လက်ဆင့်ကမ်းအမွေ တိုးတက်စေ

Posted_Date

Image

လက်ဆင့်ကမ်းအမွေ တိုးတက်စေ

Body

မြောက်ပြန်လေသွေး၊ အအေးဓာတ်ကဲလာသည့် ဇန်နဝါရီလသည် မြန်မာပြည်အလယ်ပိုင်းရှိ မိတ္ထီလာမြို့လေးကို ငွေနှင်းမှုန်တို့ဖြင့်ခြုံလွှမ်းကာ အေးချမ်းသာယာသော ပန်းချီကားတစ်ချပ်အဖြစ် ဖန်တီးနေသည့်အလားပင်။  နှစ်တစ်နှစ်၏အစဦးဖြစ်သော ဇန်နဝါရီလတွင် မိတ္ထီလာကန်ကြီးမှ တိုက်ခတ်လာသော လေအေးစိမ့်စိမ့်တို့သည် နံနက်ဝေလီဝေလင်းအချိန်တွင် မိတ္ထီလာကန်ရေပြင်ထက်၌ မြူနှင်းခိုးများ တအိအိတက်နေသည်။ လေတပ်စခန်းဌာနချုပ်တည်ရှိရာနယ်မြေဖြစ်သည်နှင့်အညီ   အအေးဓာတ်ကြားမှပျံတက်သွားသော    လေ့ကျင့်ရေးလေယာဉ်များ၏အင်ဂျင်သံသည်   မိတ္ထီလာ၏ အေးချမ်းသော ဆောင်းနံနက်ခင်းကို နိုးကြားတက်ကြွစေသည့်  ထူးခြားသောသင်္ကေတတစ်ခုပင် ဖြစ်ပါတော့သည်။ 

အချိန်ကား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် အေးချမ်းလှသည့် အညာဒေသဆောင်းနံနက်ခင်း၏ မနက်စာကောက်ညှင်းပေါင်းနဲ့ပဲပြုတ်ဆီဆမ်းနဲ့ အကြော်တို့ကိုရေနွေးကြမ်းနှင့် လွေးပြီးသကာလ အိမ်သူသက်ထား ဇနီးမယားကိုလည်း ကော်ဖီပူလေးတစ်ခွက်လာပို့ပေးဦးဟု အော်ပြောလိုက်ရင်း     မြဝတီနေ့စဉ်သတင်းစာကို ယူဖတ်မိလေသည်။ သတင်းများကို ဟိုဒီလှန်လှောကြည့်စဉ် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ  သတင်းအား စိတ်ပါဝင်စားစွာ ဖတ်မိလေသည်။ ထိုစဉ် မြေးဖြစ်သူမောင်ဘုန်းမြတ်ဇော်ကဖိုးဖိုး ဘာတွေ စိတ်ဝင်တစားဖတ်နေတာလဲဟု လာမေးလေသည်။

လေယာဉ်မောင်းသင်တန်းဆင်းတဲ့ သတင်းကိုဖတ်နေတာလေ မြေးလေး”“ဟုတ်လား..”မြေးဖြစ်သူမှာ မိတ္ထီလာမြို့ ကောင်းကင်ယံတွင် ပျံဝဲနေသော လေယာဉ်၊ ရဟတ်ယာဉ်များကို မကြာခဏမြင်တွေ့နေရသူမို့ လေယာဉ်ပျံသန်းမှု အကြောင်းများကို စိတ်ဝင်တစားရှိလှသည်။ 

ဒါဆို ဖိုးဖိုးသိတဲ့အကြောင်းတွေ သားကိုပြောပြဦးလေ

အေး အေး..  ပြောပြမယ်

သွား.. မင်းဖွားဖွားဆီက ကော်ဖီ

ခွက်သွားယူချေဦး

မြေးဖြစ်သူကို ဘယ်ကစပြီးပြောရမလဲ စဉ်းစားရင်း စာရေးသူ၏ သောတနားဝယ်လေယာဉ်မောင်းပညာ နိုင်ငံတကာအဆင့်မီ အောင်မြင်စွာတတ်မြောက်ခဲ့ပြီ..”

