင်ငံတွေအပေါ် ဆက်ဆံတဲ့နေရာမှာ ဥရောပဟာ သူ့ရဲ့မူလအိပ်မက်ဖြစ်တဲ့ “ကမ္ဘာ့တတိယအင်အားစု” အဖြစ် ရပ်တည်နိုင်ဖို့ထက် အတွင်းပိုင်းက အားပြိုင်မှုတွေကြားမှာတင် လုံးချာလိုက်နေတာက ပိုပြီး သိသာလာပါတယ်။
လက်ရှိနောက်ဆုံးဖြစ်ပေါ်နေတဲ့ ကိစ္စတွေထဲကမှအထင်ရှားဆုံးတစ်ခုကိုပြန်ကြည့်ရင် ဂရင်းလန်းကျွန်းကို အမေရိကန်ကလိုချင်နေတဲ့ကိစ္စပါ။ ဂရင်းလန်းကျွန်းကို ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်ပါတယ်။ ဂရင်းလန်းကျွန်းရဲ့အရွယ်အစားနဲ့ ဒိန်းမတ်နိုင်ငံရဲ့အရွယ်အစားကိုနှိုင်းယှဉ်ကြည့်ရင် ဆင်နဲ့ဆိတ်လောက်ကွာနေတာပါ။ ဒီအခြေအနေကို အကြောင်းပြပြီး အမေရိကန်နိုင်ငံက ဂရင်းလန်းကျွန်းကို အမျိုးသားလုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ တရားဝင်သည်ဖြစ်စေတရားမဝင်သည်ဖြစ်စေ သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းလာနေတာဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုဟာ ဥရောပသမဂ္ဂရဲ့စည်းလုံးညီညွတ်မှုကို ဖြိုခွဲတော့မယ့်အက်ကြောင်းကြီးဖြစ်လာတာကိုတွေ့ရပါတယ်။ ဒီအက်ကြောင်းကြီးက သူ့အလိုလိုဖြစ်ပေါ်လာတာလား။ ဒါမှမဟုတ်ဖြစ်လာရတဲ့အကြောင်းရင်းရှိနေလားဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်ပါ။
တစ်မိုးအောက်က လမ်းခွဲနှစ်ခု
ဥရောပဟာ ကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံတဲ့အခါ အဖွဲ့အစည်းဆိုင်ရာ မူဘောင်တစ်ခုတည်းမှ စကားပြောနေတယ်လို့ထင်ရပေမယ့် တကယ်တမ်းတော့ လုံးဝခြားနားတဲ့ဥရောပနှစ်ခုအဖြစ်လည်ပတ်နေတာကိုတွေ့ရမှာပါ။ဒါကိုကျွန်တော်တို့က“မဟာဗျူဟာမြောက်မှီခိုနေရတဲ့ဥရောပ”(Strategic Dependence) နဲ့ “စံနှုန်းတွေကို အခိုင်အမာ ပြောဆိုနေတဲ့ ဥရောပ”(Normative Assertion) လို့ ခွဲခြားပြီးမြင်နိုင်ပါတယ်။ ဒီနှစ်ခုကြားက ပဋိပက္ခဟာ တရုတ်နိုင်ငံအပါအဝင် အာရှဒေသရှိမိတ်ဖက်နိုင်ငံများအတွက် နားလည်ရခက်တဲ့ပဟေဠိတစ်ခုလိုဖြစ်နေရုံတင်မက လက်တွေ့ကျတဲ့ ပထဝီနိုင်ငံရေးအကျပ်အတည်းကိုပါ ဖြစ်ပေါ်စေပါတယ်။
