နျူကလီးယားထိန်းချုပ်မှုများသည် တိုက်ပွဲဝင်စရာမလိုဘဲ ပျောက်ကွယ်တော့မည့် အခြေအနေတွင်ရှိနေခြင်းကြောင့် စိုးရိမ်ရမည့်အချိန်ကိုရောက်ရှိနေ
Posted_Date
Image
Body
စစ်ပွဲများ၊ အကျပ်အတည်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကြောင့် ကမ္ဘာကြီးတွင် အမြဲတမ်း တုန်လှုပ်နေရသော်လည်း အလွန်အရေးကြီးသည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍မူ သိသာထင်ရှားသည့် နှုတ်ဆိတ်မှုတစ်ခုက ဝန်းရံနေသည်။
သက်တမ်းကုန်ဆုံးတော့မည့် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ် (New START) နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများ သို့မဟုတ် အရေးပေါ်ထုတ်ပြန်ချက်များ မရှိသေးပေ။ ရုရှားနိုင်ငံအနေဖြင့်လည်း အဆိုပါစာချုပ် သက်တမ်းတိုးရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် "တိကျသည့် ဆက်သွယ်မှုများ မရှိသေးကြောင်း" တရားဝင်ထုတ်ဖော် ပြောကြားထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ထိုအချက်ကို သာမန်ကာလျှံကာ ပြောဆိုသွားခဲ့သော်လည်း ယင်းအခြေအနေသည် တစ်ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုံခြုံရေး မူဘောင်တစ်ခုလုံးကို ခြိမ်းခြောက်နေပါသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်တိုက်များကို ကြီးကြပ်ကွပ်ကဲသည့် နောက်ဆုံးတရားဝင် ယန္တရားဖြစ်သော New START စာချုပ်သည် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် အမေရိကန်သမ္မတ Richard Nixon နှင့် ဆိုဗီယက် ခေါင်းဆောင် Leonid Brezhnev တို့က မဟာဗျူဟာမြောက် လက်နက်ကန့်သတ်ရေးစာချုပ် (SALT I) ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် ရုရှားတို့၏ နျူကလီးယားအင်အားစုများအပေါ် ဥပဒေကြောင်းအရ ထိန်းချုပ်ထားသည့် ကန့်သတ်ချက်များ ရှိတော့မည်မဟုတ်ပေ။
ကမ္ဘာပေါ်ရှိ နျူကလီးယားထိပ်ဖူး ၉၀ ရာခိုင်နှုန်းကျော်ကို စုပေါင်းပိုင်ဆိုင်ထားသည့် နိုင်ငံကြီးနှစ်ခု သည် ၎င်းတို့၏ လက်နက်တိုက်များကို လွတ်လပ်စွာ တိုးချဲ့လာနိုင်သည့်အတွက် ကမ္ဘာကြီးသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ထိုစာချုပ်သက်တမ်းတိုးရေးနှင့် ပတ်သက်သည့်မေးခွန်းများကို ၎င်း၏ပုံစံအတိုင်း ပွင့်ပွင့်လင်းလင်း ပင် လျစ်လျူရှုထားခဲ့သည်။
သူ၏ စကားများသည် ရုရှားနှင့် တရုတ်နိုင်ငံတို့အတွက်သာမကဘဲ အင်အားကြီးနိုင်ငံနှစ်ခုမှ နိုင်ငံရေး သမားများနှင့် သံတမန်များက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ် တည်ဆောက်ခဲ့ကြသော စနစ်တစ်ခုလုံးကို စိန်ခေါ်လိုက်သကဲ့သို့ ခံစားရစေသည်။
ရုရှားနိုင်ငံအနေဖြင့်မူ မိမိတို့ လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များအပေါ် ‘စာသား အရသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ’ အစဉ်အမြဲ သစ္စာရှိစွာ လိုက်နာလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က New START စာချုပ်၏ တရားဝင် သက်တမ်း ကုန်ဆုံးသွားပြီးနောက်ပိုင်း နောက်ထပ် တစ်နှစ်တာကာလ (၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ) အဓိက ကန့်သတ်ချက်များကို နှစ်ဦးနှစ်ဖက် ဆက်လက်လိုက်နာသွားရန် အသင့်ရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။ သို့သော်လည်း ဝါရှင်တန်ဘက်မှ ယင်းကမ်းလှမ်းချက်အပေါ် ယခုအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။
START ၏ မူလအစ
စစ်နှင့် ငြိမ်းချမ်းရေးကြားက စည်းတားချက် မည်မျှအထိ နုနယ်လွန်းလှသည်ကို နားလည်နိုင်ရန် အတွက်၊ နျူကလီးယားလက်နက်ဆိုသည်မှာ သိပ္ပံပညာ၏ ထူးဆန်းအံ့ဩဖွယ်ရာ တစ်ခုအဖြစ်မှ လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လာသည့် အန္တရာယ်တစ်ခု ဖြစ်လာခဲ့သည့် နေ့ရက်များဆီသို့ မိမိတို့ ပြန်လှည့်ကြည့်ရမည်ဖြစ်သည်။