လေသူရဲရင်မှာ ရွှေတောင်ပံဝင့်ချီ မြန်မာပြည်ကိုကာကွယ်မည်ဟူသည့်  စစ်ချီတေးစာသားရောက်လာပြီး တပ်မတော်(လေ)အတွက် လေသူရဲများ ခေတ်အဆက်ဆက် လေ့ကျင့်မွေးထုတ်ကာ ပျံသန်းမှုအတတ်ပညာများ လက်ဆင့်ကမ်းခဲ့သည့်   ပုံရိပ်များနှင့်အမိမြန်မာပြည်ကို  ဝေဟင်မှကာကွယ်ပေးခဲ့သည့်အကြောင်းအရာများကို ပြောပြရန်စိတ်ကူးမိလေတော့သည်။

၁၉၁၉ ခုနှစ်တွင် ဗြိတိန်မှ ဩစတြေးလျသို့ ပထမဦးဆုံး လေယာဉ်ပျံသန်းမောင်းနှင်မှု ပြိုင်ပွဲတွင် ဩစတြေးလျနိုင်ငံသား လေယာဉ်မှူးတို့မောင်းနှင်ခဲ့သည့် Vickers Vimy အမျိုးအစား လေယာဉ်ဖြင့် စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဆင်းသက်ပျံသန်းမှုသည် မြန်မာ့ဝေဟင်တွင် အစောဆုံးပျံသန်းခဲ့သည့် ပျံသန်းမှုပင်ဖြစ်သည်ဟု မှတ်သားခဲ့ရဖူးသည်။ လေယာဉ်ပျံသန်းမှု အတတ်ပညာများသည်ကား ၁၉၃၄ ခုနှစ်ဧပြီလရောက်မှသာရန်ကုန်မြို့၌ ရန်ကုန်လေယာဉ်မောင်းသင်ကျောင်း (Rangoon Flying School) ကို Gipsy Moth လေယာဉ်နှစ်စင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည်။ 

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်တွင် ဗမာ့အပျော်တမ်းလေတပ်ဖွဲ့ (Burma Volunteer Air Unit - BVAU) အမည်ဖြင့် ပထမဆုံးဖွဲ့စည်းနိုင်ခဲ့သည်။ ဗမာ့အပျော်တမ်းလေတပ်ဖွဲ့အဖြစ် ပီပြင်စွာပေါ်ပေါက်လာရန် စတင်ကြိုးပမ်းခဲ့ကြပြီး ၁၉၄၀ ပြည့်နှစ် အောက်တိုဘာလအတွင်း၌ Tiger Moth လေယာဉ်ငါးစင်းသည် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီလ ၄ ရက်တွင် မြန်မာနိုင်ငံ ဗြိတိသျှအစိုးရကာကွယ်ရေးဌာနက ဗမာ့အပျော်တမ်းလေတပ်ဖွဲ့ (BVAU)ကို ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force - BVAF) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force - BVAF) အဖြစ်သို့ ဖွဲ့စည်းခဲ့ပြီး ပထမဆုံးလေယာဉ်မောင်းသင်တန်းအတွက် လေယာဉ်များ၊ သင်တန်းဆရာများနှင့် လေသူရဲလောင်းများကို စတင်စုဆောင်းခဲ့သည်။ ဘုရင့်လေတပ်မတော်မှ ရောက်ရှိလာကြသော လေယာဉ်မောင်းနည်းပြဆရာနှစ်ဦးတို့အပြင် အရပ်ဘက်လေကြောင်းပညာအသင်းမှ လေယာဉ်မောင်းနည်းပြဆရာတစ်ဦးနှင့်  စက်မှုလက်မှုတာဝန်ခံတစ်ဦးတို့အား သင်တန်းဆရာများအဖြစ်ခန့်အပ်ခဲ့သည်။ ထိုသို့ စုဆောင်းပြီး သင်တန်းစတင်ရန်အတွက် လေသူရဲလောင်းများကို ရွေးချယ်ခဲ့ကြသည်။ 

၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ပထမဆုံးလေယာဉ်မောင်းသင်တန်းအတွက် သင်တန်းသား ၁၂ ဦးကို ရွေးချယ်ခဲ့ပြီး   စုစုပေါင်းကိုးဦးသာ အောင်မြင်ခဲ့သည်။ ၎င်းကိုးဦးအနက် မြန်မာငါးဦး ပါဝင်ခဲ့ပြီး ဒုတိယဗိုလ်တီကလစ်၊ ဒုတိယဗိုလ်ဆဲလ်ဝင်းခင်၊ ဒုတိယဗိုလ်ကျော်သာ၊ ဒုတိယဗိုလ်ကျော်ထွန်းနှင့် ဒုတိယဗိုလ်လှရီတို့ ဖြစ်ကြသည်။ ထို့နောက် အထက်တန်းလေယာဉ်မောင်းသင်တန်းအား အိန္ဒိယနိုင်ငံ Ambala မြို့တွင်လည်းကောင်း၊  စစ်ဆင်ရေးလွှဲပြောင်းသင်တန်းအား နယူးဇီလန်ကျွန်းတွင်လည်းကောင်း  ဆက်လက်တက်ရောက်ခဲ့ကြသည်။ 

၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဒုတိယအကြိမ် လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ရာ မြန်မာလူမျိုးများအနက်မှ သင်တန်းအောင်မြင်ကြသူများမှာ  ဒုတိယဗိုလ်စောရှီးရှိုး၊   ဒုတိယဗိုလ်ထွန်းသာ၊  ဒုတိယဗိုလ်ပီအေးချိုနှင့်  ဒုတိယဗိုလ်အောင်ညွန့်တို့ဖြစ်သည်။ 

စင်စစ်မူကား ဗြိတိသျှတို့သည် ၎င်းတို့၏ စစ်ရေးကိစ္စရပ်များတွင် အသုံးပြုနိုင်မည့် လေသူရဲများအဖြစ်တာဝန်ပေးနိုင်ရန်အတွက် ဗမာ့အပျော်တမ်းလေတပ်တွင် မြန်မာလူမျိုးများအား ထည့်သွင်း၍ ပါဝင်ခွင့်ပြုပေးခဲ့ခြင်းလည်းဖြစ်သည်။ ထိုနည်းတူစွာပင်မြန်မာတို့အနေဖြင့်လည်း လေကြောင်းပညာရပ်၌ မြန်မာလူမျိုးများအတွက် လမ်းဖွင့်ပေးသည့်အသွင်မျိုးဖြစ်နေသဖြင့် လက်ခံခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် မြန်မာလူမျိုးများအနက်မှ  ဒုတိယဗိုလ်တီကလစ်၊   ဒုတိယဗိုလ်ဆဲလ်ဝင်းခင်နှင့် ဒုတိယဗိုလ်လှရီတို့အား ဘုရင့်လေတပ်မတော်အမှတ်(၂၅၇)အုပ်သို့ နေရာချထားပြီး ဘုရင့်လေတပ်နှင့်အတူ ဥရောပစစ်မျက်နှာတွင် တိုက်ခိုက်ရေးလေသူရဲများအဖြစ် တိုက်ပွဲဝင်ခဲ့ရသည်။ ဥရောပစစ်မျက်နှာတွင် ဂျာမန်နှင့် ဗြိတိသျှတို့၏ လေကြောင်းတိုက်ပွဲများတွင် ပါဝင် တိုက်ပွဲဝင်ခဲ့ကြခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာလေသူရဲတို့၏အရည်အချင်းမည်မျှရှိသည်ကို ခန့်မှန်းနိုင်သည်။  မြန်မာလေသူရဲတို့၏ လေကြောင်းအတတ်ပညာခရီးအစသည် ခက်ခဲကြမ်းတမ်းခဲ့သော်လည်း တန်ဖိုးမဖြတ်နိုင်သောအတွေ့အကြုံများနှင့် လေယာဉ်မောင်းအတတ်ပညာတို့ကို အနာဂတ်တပ်မတော်(လေ)အတွက် ရရှိခဲ့ကြသည်။ 

အနာဂတ်မြန်မာနိုင်ငံ   အချုပ်အခြာအာဏာပိုင်လွတ်လပ်ရေးရပြီးသည့်အချိန်၌ ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် တပ်မတော်(လေ)၏ အမြုတေများအဖြစ် ဂျပန်သို့ လေကြောင်းပညာသင်များ စေလွှတ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရဲဘော်သောင်းဒန်၊ ရဲဘော်ကျော်ဇော၊ ရဲဘော်အောင်မြတ်၊ ရဲဘော်စိုးလှိုင်၊  ရဲဘော်တင်မောင်၊  ရဲဘော်ချစ်ခင်၊  ရဲဘော်ဉာဏ်မောင်၊ ရဲဘော်အေးမောင်၊ ရဲဘော်အေးလှိုင်နှင့် ရဲဘော်ထွန်းသန်းတို့ဖြစ်ကြသည်။ 