ပထမဥရောပကတော့ “နေတိုးဥရောပ” (NATO Europe)ပါ။ သူကတော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ရှင်သန်မှုနဲ့လုံခြုံရေးအတွက် အမေရိကန်ရဲ့စစ်ရေးအင်အားအပေါ်ကိုပဲ ကျောက်ချအားကိုးနေတာပါ။ ဆယ်စုနှစ်ပေါင်းများစွာကြာ အမေရိကန်နဲ့ပေါင်းစပ်ထားတဲ့ ကာကွယ်ရေးစနစ်တွေ၊ ထောက်လှမ်းရေးသတင်းအချက်အလက်မျှဝေမှုတွေနဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေက ဥရောပရဲ့ လုံခြုံရေးအချုပ်အခြာအာဏာဟာ အမေရိကန်လက်ထဲမှာ ရှိနေသကဲ့သို့ဖြစ်နေပါတယ်။ ဒီတော့ နည်းပညာပြိုင်ဆိုင်မှု၊ အခွန်ကိစ္စ ဒါမှမဟုတ် တရုတ်(တိုင်ပေ)အရေးအစရှိတဲ့ ကိစ္စကြီးတွေပေါ်လာတိုင်းမှာ ဥရောပရဲ့ရပ်တည်ချက်ဟာ အမေရိကန်ရဲ့ ရည်မှန်းချက်တွေနဲ့ ကြိုတင်ညှိနှိုင်းပြီးသား လက်အောက်ခံအနေအထားမျိုး အမြဲတမ်းရောက်နေတတ်ပါတယ်။
ဒုတိယဥရောပကတော့ “လူမှုနိုင်ငံရေးဥရောပ”ပါ။ သူကတော့ ကိုယ့်ကိုယ်ကိုယ် စစ်ဝါဒီအလွန် စံနှုန်းတွေ၊ တန်ဖိုးထားမှုတွေနဲ့ ကမ္ဘာကြီးကို လွှမ်းမိုးမယ့် အင်အားစုကြီးအဖြစ် မြင်ပါတယ်။ “လူ့အခွင့်အရေး”၊“ဒီမိုကရေစီ” နဲ့ “စည်းမျဉ်းအခြေပြုနိုင်ငံတကာစနစ်” ဆိုတာတွေကို အမြဲတမ်းပင်ရှေ့တန်းတင်တတ်ပြီး အမေရိကန်ရဲ့ တစ်ဦးတည်းသဘောထားနဲ့အကောင်အထည်ဖော်လုပ်ဆောင်မှုတွေအပေါ်မှာတောင်မှကိုယ်ကျင့်တရားအရ ဝေဖန်လေ့ရှိပါတယ်။ ဒီနှစ်ခုရဲ့ ဆန့်ကျင်ဘက် အားပြိုင်မှုတွေကပဲ ဥရောပကို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ပိတ်မိနေစေတာပါ။
အများမြင်တဲ့ ဥရောပ
ဥရောပအနေနဲ့ဒီလိုနှစ်ခြမ်းကွဲနေမှုက တရုတ်နဲ့အာရှနိုင်ငံတွေအတွက်တော့ ယုံကြည်မှုပိုင်းဆိုင်ရာ အားနည်းချက်ကို ဖြစ်စေပါတယ်။ ဥပမာ- ဥရောပက “စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်” အကြောင်းတွေ ဟောပြောနေပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့အဆုံးစွန်သောလုံခြုံရေးကို အမေရိကန်ဆီ ယုံကြည်ပုံအပ်ထားတာဖြစ်ပါတယ်။ အမေရိကန်က တရုတ်ကို “ရန်သူ” ဒါမှမဟုတ် “ပြိုင်ဘက်” လို့ ပြတ်ပြတ်သားသား သတ်မှတ်ထားချိန်မှာ ဥရောပက တရုတ်နဲ့ “မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Strategic Autonomy) အကြောင်းပြောနေတာဟာ အာရှနိုင်ငံတွေအတွက်တော့ ဟန်ပြသက်သက်လို့ထင်စရာဖြစ်နေပါတယ်။
တစ်နည်းပြောရမယ်ဆိုရင် ဥရောပဟာ တန်ဖိုးထားမှုတွေအကြောင်း ကမ္ဘာကြီးကို ဆုံးမဩဝါဒ ပေးနေပေမယ့် ကိုယ့်အိမ်တံခါးကို စောင့်ဖို့ကျတော့ တခြားသူဆီ အငှားချထားတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဒါဟာ လွတ်လပ်တဲ့ အင်အားစုကြီးတစ်ခုအဖြစ် ရပ်တည်မယ့် အိပ်မက်ကိုယိုယွင်းစေတဲ့အဓိကအချက်ပါပဲ။ အာရှနိုင်ငံတွေက ဥရောပရဲ့စံနှုန်းတွေကို အလေးမထားတာမဟုတ်ပေမယ့် လုံခြုံရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တဲ့ နိုင်ငံရေးအပြောအဆိုတွေကိုတော့ အလေးအနက်မထားတော့တာ အမှန်တရားပါပဲ။