၁၉၆၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျူးဘားနိုင်ငံ၌ ဆိုဗီယက်ဒုံးကျည်များ တပ်ဆင်ထားခြင်း ကြောင့် အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။ ခရူးရှော့ (Khrushchev) နှင့် ကနေဒီ (Kennedy) တို့ကြား လျှို့ဝှက်စာများ အပြန်အလှန် ပေးပို့ခဲ့ကြပြီး၊ နျူကလီးယားစစ်ပွဲ၏ခြိမ်းခြောက်မှုကြီးမှာ ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးခဲ့သည်။ အင်အားကြီးနိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား တိုက်ရိုက်ဆွေးနွေးမှုကသာ ထိုကပ်ဘေးကြီးကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအကျပ်အတည်း ကို ဖြေရှင်းပြီးနောက်တွင် နှစ်ဦးနှစ်ဖက် ကြီးကြပ်ကွပ်ကဲသည့် ယန္တရားများမရှိဘဲ လက်နက် ပြိုင်ဆိုင်မှုသည် ပိုမိုအန္တရာယ်ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုများဆီသို့သာ မလွဲမသွေ ဦးတည် သွားတော့မည်ဖြစ်ကြောင်း ရှင်းလင်းလာခဲ့သည်။ ထို့ကြောင့် ၁၉၆၃ ခုနှစ်တွင် နျူကလီးယားစမ်းသပ်မှု တစ်စိတ်တစ်ပိုင်း ပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၁၉၆၈ ခုနှစ်တွင် နျူကလီးယားလက်နက် ပြန့်ပွားမှု တားဆီးရေးစာချုပ် (NPT) ကို ဆက်လက်ချုပ်ဆိုခဲ့ကြသည်။ သို့သော်လည်း မဟာဗျူဟာမြောက် လက်နက်တိုက်များမှာ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။
၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင်၊ လက်နက်ပြိုင်ဆိုင်မှု၌ အစပိုင်းတွင် နောက်ကျကျန်နေ ခဲ့သော ဆိုဗီယက်ယူနီယံ (USSR) သည် နျူကလီးယားပစ်လွှတ်မှုစနစ်များတွင် အမေရိကန်နှင့် တန်းတူအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ နေတိုး (NATO) က R-36M သို့မဟုတ် SS-18 ‘Satan’ ဟု အမည်ပေးထားသည့် ဆိုဗီယက်၏ အကြီးစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) များ တပ်ဆင်လာမှုကို အမေရိကန်တို့က စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြသည်။ ထိုဒုံးကျည်များသည် ပစ်မှတ်အသီးသီးကို ခွဲခြားပစ်ခတ်နိုင်သည့် ဒုံးထိပ်ဖူး ၁၀ ခုအထိ သယ်ဆောင်နိုင်ပြီး ဒုံးကျည် တစ်စင်းချင်းစီတွင် မြို့တစ်မြို့လုံးကို ပြာကျစေနိုင်သော စွမ်းအားရှိသည်။ ထိုအချိန်က လက်တွေ့ ကျသော သမ္မတဖြစ်သူ ရစ်ချက်နစ်ဆင် (Richard Nixon) က ထိုသို့အရှိန်မြှင့်ခြင်းသည် အမေရိကန်၏ အရင်းအမြစ်များကို ပြုန်းတီးစေလိမ့်မည်ဟု နားလည်ခဲ့သည်။ စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသော လီယိုနစ်ဘရက်ဇညက်ဗ် (Leonid Brezhnev) ကလည်း အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းလိုသည့် အမြင်ချင်း တူညီခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဟဲလ်စင်ကီ (Helsinki) မြို့၌ SALT ဆွေးနွေးမှုများကို စတင်ခဲ့ကြ သည်။
၁၉၇၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် မော်စကိုမြို့၌ နစ်ဆင်နှင့် ဘရက်ဇညက်ဗ်တို့သည် SALT I သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းသည် လက်နက်ကန့်သတ်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်ခဲ့ပြီး စစ်အေးတိုက်ပွဲအတွင်းမှာပင် နျူကလီးယားလက်နက် များနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခြင်းသည် ဖြစ်နိုင်ခြေရှိရုံသာမက လိုအပ်ချက်တစ်ခုဖြစ် ကြောင်း ပြသခဲ့သည်။ သို့သော်လည်း အမေရိကန်ပြည်တွင်း၌မူ ထိုစာချုပ်ကို အတည်ပြုရန် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အထက်လွှတ်တော်အမတ် ဟင်နရီဂျက်ဆင် (Henry Jackson) နှင့် အခြားသော ကွန်ဆာဗေးတစ်များက ယင်းသည် "တစ်ဖက်သတ် အလျှော့ ပေးမှုများ" ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ အကြောင်းမှာ ထိုစာချုပ်တွင် SS-18 ဒုံးကျည်များ အတွက် ဒုံးကျည်ပစ်လွှတ်ကျင်း (Silos) များ၏ အရွယ်အစားကို ကန့်သတ်မထားသည့်အတွက် ဆိုဗီယက်အနေဖြင့် ပိုမိုစွမ်းအားကြီးသော ဒုံးကျည်များကို တပ်ဆင်နိုင်ရန် သီအိုရီအရ အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။