၁၉၄၄ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ဂျပန်ကြည်းတပ်မတော် လေယာဉ်မောင်းသင်ကျောင်း (Army Air Force Academy)သို့ လေသူရဲလောင်းများအဖြစ် စတင်တက်ရောက်ကြရသည်။ စုစုပေါင်းပျံသန်းချိန် နာရီ ၆၀ ရရှိပြီးသည့်နောက် တန်းမြင့်လေသူရဲသင်တန်းအား   Osaka   နှင့် Shikoku  တို့၌  ဆက်လက်လေ့ကျင့်သင်ကြားခဲ့သည်။ တိုက်ပွဲဝင်လေသူရဲအဆင့်ကိုသင်ကြားရခြင်းဖြစ်သဖြင့်လေ့ကျင့်ခန်းများသည် ပိုမိုခက်ခဲ၍ ကြိုးပမ်းလေ့ကျင့်ခဲ့ကြရသည်။ လေကြောင်းစစ်ဆင်ရေးအခြေခံပညာများအဖြစ် လေယာဉ်များအုပ်ဖွဲ့ပျံသန်းခြင်း၊ ကျွမ်းထိုးခြင်းနှင့် ဝေဟင်-မြေပြင်တိုက်ခိုက်ခြင်း၊ ဝေဟင်-ဝေဟင်တိုက်ခိုက်ခြင်းစသည်တို့ကို သင်ကြားခဲ့ကြရပြီး  စစ်မြေပြင်၌လည်း ဝေဟင်တွင်းစီးချင်းထိုးတိုက်ခိုက်ခြင်းနှင့်

အုပ်ဖွဲ့လိုက်ပျံသန်းတိုက်ခိုက်ခြင်းတို့ကို လေ့ကျင့်ခဲ့ကြရလေသည်။ ထိုအချိန်၌ ဂျပန်တို့သည် မဟာမိတ်တပ်များ၏ထိုးစစ်ကို  အပြင်းအထန်ခံနေရချိန်ဖြစ်သည်။ မြန်မာပြည်၌လည်း ဖက်ဆစ်ဂျပန်တို့အား တော်လှန်နေချိန်ဖြစ်ပေသည်။ အမေရိကန်တပ်များ ဂျပန်ကိုသိမ်းပိုက်ခဲ့သည့်အချိန်၌ ဂျပန်ရှိ မြန်မာလူမျိုးစစ်ဘက်နှင့် အရပ်ဘက်  ပညာတော်သင်အားလုံးတို့သည် မြန်မာစစ်သံမှူး ဒုတိယဗိုလ်မှူးကြီးစကြာ ၏ ကွပ်ကဲမှုအောက်၌ စုဖွဲ့ခဲ့ကြပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။ထို့ကြောင့်ဗမာ့အပျော်တမ်းလေတပ်တွင်ယခင်ဗြိတိသျှတို့ဖွင့်လှစ်သင်ကြားပြီးဖြစ်သည့် လေယာဉ် မောင်းသင်တန်းနှစ်ခုမှ လေသူရဲများနှင့် ဂျပန်ပညာတော်သင်လေသူရဲများအတန်အသင့်ရှိလာပြီဖြစ်သည်။

အောင်ဆန်း - အက်တလီစာချုပ် လက်မှတ်ရေးထိုးပြီး၍ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်မှမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသောအခါ၌   အနာဂတ်ဗမာ့လေတပ်မတော် ဖွဲ့စည်းရေးအတွက် ပြင်ဆင်မှုများဆက်လက်ပြုလုပ်ခဲ့သည်။

ဗမာ့အပျော်တမ်းလေတပ်ကို ဗမာ့လေတပ်မတော် (Burma Air Force - BAF) အဖြစ် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံအစိုးရကာကွယ်ရေးဌာနမှ ထုတ်ပြန်ကြေညာသော အမိန့်စာအမှတ်(၄၀၉)အရ ပြောင်းလဲ၍ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ဝေဟင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ခေတ်မီပြီးစွမ်းရည်ထက်မြက်သော တပ်မတော်(လေ)တစ်ရပ်ရှိနေခြင်းက နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ဒြပ်တစ်ခုပင်ဖြစ်ပေသည်။ 

လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော တပ်မတော်(လေ)သည် မိမိတို့တွင်ရှိသည့် လေယာဉ်လေသူရဲအင်အားဖြင့် ရောင်စုံသူပုန်တို့အား တိုက်ခိုက်ရာတွင် ဗမာ့တပ်မတော်အတွက် လေကြောင်းမှ အကူအညီများပေးခဲ့ကြသည်။ သို့သော် အကူအညီပေးနိုင်လောက်သည်အထိ လူ၊ လေယာဉ်၊ လက်နက်၊ ခဲယမ်း စသဖြင့် ပြည့်စုံစွာမရှိခဲ့သော်လည်း နိုင်ငံတော်အတွက်ရှိသည့် ပစ္စည်းများဖြင့် တီထွင်ကြံဆ၍  ဆောင်ရွက်ပေးခဲ့ကြသည်။ Oxford   လေယာဉ်အချို့ရှိသော်လည်း လေယာဉ်မောင်းသင်တန်း၌ အသုံးပြုလျက်ရှိနေကြသည်။ Tiger Moth နှင့် အမောင်းသင်  လေယာဉ်မဟုတ်သော Auster လေယာဉ်များဖြင့် အချိန်မရွေးတိုက်ပွဲဝင်နိုင်ရေး  အမြဲအသင့်ပြင်ဆင်နေကြရသည်။ တိုက်ပွဲဝင်လေယာဉ်များမဟုတ်သည့်အတွက်   ပစ်ကူပေးခြင်း၊ ဗုံးချခြင်းတို့  ပြုလုပ်နိုင်ရေးအတွက် တီထွင်ကြံဆပြီး   တိုက်ပွဲဝင်နေကြရသည်။ ဓာတ်တိုင်များကိုဖြတ်၍ ယမ်းများဖြည့်သိပ်ကာ  ဗုံးအဖြစ်  အသုံးပြုကြရသည်။ ပျံသန်းမှုနှုန်းနှေးသည့် လေယာဉ်များဖြစ်သည့်အတွက် မြေပြင်မှရန်သူ၏ ပြန်လည်ပစ်ခတ်မှုကိုလည်း အထူးဂရုပြုဆောင်ရွက်ခဲ့ရသည်။ လေယာဉ်သေနတ်သမားများမှာလည်းလေယာဉ်ဖြင့်လိုက်ပါ၍ သေနတ်ပစ်ခတ်ခြင်းတာဝန်ကိုထမ်းဆောင်ရန် သီးသန့်ဖွဲ့စည်းထားသူများမဟုတ်ကြပေ။ သို့သော် Auster လေယာဉ်များကိုအသုံးပြုသည့် စစ်ဆင်ရေး မှာလည်း ထိရောက်မှုမရှိလှသဖြင့် နောက်ဆုံး၌ Oxford လေယာဉ်များအား လေယာဉ်မောင်းသင်တန်းများမှ ရပ်ဆိုင်းပြီးအသုံးပြုခဲ့ကြရသည်။ ဤအချိန်ကစစ်ဆင်ရေးတာဝန်ကို ထမ်းဆောင်ကြရသော လေသူရဲများမှာ စစ်ဆင်ရေးလွှဲပြောင်းသင်တန်းများကို စနစ်တကျတက်ရောက်သင်ကြားထား

ခြင်းမရှိခဲ့ကြပါ။ တိုင်းပြည်၏တာဝန်ကိုထမ်းဆောင်ရန်   လေသူရဲများအရေးတကြီးလိုအပ်နေချိန်ဖြစ်၍ တစ်ဦးချင်းမောင်းနှင်နိုင်သည်နှင့်  တစ်ပြိုင်နက် စစ်ဆင်ရေးတာဝန်ကို ထမ်းဆောင်ကြရခြင်းဖြစ်သည်။ Spitfire တိုက်လေယာဉ် သုံးစင်း  ရောက်ရှိလာသောအခါ၌ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးတွင် လေကြောင်းပစ်အားအကူကို ထိရောက်စွာပေးနိုင်ခဲ့ကြသည်။ Oxford လေယာဉ်များ၏ ပစ်ခတ်နိုင်မှုစွမ်းအားကိုလည်း အစွမ်းကုန်အသုံးချခဲ့ကြသည်။