ဥရောပရဲ့မှေးမှိန်လာတဲ့ အခန်းကဏ္ဍ
ဥရောပနဲ့ တရုတ်ဆက်ဆံရေးဟာ လမ်းကြောင်းနှစ်ခုကြားမှာ ပြင်းပြင်းထန်ထန်ဆွဲငင်ခံနေရပါတယ်။
တစ်ဖက်က ကြည့်မယ်ဆိုရင်တော့ စီးပွားရေးအရ အပြန်အလှန် မှီခိုနေရတာကြောင့် လက်တွဲချင်ကြတယ်။ အထူးသဖြင့် ဂျာမနီနိုင်ငံရဲ့ ကားလုပ်ငန်းများ၊ပြင်သစ်နိုင်ငံရဲ့ ဇိမ်ခံပစ္စည်းလုပ်ငန်းများက တရုတ်ဈေးကွက်မရှိဘဲ မရပ်တည်နိုင်ပါဘူး။ ဒါပေမဲ့ “နေတိုးဥရောပ” ရဲ့ လုံခြုံရေးဆိုင်ရာ ယုတ္တိကတော့ တရုတ်နိုင်ငံကို သံသယမျက်လုံးနဲ့ကြည့်ဖို့၊ တားဆီးဖို့ ဖိအားပေးနေပါတယ်။
ရလဒ်ကတော့ မူဝါဒတွေက အပိုင်းပိုင်းပြတ်နေတာပါပဲ။ အစိမ်းရောင်နည်းပညာတွေမှာ ပူးပေါင်းဆောင်ရွက်ချင်ပေမယ့် “အန္တရာယ်လျှော့ချရေး” (De-risking) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နည်းပညာပိတ်ဆို့မှုတွေ လုပ်လာပြန်ပါတယ်။ တရုတ်အတွက်တော့ “ငါတို့ ဆက်ဆံနေရတာက ကိုယ့်အကျိုးစီးပွားကို ကိုယ်ဖော်ဆောင်နေတဲ့ အချုပ်အခြာအာဏာပိုင် ဥရောပလား၊ ဒါမှမဟုတ် အမေရိကန်ရေးပေးလိုက်တဲ့ ဇာတ်ညွှန်းကို ကပြနေတဲ့ သရုပ်ဆောင်လား” ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုမျိုး မတည်ငြိမ်တဲ့ မူဝါဒတွေက ဥရောပရဲ့ စီးပွားရေးအင်အားကိုသာမက နိုင်ငံရေးဂုဏ်သိက္ခာကိုပါ တစ်ပြိုင်နက်တည်း ထိုးနှက်နေပါတယ်။
လက်တွေ့မဖြစ်နိုင်သေးတဲ့ အိပ်မက်
အာရှနိုင်ငံတွေနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) နိုင်ငံတွေအတွက်တော့ ဥရောပရဲ့ အဖြစ်အပျက်ဟာ သင်ခန်းစာကြီးတစ်ခုပါပဲ။ ပြင်ပလုံခြုံရေးအာမခံချက်ပေးသူ (အမေရိကန်) အပေါ် အလွန်အမင်းမှီခိုခြင်းက ကိုယ့်ရဲ့ မူဝါဒရေးရာလွတ်လပ်မှုကို ဘယ်လောက်အထိ ဖျက်ဆီးပစ်နိုင်သလဲဆိုတာကို ပြနေပါတယ်။ အာရှနိုင်ငံအများစုဖြစ်တဲ့ အာဆီယံ
နိုင်ငံတွေ၊ အိန္ဒိယတို့ဟာ အင်အားကြီးနိုင်ငံတွေကြားမှာဘက်မလိုက်ဘဲ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ကြိုးစားနေကြပေမယ့် ဥရောပကတော့ အဲဒီလိုမလုပ်နိုင်တော့ဘဲ အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ထောင်ချောက်ထဲမှာ ပိတ်မိနေသလို ဖြစ်နေပါတယ်။