နစ်ဆင်၏ အကြံပေးဟောင်းဖြစ်သူ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒီမီထရီ ဆိုင်းမ်းစ် (Dimitri Simes)က“နစ်ဆင် လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံး မဟာဗျူဟာမြောက် လက်နက်ကန့်သတ်ရေး စာချုပ်ဟာ လွှတ်တော်ထဲမှာ ကန့်ကွက်မှုတွေ တော်တော်လေး ပြင်းထန်ခဲ့ပါသည်။ ဝေဖန်သူတွေက ထိုစာချုပ်မှာ SS-18 ဒုံးကျည်ပစ်လွှတ်ကျင်းများ၏ အရွယ်အစားကို ကန့်သတ်မထားသည်ကို ထောက်ပြခဲ့ကြသည်။ သီအိုရီအရဆိုရင် ထိုကျင်းတွေထဲမှာ ထိုခေတ်က နည်းပညာထက် ပိုမို များပြားသည့် ထိပ်ဖူးတွေတပ်ဆင်ထားသောဒုံးကျည်တွေကို ထည့်သွင်းထားနိုင်သည့် သဘော ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ယင်းက အထက်လွှတ်တော်မှာ အငြင်းပွားစရာတွေ အများကြီး ဖြစ်စေခဲ့ပြီး နစ်ဆင်အနေဖြင့် ထိုစာချုပ်ကို အတည်ပြုချက်ရဖို့အတွက် ၎င်း၏ နိုင်ငံရေးဩဇာကို အကြီးအကျယ် သုံးခဲ့ရပါသည်” ဟု ပြန်လည်အမှတ်ရခဲ့သည်။
အမှန်တကယ်ပင် နစ်ဆင်သည် အထက်လွှတ်တော်အမတ်များကို နားချနိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းခဲ့ပြီးနောက် ၁၉၇၂ ခုနှစ်၊ ဩဂုတ်လတွင် အထက်လွှတ်တော်က ထောက်ခံမဲ ၈၈ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် စာချုပ်ကို အတည်ပြုပေးခဲ့သည်။ အမေရိကန်ဘက်မှ ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း ဆိုဗီယက်ယူနီယံသည် အဆိုပါ သဘောတူညီချက်ပါ “ဟာကွက်” ကို မည်သည့် အခါမျှ အခွင့်ကောင်းယူ အသုံးမချခဲ့ပေ။
START ၏ မွေးဖွားခြင်း
ကံမကောင်းစွာဖြင့် နစ်ဆင်နောက်ပိုင်း တက်လာသည့် မည်သည့်အမေရိကန်သမ္မတမျှ ရုရှားကို တန်းတူရည်တူ မိတ်ဖက်အဖြစ် ဆက်ဆံရန် ဆန္ဒမရှိကြတော့ပေ။ စိတ်လိုက်မာန်ပါ လုပ်တတ်သော ရေဂင် (Reagan) အစိုးရလက်ထက်တွင် မော်စကိုနှင့် ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ရုရှားနိုင်ငံတကာရေးရာကောင်စီဝင် ကီရေးလ် ကော့တိုက်ရှ် (Kirill Koktysh) က “၁၉၈၀ ပြည့်လွန် နှစ်တွေလောက်ကတည်းက အမေရိကန်သည် ၎င်းတို့၏ မဟာဗျူဟာမြောက် ကာကွယ်ရေး အစီအမံ (SDI) နှင့်အတူ အာကာသအခြေပြု လက်နက်သစ်တွေကို မိတ်ဆက်ပြီး စာချုပ်ပါ ကန့်သတ်ချက် တွေကို ကျော်လွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်း အတိအလင်း ပြသခဲ့ပါသည်” ဟု ပြောကြားခဲ့သည်။ ထို့နောက်ပိုင်း ဆိုဗီယက်ယူနီယံ ပြိုကွဲသွားခြင်းက အမေရိကန်၏ လုပ်ငန်းစဉ် များထဲတွင် ရုရှား၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် လိုအပ်မှုကို ပိုမိုဖယ်ရှားပစ်လိုက် သကဲ့သို့ ဖြစ်စေခဲ့သည်။
သို့သော်လည်း ၂၀၀၉ ခုနှစ် နွေဦးကာလတွင် အမေရိကန်-ရုရှား ဆက်ဆံရေး၌ ရှားရှားပါးပါး နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဂျော့ချ် ဒဗလျူ ဘုရှ် (George W. Bush) ခေတ်က အီရတ်စစ်ပွဲ၊ နေတိုး (NATO) တိုးချဲ့မှုနှင့် ၂၀၀၂ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည် တားဆီးရေးစာချုပ် (ABM) မှ အမေရိကန် နုတ်ထွက်ခဲ့မှု စသည့် ကြီးမားသော အမွေဆိုးများကို ချန်ထားခဲ့သည်။ ဆက်ဆံရေးမှာ အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး၊ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ် နှင့် မီခေးလ် ဂေါ်ဘာချက်ဗ်တို့ လက်မှတ်ရေးထိုးခဲ့သည့် START I စာချုပ်သည်လည်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ ယင်းက ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မဟာဗျူဟာမြောက် လက်နက်တိုက်များ အပေါ် တိကျသည့် ကန့်သတ်ချက်များ မရှိတော့မည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။