ထို့ကြောင့် တပ်မတော်(လေ)၏ သမိုင်းအစသည် “တိုက်ရင်းလေ့ကျင့် ဟူသကဲ့သို့ လေယာဉ်ပျံသန်းမှုအတတ်ပညာများကို အခက်အခဲများကြားမှ ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် လေတပ်သားမှသည်   လေတပ်ဦးစီးချုပ်အထိအသက်ကိုပဓာနမထားဘဲ ထမ်းဆောင်ခဲ့ကြသည်။ ထိုသို့ထမ်းဆောင်လျက် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရသော လေသူရဲ၊ လေယာဉ်သားများလည်းရှိသကဲ့သို့  ထိုစဉ်က အရေအတွက်အများအပြားရှိသော Oxford လေယာဉ်များ၌ ဒုံးကျည်စမ်းသပ်ပစ်ခတ်လျက် လေယာဉ်နှင့်အတူ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး သူရအက်စ်ခင်လည်း ကျဆုံးခဲ့ရသည်။

၁၉၅၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်တွင် မြန်မာ့တပ်မတော်(လေ)အတွက် အရည်အချင်းအရည်အသွေးပြည့်ဝသောလေသူရဲများ မွေးထုတ်ပေးနိုင်ရန် လေယာဉ်မောင်းသင်ကျောင်းအား မင်္ဂလာဒုံလေတပ်စခန်း၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၁ ခုနှစ်မှစ၍ တပ်မတော်(လေ)အတွက် လေသူရဲ၊ လေယာဉ်သားနှင့် စက်မှုလက်မှု အရာရှိ၊စစ်သည်များစွာတို့ ပြည်ပနိုင်ငံအသီးသီးသို့ ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးပညာတော်သင်များ  စေလွှတ်ကာ အနာဂတ်တပ်မတော်(လေ) အတွက် မျိုးစေ့ကောင်းများ ဖြစ်လာစေခဲ့သည်။ ယခင်အင်္ဂလန်နှင့် ဂျပန်တို့မှလေ့ကျင့်သင်ကြားခဲ့ကြရသော လေယာဉ်မောင်းအတတ်ပညာများအပြင် အင်ဒိုနီးရှားလေတပ်သို့ လေသူရဲလောင်း ကျော်သိန်းနှင့် လေသူရဲလောင်း စောလှိုင်တို့ကိုလည်း လေယာဉ်မောင်းပညာတော်သင်အဖြစ် စေလွှတ်ခဲ့ကာ သင်တန်းအောင်မြင်ပြီးမြောက်ခဲ့၍တပ်မတော်(လေ)အတွက် ပြန်တမ်းဝင်လေသူရဲအရာရှိများအဖြစ်  ခန့်အပ်ခဲ့ကြသည်။ 

၁၉၅၃ ခုနှစ်တွင် Vampire Mark T-55 အမောင်းသင်ဂျက်လေယာဉ်များနှင့် Bell 47 G ရဟတ်ယာဉ်များ ပိုင်ဆိုင်ခဲ့ပြီး ဂျက်တိုက်လေယာဉ်လေသူရဲများနှင့် ရဟတ်ယာဉ်လေသူရဲများကို တပ်မတော်(လေ)အတွက် လေ့ကျင့်မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တပ်မတော်(လေ)စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ဆယ်စုနှစ်တစ်ခု မပြည့်မီမှာပင် ခေတ်မီလေကြောင်းစွမ်းအားများကို စတင်ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။ အရှေ့တောင်အာရှတွင် ထိပ်တန်းအဆင့်ရှိသည့် လေတပ်ကိုဆောလျင်စွာပိုင်ဆိုင်နိုင်ခဲ့သည်ဟုဆိုလျှင်ကား မှားအံ့မထင်။ 

လေယာဉ်မောင်းအတတ်ပညာများကိုလေတပ်သားတို့အနေဖြင့် လက်ဆင့်ကမ်း၍သင်ကြားလျက်ပင် မြန်မာ့တပ်မတော်(လေ)၏ လေယာဉ်မောင်းပညာရပ်များနှင့်  စက်မှုလက်မှုပညာရပ်ဆိုင်ရာကဏ္ဍများသည်  အဆင့်အတန်းမြင့်မားစွာ ပိုင်ဆိုင်လာခဲ့သည်။ မြန်မာ့မြေပေါ်သို့ ကျူးကျော်လာသောရန်သူများအားမြေပြင်တွင်မဆိုထားဘိ၊ဝေဟင်မှကျူးကျော်လာသော တရုတ်ဖြူတို့၏ လေယာဉ်ကိုလည်း ဝေဟင်တွင် လေယာဉ်ချင်း စီးချင်းထိုး၍တိုက်ပွဲအောင်နိုင်သည်အထိ တပ်မတော်(လေ)၏ လေယာဉ်ပျံသန်းမှုအတတ်ပညာအဆင့်အတန်းမှာ ထိပ်တန်းသို့ရောက်ခဲ့သည်။ 

