အမေရိကန် အသုံးပြုသူအများအပြားသည် TikTok ကို (ဖုန်းထဲမှ) ပြန်လည် ဖျက်ထုတ်နေ

Posted_Date

Image

အမေရိကန် အသုံးပြုသူအများအပြားသည် TikTok ကို (ဖုန်းထဲမှ) ပြန်လည် ဖျက်ထုတ်နေ

Body

အမေရိကန်ဈေးကွက်အတွင်း ဖက်စပ်လုပ်ငန်းအသစ်တစ်ခုသို့ ကူးပြောင်းတော့မည်ဟု အဆိုပါ ပလက်ဖောင်းက ကြေညာခဲ့ပြီးနောက် TikTok ကို ဖျက်ပစ်သည့် အမေရိကန်အသုံးပြုသူ အရေ အတွက်မှာ ၁၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

သုတေသနကုမ္ပဏီ Sensor Tower မှ အချက်အလက်များအရ ဖက်စပ်လုပ်ငန်းအသစ် တည်ထောင် ပြီးနောက် ငါးရက်အတွင်း အမေရိကန်၌ TikTok အက်ပ်အား နေ့စဉ်ဖျက်ပစ်သည့် အသုံးပြုသူ အရေအတွက်မှာ လွန်ခဲ့သော သုံးလနှင့်နှိုင်းယှဉ်ပါက ၁၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၂၂ ရက်နေ့က အသစ်ပြင်ဆင်လိုက်သော ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက် များနှင့်ပတ်သက်၍ တုံ့ပြန်မှုများမှာ အများဆုံးဖြစ်ကြောင်း CNBC က မှတ်ချက်ပြုထားသည်။

X ၊ Threads နှင့် Reddit ကဲ့သို့သော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် TikTok အသုံးပြုသူ အများအပြားက 'လူမျိုးစု သို့မဟုတ် မျိုးနွယ်စု ဇာစ်မြစ်'၊ 'လိင်စိတ်ခံယူမှု'၊ 'ကျား/မ မည်သူ မည်ဝါဖြစ်မှု'၊ 'ထရန်ဂျန်ဒါ (Transgender) သို့မဟုတ် ကျား/မ ခွဲခြားသတ်မှတ်မထားသူ (Non-binary) ဖြစ်မှု'၊ 'နိုင်ငံသားဖြစ်မှု သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး အဆင့်အတန်း' နှင့် 'ငွေကြေး ဆိုင်ရာ အချက်အလက်များ' ကဲ့သို့သော ထိရှလွယ်သည့် အချက်အလက်များကို စုဆောင်းမည့် မူဝါဒအသစ်များကို သဘောတူလိုက်ရကြောင်း ပြောဆိုနေကြသည်။ သို့သော်လည်း TechCrunch ၏ အဆိုအရ အဆိုပါ စည်းကမ်းချက်များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကတည်းက ရှိနေခဲ့ခြင်း ဖြစ်ပြီး အသုံးပြုသူအများစုက သတိမထားမိဘဲ ကျော်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"၎င်းတို့၏ စည်းကမ်းချက်များနှင့် စိစစ်ဖြတ်တောက်မှုတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည့် အတွက် ကျွန်တော် အကြိုက်ဆုံး ပလက်ဖောင်းကို ဖျက်လိုက်ပြီဆိုလျှင် ခင်ဗျားတို့လည်း လုပ်နိုင်ပါသည်" ဟု Content Creator တစ်ဦးဖြစ်သူ Dre Ronayne က Threads ပေါ်တွင် ရေးသားခဲ့ပြီး၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ၎င်း၏ Follower လေးသိန်းနီးပါးရှိသော TikTok အကောင့်ကို ဖျက်ပစ်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