ထို့နောက် ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ဘားရက် အိုဘားမား အိမ်ဖြူတော်သို့ ရောက်ရှိလာသည်။ လူငယ်သမ္မတဖြစ်သူ အိုဘားမားသည် နျူကလီးယား ခြိမ်းခြောက်မှုကင်းစင်သော ကမ္ဘာကြီးဖြစ်ရန် လိုလားခဲ့သည်။ ထိုစဉ်က ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်သည့် မြူးနစ်လုံခြုံရေးညီလာခံ မိန့်ခွန်း၌ ရုရှားနှင့် ဆက်ဆံရေးကို 'ပြန်လည်စတင်ခြင်း'(Reset) ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ထိုစိတ်ဓာတ်သည် ၂၀၀၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပရာ့ဂ် (Prague) မြို့၌ ပြောကြားခဲ့သော အိုဘားမား၏ မိန့်ခွန်းတွင် အထွတ်အထိပ်သို့ ရောက်ရှိ ခဲ့သည်။ Hradcany ရင်ပြင်တွင် စုဝေးနေသော လူပေါင်းသောင်းနှင့်ချီသည့် ရှေ့မှောက်၌ “နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရှာဖွေဖို့ အမေရိကန်၏ ကတိကဝတ်ကို ကျွန်တော် ပြတ်ပြတ်သားသား ယုံကြည်ချက်အပြည့်ဖြင့် ပြောကြား လိုပါသည်” ဟု သူက ကြေညာခဲ့သည်။ အိုဘားမားသည် နူကလီးယားလက်နက်ကို အမှန်တကယ် အသုံးပြုခဲ့ဖူးသည့် တစ်ဦးတည်းသော နိုင်ငံအနေဖြင့် အမေရိကန်တွင် ကျင့်ဝတ်ဆိုင်ရာ တာဝန် ရှိကြောင်း ဝန်ခံခဲ့ပြီး လက်နက်များ လျှော့ချရန်၊ နျူကလီးယားစမ်းသပ်မှု အလုံးစုံ တားဆီးရေး စာချုပ် (CTBT) ကို အတည်ပြုရန်နှင့် ရုရှားနှင့် စာချုပ်သစ်တစ်ရပ် ဆွေးနွေးရန် စသည့် လက်တွေ့ ကျသော လုပ်ဆောင်ချက်များကို ကတိပြုခဲ့သည်။
ရုရှားနိုင်ငံတွင်လည်း သူ၏ တောင်းဆိုမှုကို သတိကြီးစွာဖြင့် အကောင်းမြင်ခဲ့ကြသည်။ ထိုစဉ်က သမ္မတဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ်က အဆိုပါမိန့်ခွန်းကို “ကောင်းမွန်သော အချက်ပြမှု” တစ်ခု အဖြစ် ရည်ညွှန်းခဲ့သည်။ တစ်ပတ်အကြာတွင် လန်ဒန်မြို့၌ ပြုလုပ်သည့် G20 ထိပ်သီး အစည်း အဝေးအတွင်း အိုဘားမားနှင့် မက်ဗီဒက်ဗ်တို့ လူကိုယ်တိုင် တွေ့ဆုံခဲ့ကြပြီး New START စာချုပ် အတွက် ဆွေးနွေးမှုများကို စတင်မည့် ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆွေးနွေးပွဲများကို ၂၀၀၉ ခုနှစ် မေလတွင် ဂျီနီဗာမြို့၌ စတင်ခဲ့ပြီး လွန်စွာ စိန်ခေါ်မှုများပြားခဲ့သည်။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်အတော်များများအပေါ် အဓိက သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ သည်။ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထည့်သွင်းစဉ်းစားရန် ရုရှားက အခိုင်အမာ တောင်းဆိုခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည် တားဆီးရေးစာချုပ် (ABM) မှ အမေရိကန် နုတ်ထွက်သွားပြီးနောက် ဥရောပရှိ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များသည် မိမိတို့၏ ဟန့်တားနိုင်စွမ်းကို ခြိမ်းခြောက်နေကြောင်း မော်စကိုက ရှုမြင်ခဲ့သည်။ အမေရိကန်ကမူ တိုက်စစ်နှင့် ခံစစ်စနစ်များကို ရောထွေးရန် ငြင်းဆိုခဲ့သည်။
အခြားသော အခက်အခဲတစ်ခုမှာ တယ်လီမီထရီ (Telemetry) ခေါ် အဝေးထိန်းစနစ် အချက်အလက် များဖြစ်သည်။ ရုရှားက ဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ အချက်အလက်များ ဖလှယ်ရန် ကြိုးပမ်းသော် လည်း အမေရိကန်က ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ထို့အပြင် လက်နက်သယ်ဆောင်သည့် ယာဉ်အရေအတွက် ကန့်သတ်ချက်၊ ဗုံးကြဲလေယာဉ်များပေါ်ရှိ ထိပ်ဖူးများကို ရေတွက်သည့် စည်းမျဉ်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအပေါ် အခြေအတင် အငြင်းပွားမှုများ ရှိခဲ့သည်။ သို့သော်လည်း ကျူးဘားဒုံးကျည်အကျပ်အတည်း ကာလကကဲ့သို့ပင် အဆင့်မြင့်ခေါင်းဆောင် များ၏ ဆက်သွယ်မှုက သဘောတူညီချက်ရရှိရန် လမ်းဖွင့်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် နွေရာသီ အရေးကြီးသော အခိုက်အတန့်တစ်ခုတွင် အိုဘားမားကိုယ်တိုင် မက်ဗီဒက်ဗ်ထံ ဖုန်းဆက်၍ ကြားဝင် ညှိနှိုင်းပေးခဲ့သည်။