နောက်တစ်ခုကတော့ ဥရောပဟာ အမေရိကန်ရဲ့ တောင်းဆိုချက်အရ ကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်နေရတာကြောင့် အာရှမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ကို အကောင်အထည်ဖော်ဖို့ ငွေအင်အား၊ လူအင်အား မလုံလောက်တော့တဲ့ အခြေအနေဆီကို ဦးတည်နေပါတယ်။ ဥရောပဟာ စစ်ရေးအရ အင်အားပြချင်နေပေမယ့် လက်တွေ့မှာအာရှအတွက် စီးပွားရေးအရ အရေးပါမှုလျော့နည်းသွားမယ့် အန္တရာယ်ရှိနေပါတယ်။ အာရှနိုင်ငံတွေက ဥရောပဆီကနေ လက်နက်ထက် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကို ပိုပြီးမျှော်လင့်တာ ဖြစ်ပါတယ်။
ဥရောပက သူ့ကိုယ်သူ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက “တတိယအင်အားစု”လို့ မြင်ချင်ပေမယ့် တကယ်တမ်းကျတော့ ဒါကစိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နေပါသေးတယ်။ လုံခြုံရေးအရ အမေရိကန်ရဲ့ အကာအကွယ်အောက်မှာရှိနေသရွေ့ ဥရောပရဲ့စံနှုန်းဆိုင်ရာ ဩဇာလွှမ်းမိုးမှုတွေဟာ အလေးချိန်စီးမှာမဟုတ်ပါဘူး။ အာရှဒေသမိတ်ဖက်တွေက ဥရောပနဲ့ဆက်ဆံတဲ့အခါ ကိစ္စရပ်အလိုက် ခွဲခြားပြီး လက်တွေ့ကျကျ ဆက်ဆံလာကြတာဟာ ဒီအချက်ကြောင့်ပါပဲ။ ရာသီဥတုပြောင်းလဲမှုလို ကိစ္စမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်ကြပေမယ့် အမေရိကန်ရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကာကွယ်ရေးနဲ့ နည်းပညာကိစ္စတွေမှာတော့ ဥရောပဟာ အမေရိကန်ဘက်ကိုပဲ ပါသွားမယ်ဆိုတာ အာရှဒေသကကြိုတင်တွက်ဆထားပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ဥရောပရဲ့အနာဂတ်ဟာ သူ့ရဲ့ “နှစ်ခြမ်းကွဲနေတဲ့ ပုံရိပ်နှစ်ခု” ကို ဘယ်လိုမျိုးပြန်လည်စေ့စပ်ညှိနှိုင်းမလဲဆိုတဲ့အပေါ်မှာသာမူတည်နေပါတယ်။ မဟာဗျူဟာမြောက် မှီခိုနေရသူအဖြစ်ပဲ ဆက်နေပြီး ကိုယ့်အသံကိုအနှစ်သာရကင်းမဲ့အောင်ထားမလား၊ ဒါမှမဟုတ် ခက်ခဲတဲ့ခရီးလမ်းကိုလျှောက် လှမ်းပြီး စစ်မှန်တဲ့မဟာဗျူဟာမြောက် ကိုယ်ပိုင်အချုပ်အခြာအာဏာကို ရှာဖွေမလားဆိုတာရွေးချယ်ရပါလိမ့်မယ်။
သေချာတာတစ်ခုက ဥရောပအနေနဲ့လက်ရှိအကျပ်အတည်းကို မဖြေရှင်းနိုင်သရွေ့တော့ အာရှမိတ်ဖက်နိုင်ငံတွေက ဥရောပကို တစ်သားတည်းရှိတဲ့အင်အားစုကြီးအဖြစ်မမြင်ဘဲ ရှေ့နောက်မညီညွတ်တဲ့ ပေါင်းစပ်အင်အားစုတစ်ခုအဖြစ်သာ ဆက်ဆံနေဦးမှာဖြစ်သလို“တတိယအင်အားစု” ဖြစ်ချင်နေတဲ့ဥရောပရဲ့အိပ်မက်ဟာလည်း အိပ်မက်အဆင့်မှာတင် ဆက်ရှိနေပါလိမ့်မယ်။
Ref: SCMP
MWD