Follower လေးသန်းကျော်ရှိသော TikTok Content Creator တစ်ဦးဖြစ်သူ Nadya Okamoto ကမူ "လူအများအပြား ဇဝေဇဝါဖြစ်နေကြပါသည်၊ လူတိုင်း TikTok ကို ကြည့်နေကြသော်လည်း မည်သည့်အရာများ ဖြစ်နေမှန်း မသိကြပါ ၊ ယင်းက စိစစ်ဖြတ်တောက်မှုလား၊ မည်သည့် အကျိုးဆက်တွေ ရှိလာမလဲ ဆိုသည်နှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ အများကြီး ရှိနေ ပါသည် ၊ အရာအားလုံးက တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေသည်မှာ တကယ်ကို ကြောက်စရာ ကောင်းပါသည်" ဟု CNBC သို့ ပြောကြား ခဲ့သည်။

တစ်ချိန်တည်းမှာပင် အခြားသူများမှာလည်း အက်ပ်အတွင်းသို့ ဗီဒီယိုများတင်ရာတွင် အခက်အခဲ များနှင့် ရင်ဆိုင်နေရပြီး အနှောင့်အယှက်များဖြစ်ခြင်းနှင့် ဗီဒီယိုများ တက်မလာခြင်းတို့ကို ကြုံတွေ့ နေရသည်။ ထိုအခြေအနေနှင့် ပတ်သက်၍ TikTok ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိ သေးပေ။

အက်ပ်ကို ဖျက်ထုတ်မှုများ မြင့်တက်လာသော်လည်း လွန်ခဲ့သည့် ငါးရက်အတွင်း အမေရိကန်၌ TikTok အမှန်တကယ် အသုံးပြုနေသူ အရေအတွက်မှာ ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက တည်ငြိမ်နေဆဲဖြစ်ကြောင်း Sensor Tower က မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ပြိုင်ဘက် အက်ပ်အချို့မှာ သိသိသာသာ အာရုံစိုက်ခံလာရပြီး အလားတူကာလအတွင်း UpScrolled အက်ပ် ကို ဒေါင်းလုဒ်ဆွဲမှု ၁၀ ဆ မြင့်တက်လာကာ Skylight Social မှာ ၉၁၉ ရာခိုင်နှုန်းနှင့် Rednote (တရုတ်) မှာ ၅၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။

ကာလရှည်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် TikTok USDS Joint Venture LLC အမည်ဖြင့် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ရန် သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း TikTok က ကြေညာခဲ့သည်။ TikTok ၏ မိခင်ကုမ္ပဏီ ByteDance သည် အဆိုပါ ဖက်စပ်လုပ်ငန်း၏ ၁၉.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှိသော ၈၀.၁ ရာခိုင်နှုန်းကို အမေရိကန်နှင့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများက ပိုင်ဆိုင်မည်ဖြစ်သည်။ ယခင် TikTok ၏ လုပ်ငန်းလည်ပတ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အကြီးအကဲ Adam Presser က CEO အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ထိုခြေလှမ်းသည် TikTok သည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဆိုသည့် စိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် အမေရိကန်တွင် ရေရှည်ရပ်တည်နိုင်စေရန် နှစ်ရှည်လများ ကြိုးပမ်းအားထုတ်မှု၏ ရလဒ်ဖြစ်သည်။

အမေရိကန်အခြေစိုက် အဆိုပါ ဖက်စပ်လုပ်ငန်းကို အများစုမှာ အမေရိကန်နိုင်ငံသားများဖြစ်သည့် အဖွဲ့ဝင် ၇ ဦးပါ ဒါရိုက်တာဘုတ်အဖွဲ့က "လွတ်လပ်သော အဖွဲ့အစည်း" အဖြစ် စီမံခန့်ခွဲသွားမည် ဖြစ်သည်။ အဆိုပါ ဘုတ်အဖွဲ့တွင် TikTok CEO Shou Chew၊ TPG Global ၏ အကြီးတန်း အကြံပေး Timothy Dattels၊ Susquehanna International Group မှ ဒါရိုက်တာ Mark Dooley၊ Silver Lake ၏ ပူးတွဲ CEO Egon Durban၊ DXC Technology ၏ CEO Raul Fernandez၊ Oracle ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Kenneth Glueck နှင့် MGX ၏ မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ အရာရှိချုပ် David Scott တို့ ပါဝင်သည်။

VN Express တွင် Ngoc Han ရေးသားသည့် “Many US users are deleting Tiktok” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီးဌာန -၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။