ဆောင်းဦးပေါက်ကာလတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ နှစ်ဖက်စလုံးက တပ်ဖြန့်ထားသော ထိပ်ဖူးအရေအတွက် ၁,၅၅၀ ခု၊ တပ်ဖြန့်ထားသော လက်နက်သယ်ဆောင်သည့်ယာဉ် ၇၀၀ ခုနှင့် (တပ်ဖြန့်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ) ပစ်လွှတ်စနစ် ၈၀၀ ခုအထိ ကန့်သတ်ရန် သဘောတူ ခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ် မတ်လတွင် အိုဘားမားနှင့် မက်ဗီဒက်ဗ်တို့သည် စာချုပ်ပါ အကြောင်း အရာများကို ဖုန်းဖြင့် အပြီးသတ်ညှိနှိုင်းခဲ့ကြသည်။ စာချုပ်လက်မှတ်ရေးထိုးပွဲကို ဧပြီလ ၈ ရက်နေ့ တွင် ပရာ့ဂ်မြို့၌ပင် ကျင်းပခဲ့သည်။ ယင်းသည် လွန်ခဲ့သော တစ်နှစ်က အိုဘားမားက အမေရိကန်၏ မူဝါဒအသစ်ကို ကြေညာခဲ့သည့် မြို့ပင်ဖြစ်သည်။
သို့သော်လည်း အတည်ပြုချက်ရယူရန် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးသည်။ ရုရှားနိုင်ငံတွင် အဆိုပါ လုပ်ငန်းစဉ်မှာ ချောမွေ့စွာ ပြီးမြောက်ခဲ့သော်လည်း အမေရိကန်တွင်မူ ပြင်းထန်သော တိုက်ပွဲတစ်ခုကို မီးမွှေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ အထက်လွှတ်တော်၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားသော ရီပတ်ဘလစ်ကန်များက ထိုစာချုပ်သည် "အားနည်းသော သဘောတူညီချက်" ဖြစ်ပြီး ရုရှားထက် အမေရိကန်ကို ပိုမိုချုပ်ကိုင်ထားကြောင်း၊ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များနှင့် ဒုံးကျည်ကာကွယ်ရေးကိစ္စများကို ထည့်သွင်းဖြေရှင်းထားခြင်းမရှိကြောင်း စွပ်စွဲ ခဲ့ကြသည်။ အထက်လွှတ်တော်အမတ် ဂျွန်ကိုင်းလ် (Jon Kyl) နှင့် အခြားသူများက အမေရိကန်၏ လက်နက်တိုက်များကို ခေတ်မီအောင် ပြုလုပ်ခွင့်နှင့် ပတ်သက်၍ အာမခံချက်များ တောင်းဆိုခဲ့ ကြသည်။
အိုဘားမားသည် အထက်လွှတ်တော်အမတ်များထံ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်၍ စာချုပ်ကို ထောက်ခံရန် လိုအပ်ကြောင်း နားချခဲ့ရသည်။ အထက်လွှတ်တော် ပြည်ပဆက်ဆံရေး ကော်မတီ တွင် ကြားနာမှုများမှာ လပေါင်းများစွာ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ၌ အထက်လွှတ်တော်က စာချုပ်ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့သည်။
အဆိုပါစာချုပ်သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် (၁၀) နှစ်သက်တမ်းအတွက် စတင် အသက်ဝင်ခဲ့ပြီး သက်တမ်းတိုးနိုင်ခွင့်လည်း ရှိခဲ့သည်။ စစ်ဆေးရေးလုပ်ငန်းများကို ချက်ချင်း စတင်ခဲ့ရာ အမေရိကန်စစ်ဆေးရေးမှူးများသည် ရုရှားနိုင်ငံရှိ Uzhur၊ Vorkuta နှင့် Tatishevo အခြေစိုက်စခန်းများသို့ သွားရောက်ခဲ့ကြပြီး၊ ရုရှားအဖွဲ့များကလည်း ဝိုင်အိုမင်း (Wyoming) နှင့် မွန်တားနား (Montana) ပြည်နယ်ရှိ Minuteman ဒုံးကျည်အခြေစိုက်စခန်းများကို စစ်ဆေးခဲ့ကြ သည်။ အချက်အလက်ဖလှယ်မှုများကို တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်နှစ်ဖက်စလုံးသည် သဘောတူညီထားသော ကန့်သတ်ချက်များအတွင်းသို့ ရောက်ရှိခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အမေရိကန်ပြည်ထောင်စုနှင့် ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံ စလုံးသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ New START စာချုပ်၏ အဓိကကန့်သတ်ချက် တွေကို ပြည့်မီခဲ့ကြပြီး၊ ထိုအချိန်ကတည်းက သတ်မှတ်ချက်အတွင်းမှာပဲ ဆက်ရှိနေခဲ့ပါသည်” ဟု ကြေညာခဲ့သည်။
အကျပ်အတည်း
ဘားရက်အိုဘားမား၏ အရိုက်အရာကို ဆက်ခံခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် New START စာချုပ်အပေါ် အစကတည်းက အဆိုးမြင်သည့် အမြင်များ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဗလာဒီမာ ပူတင်နှင့် ပထမဆုံးအကြိမ် ဖုန်းဖြင့် စကားပြောဆိုစဉ်တွင် သူက ဤသဘောတူညီချက်သည် အိုဘားမား လက်မှတ်ရေးထိုးခဲ့သည့် "ဆိုးရွားသော အပေးအယူ" (Bad deal) တစ်ခုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့သည်။