ထို့ပြင် စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ နယ်နိမိတ်စစ်ဆင်ရေး၊ ဘိန်းစစ်ဆင်ရေး၊ သဘာဝဘေးပြန်လည်ကယ်ဆယ်ရေးများ၊ အဓိကပုဂ္ဂိုလ်နှင့်သယ်ယူပို့ဆောင်ခြင်းကိစ္စရပ်များကိုလည်းလေတပ်သားတို့နေ့မအားညမအားစွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့ကြသည်။ လေကြောင်းစွမ်းအား၏ အရေးပါမှုနှင့်အတူ ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲများသည်ခေတ်မီ၍စွမ်းရည်ထက်မြက်သော တပ်မတော်(လေ)ပေါ်ထွန်းလာရေးအတွက် လူ၊ လက်နက်၊ လေယာဉ်၊ စက်ပစ္စည်းစသည်တို့ကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့သည်။ `

မျက်မှောက်ကာလ   အမျိုးမျိုးသော ခြိမ်းခြောက်စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် တပ်မတော်(လေ)အား စတုတ္ထမျိုးဆက်လွန်  ဂျက်တိုက်လေယာဉ်များ၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ခေတ်မီအစွမ်းထက်ပြီး အင်အားတောင့်တင်းသော လေတပ်တစ်ခုအဖြစ် တိုးချဲ့တည်ဆောက်လျက်ရှိသည်။ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရာတွင်လည်း အမျိုးသားများနည်းတူ  အမျိုးသမီးလေသူရဲများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ပခုံးပြောင်းတာဝန်ယူကြမည့်    လူငယ်မောင်မယ်များလေကြောင်းပညာရပ်များတွင် စိတ်ပါဝင်စားလာစေရန်အတွက် လေကြောင်းလူငယ် သင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပေးခြင်းဖြင့်လည်း လေကြောင်းပညာများအား မျိုးစေ့ချပေးလျက်ရှိသည်။ 

လက်ဆင့်ကမ်းအမွေဟူသည် ရယူရုံသက်သက်မဟုတ်ဘဲ    ပိုမိုတိုးတက်တောက်ပအောင် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားလည်းပါဝင်သည်။ နည်းပညာများ တဟုန်ထိုးတိုးတက်နေသော ယနေ့ခေတ်ကာလတွင် ရှေးကရှိခဲ့သော ရဲစွမ်းသတ္တိနှင့်စည်းကမ်းကောင်းမွန်မှုများကိုအခြေခံကာ ခေတ်မီလေကြောင်းလက်နက်စနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ခြင်းဖြင့် ထိုအမွေကို အဆင့်မြှင့်တင်ကြရမည်ဖြစ်သည်။ မိမိတို့ထံရောက်ရှိလာသော အစဉ်အလာကောင်းများကိုမပျောက်ပျက်အောင်ထိန်းသိမ်းပြီးမိမိတို့၏ကြိုးပမ်းအားထုတ်မှုဖြင့်နောင်လာနောက်သားများအတွက်ပိုမိုခိုင်မာတိုးတက်သော တပ်မတော်(လေ)ကို လက်ဆင့်ကမ်းနိုင်မှသာလျှင် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ လက်ဆင့်ကမ်းအမွေ တိုးတက်စေဟူသည့်အတိုင်း   လက်တွေ့ကျကျ အသက်ဝင်လာမည်ဖြစ်သည်။

ဖိုးဖိုး..”

ဖိုးဖိုး သိတဲ့အကြောင်းတွေ ပြောပြမယ်ဆို ဟု မြေးဖြစ်သူ၏အသံကို ကြားလိုက်ရတော့မှသာမြေးဖြစ်သူထံက ကော်ဖီခွက်အားလှမ်းယူရင်း ဒီလိုကွယ့် ဟု အစချီကာ ပြောပြမိတော့သည်။ 

လက်ဆင့်ကမ်းအမွေ တိုးတက်စေ ဆောင်းပါးဖြင့် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအား ဂုဏ်ပြုရေးဖွဲ့လိုက်ရပါသည်.။ 

MWD