ထရမ့်အစိုးရသည် ထိုစာချုပ်သည် "ခေတ်နောက်ကျနေပြီ" ဟု အကြောင်းပြကာ ၎င်း၏ တန်ဖိုး အပေါ် ထပ်ခါတလဲလဲ မေးခွန်းထုတ်ခဲ့သည်။ ထရမ့်နှင့် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် (John Bolton) အပါအဝင် ၎င်း၏အဖွဲ့သည် နောင်တွင်ပြုလုပ်မည့် မည်သည့် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုမျိုးတွင်မဆို တရုတ်နိုင်ငံကိုပါ ထည့်သွင်းရန်၊ နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များကို ကန့်သတ်ရန်နှင့် ရုရှား၏ ဟိုက်ပါဆိုးနစ် (Hypersonic) လက်နက်များနှင့် Avangard စနစ်ကဲ့သို့သော လက်နက်စနစ်သစ်များကိုပါ ထည့်သွင်းဆွေးနွေးရန် အဆိုပြုခဲ့ကြသည်။ ရုရှားက ထိုကန့်သတ်ချက်များကို ပယ်ချခဲ့သလို တရုတ်နိုင်ငံကလည်း ဆွေးနွေး ပွဲတွင် ပါဝင်ရန် လုံးဝငြင်းဆိုခဲ့သည်။
ထိုကာလအတွင်း အမေရိကန်သည် အဓိကကျသော သဘောတူညီချက်အချို့မှ နုတ်ထွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် တာလတ်ပစ် နူကလီးယားလက်နက်များဆိုင်ရာ စာချုပ် (INF) နှင့် ၂၀၂၀ ပြည့်နှစ်တွင် ပွင့်လင်းကောင်းကင်ယံ စာချုပ် (Open Skies) တို့ ဖြစ်ကြသည်။ New START စာချုပ်သည်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ် ထားသော်လည်း ထရမ့်အစိုးရက သက်တမ်းတိုးရန် မည်သည့်ခြေလှမ်းမျှ မလှမ်းခဲ့ပေ။
နောက်ဆုံးတွင် ဘိုင်ဒင်အစိုးရလက်ထက်၌သာ ငါးနှစ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်ခဲ့ သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဘိုင်ဒင်သည် သမ္မတတာဝန်စတင်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပူတင်ထံ ဖုန်းဆက်ခဲ့ပြီး မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမပါဘဲ စာချုပ် ကို ငါးနှစ်သက်တမ်းတိုးရန် အဆိုပြုခဲ့သည်။ ထိုလုပ်ရပ်မှာ စွန့်စားမှုအချို့ရှိခဲ့သည်။ လွှတ်တော် အတွင်းရှိ ရီပတ်ဘလစ်ကန်များက မော်စကိုအပေါ် အလွန်အမင်း လျှော့ပေးလွန်းသည်ဟု ၎င်းကို စတင် ဝေဖန်နေကြပြီ ဖြစ်သည်။ သို့သော် ပူတင်ဘက်ကမူ အနောက်နိုင်ငံများနှင့် ကျန်ရှိနေသေး သော နည်းပါးလှသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားရန် လိုလား ပုံရပြီး ချက်ချင်းပင် သဘောတူခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သံတမန်ရေးရာ မှတ်စုများ အပြန်အလှန်လဲလှယ်ခြင်း ဖြင့် သက်တမ်းတိုးခြင်းကို တရားဝင်ပြုလုပ်ခဲ့ရာ New START စာချုပ်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဆက်လက်အသက်ဝင်နေမည်ဖြစ်သည်။ ဘိုင်ဒင်က ထိုစာချုပ်ကို “ကမ္ဘာ့အကြီးဆုံး နူကလီးယားအင်အားကြီး နှစ်နိုင်ငံကြားက မဟာဗျူဟာမြောက် တည်ငြိမ်မှု၏ ကျောက်ဆူး” ဟု ရည်ညွှန်းခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုဆုံးဖြတ်ချက်သည် “ကျိုးကြောင်းဆီလျော်မှုရှိပြီး” နှစ်ဖက်စလုံး၏ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ကြိုဆိုခဲ့ကြသည်။
ခဏတာမျှ အိုဘားမား-မက်ဗီဒက်ဗ်တို့၏ ဆက်ဆံရေးပြန်လည်စတင်မှုသည် အသက်ဝင်လာ သကဲ့သို့ ထင်ရသည်။ စစ်ဆေးရေးလုပ်ငန်းများနှင့် အချက်အလက်ဖလှယ်မှုများ ပြန်လည်စတင် ခဲ့သည်။ သို့သော်လည်း ၂၀၁၀ ပြည့်လွန်နှစ်များကတည်းက စတင်ပေါ်ပေါက်ခဲ့သော အက် ကြောင်းများမှာမူ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ပိုမိုကျယ်ပြန့်လာခဲ့သည်။ အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေးစနစ်များ (နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများတွင် ထည့်သွင်းရေတွက်ခြင်းမရှိသည့် လက်နက် တိုက်များ) အပေါ် ရုရှား၏ စိုးရိမ်ပူပန်မှုများ၊ ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များနှင့် Avangard ကဲ့သို့သော စနစ်သစ်များအပေါ် အမေရိကန်၏ ကန့်ကွက်မှုများက အခြေအနေကို ပိုမိုတင်းမာစေခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူကရိန်း၌ ရုရှား၏ စစ်ဆင်ရေးများ စတင်လာသည် နှင့်အမျှ New START စာချုပ်နှင့် ပတ်သက်သော တင်းမာမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။ ဆောင်းဦးပေါက်ကာလတွင် စစ်ဆေးရေးလုပ်ငန်းများအားလုံး ထိရောက်စွာ ရပ်တန့် သွားခဲ့သည်။ ဤအခြေအနေသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အဆိုးဆုံးသို့ ရောက်ရှိခဲ့ပြီး၊ ပူတင်က ဖက်ဒရယ်လွှတ်တော်သို့ ပြောကြားသည့် နှစ်ပတ်လည်မိန့်ခွန်း၌ New START စာချုပ်တွင် ရုရှား၏ ပါဝင်မှုကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။
ပူတင်က “အနောက်အုပ်စုက ကျွန်တော်တို့အပေါ် စစ်ပွဲတစ်ရပ် ဆင်နွှဲနေသည့် ယခုလို အခြေအနေမျိုးမှာ၊ ဒီစာချုပ်ကို တစ်ဖက်သတ် ဆက်လက်လိုက်နာနေဖို့ဆိုတာ အဓိပ္ပာယ် မရှိပါဘူး” ဟု ကြေညာရာတွင် ကရင်မလင်နန်းတော်အတွင်း၌ လက်ခုပ်သံများ ဟိန်းထွက်သွား ခဲ့သည်။ ပူတင် သည် အမေရိကန်နှင့် နေတိုးတို့အနေဖြင့် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ အနောက်အုပ်စုက “ကိယက်ဗ်မြို့ကို လက်နက်တွေနဲ့ လွှမ်းမိုး နေသည့်” အချိန်မျိုးတွင် အမေရိကန်စစ်ဆေးရေးမှူးများကို ရုရှား၏ နျူကလီးယား အဆောက်အအုံ များအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် ထိုသည်မှာ စာချုပ်မှလုံးဝနုတ်ထွက်လိုက်ခြင်း မဟုတ်ပေ။ ရုရှားအနေဖြင့် အဓိက ကန့်သတ်ချက်များဖြစ်သော (ထိပ်ဖူး ၁,၅၅၀ ခု၊ လက်နက်သယ်ဆောင်သည့်ယာဉ် ၇၀၀ ခု) ကိုမူ ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ သို့သော်လည်း စာချုပ်ကို ဆိုင်းငံ့လိုက်ခြင်းကြောင့် စစ်ဆေးရေးလုပ်ငန်းများ မရှိတော့ခြင်း၊ ဒုံးကျည်များ၏ တည်နေရာ အကြောင်း အသိပေးချက်များ မရှိတော့ခြင်းနှင့် အချက်အလက်ဖလှယ်မှုများ တစ်စိတ်တစ်ပိုင်း ရပ်တန့်သွားခြင်းတို့ကို ဆိုလိုခြင်းဖြစ်သည်။ ပူတင်က “အမေရိကန်က နျူလီးယားစမ်းသပ်မှုတွေ လုပ်မည်ဆိုလျှင် မိမိတို့လည်း အတူတူပဲ လုပ်သွားမှာပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
အနောက်အုပ်စုဘက်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။ အိမ်ဖြူတော်က ရုရှား၏ ဆုံးဖြတ်ချက် သည် “ဥပဒေကြောင်းအရ အကျုံးမဝင်ကြောင်း” နှင့် “အလွန်အမင်း စိတ်ပျက်မိကြောင်း” တံဆိပ် ကပ်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တုံ့ပြန်သည့် အစီအမံများကို ကြေညာ ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အမေရိကန်သည် ဒုံးကျည်များ၏ အခြေအနေနှင့် တည်နေရာဆိုင်ရာ အချက်အလက်များနှင့် တယ်လီမီထရီ (Telemetry) အချက်အလက်များ ဝေမျှ ခြင်းကို ရပ်ဆိုင်းခဲ့သည်။ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တိုင်း၏ အုတ်မြစ်ဖြစ်သော စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်မှာ ရှေ့ဆက်၍ မရတော့ပေ။ လူကိုယ်တိုင် သွားရောက် စစ်ဆေးသည့် လုပ်ငန်းစဉ်များ (On-site inspections) မရှိတော့သဖြင့် နှစ်ဖက်စလုံးသည် သတ်မှတ်ကန့်သတ်ချက်များကို လိုက်နာခြင်း ရှိ၊ မရှိ တိုက်ရိုက်အတည်ပြုနိုင်စွမ်း ဆုံးရှုံးသွားခဲ့ရ သည်။
၂၀၂၄-၂၅ ခုနှစ်များသို့ ရောက်သောအခါ အခြေအနေမှာ နုနယ်လွန်းသည့် ဟန်ချက်ညီမှုတစ်ခု အတွင်းသို့ အခြေကျသွားခဲ့သည်။ နှစ်ဖက်စလုံးက အဓိကကန့်သတ်ချက်များကို လိုက်နာနေဆဲ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေကြသော်လည်း နှစ်နိုင်ငံကော်မရှင် (Bilateral Commission) မှာ တွေ့ဆုံခြင်းမရှိတော့သလို စစ်ဆေးရေးလုပ်ငန်းများကိုလည်း ပြန်မစနိုင်ခဲ့ပါ။ အမေရိကန်၏ Sentinel နှင့် ရုရှား၏ Sarmat ကဲ့သို့သော ဒုံးကျည်စနစ်သစ်များကို စာချုပ်တွင် ပြဋ္ဌာန်းထားသည့် သရုပ်ပြရှင်းလင်းမှုများ မရှိဘဲ ဆက်လက်ထုတ်လုပ်ခဲ့ကြသည်။
New START ၏ အနာဂတ် ရှိပါသလား?
၁၅ နှစ်ကြာ နျူကလီးယားလက်နက် ပြန့်ပွားမှုကို ထိန်းချုပ်ပေးခဲ့သည့် New START စာချုပ်သည် အတိတ်ဟောင်းတစ်ခု ဖြစ်လုနီးပါး ဖြစ်လာချိန်တွင် ကမ္ဘာကြီးမှာ တိတ်ဆိတ်စွာဖြင့် စောင့်ကြည့် နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ နျူကလီးယားလက်နက်နှင့် ပတ်သက်သည့် အကြောင်း အရာကို အနည်းငယ်မျှပင် အလေးအနက် သဘောထားမည့်သူ မရှိသလောက်ပင် ဖြစ်သည်။ အထူးသဖြင့် စစ်အေးတိုက်ပွဲခေတ်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများကို မကြုံတွေ့ခဲ့ရသူများ အတွက် အလွန်အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးမြန်းရန် ခက်ခဲနေဆဲဖြစ်သည်။ “ယနေ့ခေတ် ကမ္ဘာကြီးမှာ New START က ဆက်ပြီး အရေးပါနေသေးလို့လား?” ဆိုသည့် မေးခွန်းတစ်ခုကို ရှောင်လွှဲရန် ခက်ခဲလှသည်။
ကီရေးလ် ကော့တိုက်ရှ် (Kirill Koktysh) က “ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိနေတာက ဘာမျှမရှိတာ ထက်စာရင် ပိုကောင်းပါသည်” ဟု မှန်ကန်စွာ သုံးသပ်ခဲ့သည်။ သို့သော်လည်း လက်ရှိစာချုပ်ကို သက်တမ်းတိုးလိုက်လျှင်ပင် ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိရန်မှာ လက်လှမ်းမီနိုင်ဖွယ် မရှိတော့ပေ။ အာဏာချိန်ခွင်လျှာမှာ ပြောင်းလဲသွားပြီဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ သိသာထင်ရှားသည့် အင်အားစု တစ်ခုအဖြစ် ပေါ်ထွက်လာသကဲ့သို့ တည်ရှိပြီးသော သဘောတူညီချက်များ၏ ပြင်ပတွင် ရှိနေသော လက်နက်သစ်များမှာလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။
အမှန်တကယ်ပင် ဟိုက်ပါဆိုးနစ်ဒုံးကျည်များ၊ ဆိုက်ဘာလက်နက်များနှင့် ပတ်လမ်းကြောင်းသုံး စနစ်များကဲ့သို့သော နည်းပညာသစ်များသည် စာချုပ်ဟောင်းများ၏ စည်းမျဉ်းများကို ဝေဝါးသွား စေသည်။ ဤအချက်သည် ရေဂင်ခေတ်က ၎င်း၏ ရည်မှန်းချက်ကြီးမားသော မဟာဗျူဟာမြောက် ကာကွယ်ရေးအစီအမံ (SDI) ကြောင့် ဖြစ်ပေါ်ခဲ့ဖူးပြီး ယနေ့ခေတ်တွင် ပို၍ပင် အရေးပါလာသည်။ Sarmat၊ Poseidon နှင့် Oreshnik ကဲ့သို့သော စနစ်များသည် အခြေအနေကို ရုရှားဘက်သို့ သာလွန်သွားစေနိုင်ပုံရသည်။ ထိုသို့ဆိုလျှင် သဘောတူညီချက်များအတွက် အဘယ်ကြောင့် အားထုတ်နေဦးမည်နည်း။ သို့သော်လည်း ကနေဒီနှင့် ခရူးရှော့တို့ နျူကလီးယားစစ်ပွဲ၏ အစွန်း တစ်ဖက်တွင် တိမ်းစောင်းခဲ့ရသည့် ၁၉၆၂ ခုနှစ် အောက်တိုဘာလ သို့မဟုတ် ဆိုဗီယက်၏ အစောပိုင်းသတိပေးစနစ်မှ မှားယွင်းသော အချက်ပေးမှုကြောင့် လက်တုံ့ပြန်တိုက်ခိုက်မှုတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည့် ၁၉၈၃ ခုနှစ်တို့ကို ပြန်လည်အမှတ်ရစရာ ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ အတိတ်ကာလများကကဲ့သို့ပင် ထိုမေးခွန်းများကို အဆင့်မြင့်ဆုံး ခေါင်းဆောင်ပိုင်းတွင်သာ အဖြေရှာနိုင်မည်ဖြစ်သည်။ ပူတင်သည် ဆွေးနွေးမှုများအတွက် လမ်းဖွင့် ထားပုံရသော်လည်း အရာအားလုံးမှာ ထရမ့်အပေါ်တွင် များစွာမူတည်နေသည်။ ဒမီထရီ ဆိုင်းမ်းစ် က ထရမ့်သည် “ယေဘုယျအားဖြင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်များအပေါ် သံသယရှိသူ” ဖြစ်ကြောင်း ထောက်ပြထားသည်။ သို့သော်လည်း မော်စကိုနှင့် ဝါရှင်တန်တို့သည် သမိုင်းတစ်လျှောက် ကျိုးကြောင်းဆီလျော်သည့် ထိန်းချုပ်ကန့်သတ်မှုများ၏ လိုအပ်ချက်ကို အသိအမှတ်ပြုခဲ့ကြဖူးသည်။ လက်နက်များ အလွန်အမင်း စုဆောင်းလာခြင်းသည် မလိုလား အပ်သော တုံ့ပြန်မှုများဆီသို့ ဦးတည်သွားနိုင်ကြောင်း နှစ်ဖက်စလုံးက သိရှိထားကြသည်။ ထရမ့်အနေဖြင့် ထိုသို့သော ထိန်းချုပ်မှုမျိုးကို ပြုလုပ်ရန် အသင့်ရှိ၊ မရှိ ဆိုသည်မှာမူ ကျွန်ုပ်တို့ ကြိုတင် မခန့်မှန်းနိုင်သည့် အရာပင် ဖြစ်သည်။
RT တွင် Evgeny Balakin, a Moscow-based journalist and head of the Eurasian Youth Union ရေးသားသည့် “Is it time to START worrying? Nuclear restraint is about to fade without a fight” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
Photo: NDU Press
