နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို့

Posted_Date

Image

နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို့

Body

        မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအသီးသီးတွင် ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာပင်ဖြစ်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက်အပြန်အလှန် အမှီသဟဲပြုနေကြသည့် သဘာဝဂေဟစနစ်အား သိသာထင်ရှားစွာ ထိခိုက်လျက်ရှိပြီး ရာသီဥတုပြောင်းလဲမှုပြဿနာများ၊ လူသားတို့၏ ကျန်းမာရေးပြဿနာများလည်း နှစ်စဉ်တိုးပွားလာလျက်ရှိကြောင်း ကမ္ဘာအရပ်ရပ်ရှိ သတင်းများမှတစ်ဆင့် မျက်ဝါးထင်ထင်တွေ့ရှိနေကြရပြီး ယင်းသို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လူသားများ၏ ဆောင်ရွက်ချက်များကြောင့်ပင် အများဆုံးဖြစ်ပေါ်နေသည့်အတွက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အထူးပင်လိုအပ်လှသည်။ ထိုသို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် ညီညာမှ ပြည်သာမည် ဟူသော ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူတစ်ရပ်လုံးက တစ်ဦးတစ်ယောက်ချင်းစီ၏ အသိ၊ သတိ၊ စည်းလုံးညီညာမှုဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေသော ဆောင်ရွက်ချက်များကို တတ်နိုင်သမျှရှောင်ရှား၍ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက် သာယာစေရေးအတွက် ပတ်ဝန်းကျင်ကို အတူတကွဝိုင်းဝန်း ထိန်းသိမ်းကြရမည်ဖြစ်သည်။ 

ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသော အဓိကအကြောင်းရင်းများဖြစ်သည့် လူဦးရေတိုးပွားခြင်းကြောင့် မြို့ပြများချဲ့ထွင်လာခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိုမိုများပြားလာခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်း၊ သဘာဝသယံဇာတများအား စည်းကမ်းမဲ့ အလွန်အမင်းထုတ်ယူခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုအားနည်းခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာအားနည်းခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် အားနည်းခြင်း စသည့် အကြောင်းအချက်များကြောင့် စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေနှင့် ထုတ်လွှတ်အခိုးအငွေ့များ အဆမတန် ထွက်ရှိလာရပြီး စနစ်တကျသန့်စင်စွန့်ပစ်ခြင်းမရှိခြင်းကြောင့် လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ထိခိုက်ခြင်း၊ သဘာဝသယံဇာတများ လျော့နည်းလာခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာခြင်းနှင့် ထိုမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများအထိ ပိုမိုရင်ဆိုင်ကြုံတွေ့လာရသည်။ 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ရာ စက်ရုံ၊ အလုပ်ရုံများအပါအဝင်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍကို မဖြစ်မနေထည့်သွင်းပေါင်းစပ်စဉ်းစားပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးစေရေး အစီအမံများကို လက်တွေ့ကျကျ အကောင်အထည်ဖော်စေရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များထုတ်ပြန်ချမှတ်၍ စစ်ဆေးကြပ်မတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်များကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသည့်စိတ်ဖြင့် အမြင်ကျယ်ကျယ် လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ 

ယနေ့လူငယ် နောင်ဝယ်လူကြီး ဟူသော စကားပုံအတိုင်း လူငယ်များအနေဖြင့် နိုင်ငံတော်မှ အားထားရသော အနာဂတ်သားကောင်းများဖြစ်လာမည့် အားလျော်စွာ ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာများပြန့်ပွားစေရေး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများအပါအဝင် သင်တန်းကျောင်းများ၊ တက္ကသိုလ်/ ကောလိပ်များအထိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး  စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သည်။

ပြည်သူသည်သာအဓိကဖြစ်သည့်အားလျော်စွာ ပြည်သူများအနေဖြင့်လည်း မိမိတို့အိမ်၊ ရပ်ကွက်မှစတင်၍ စွန့်ပစ်အမှိုက်များအား စည်းကမ်းမဲ့စွန့်ပစ်ခြင်းကိုရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများအား လက်ဆင့်ကမ်းမျှဝေခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြို့၊ ရွာများအတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများအား လျှော့ချနိုင်မည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အထိမ်းအမှတ်နေ့များ  သတ်မှတ်ခြင်း၊  အခမ်းအနားများ ကျင်းပခြင်း၊ နိုင်ငံအချင်းချင်းကြား  သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊ မဟာဗျူဟာများ ချမှတ်ခြင်းတို့ကို အစုအဖွဲ့တစ်ခုချင်းစီအလိုက် ထိရောက်စွာဆောင်ရွက်၍   ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးအား  ကောင်းမွန် ကျန်းမာစေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းလျက်ရှိကြသည်။ 

နိဂုံးချုပ်အားဖြင့်ဆိုရသော် ပတ်ဝန်းကျင် ညစ်ညမ်းမှုများအား လျှော့ချခြင်း၊ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ပြန်လည်အစားထိုးမရသည့် သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုလျှော့ချခြင်းတို့မှာ ကမ္ဘာကြီး၏ ဂေဟစနစ်ထိန်းသိမ်း ကာကွယ်ရေးအတွက်  အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သည့် အားလျော်စွာ ထိုလုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်ရန်မှာ ကမ္ဘာပေါ်ရှိ လူသားတိုင်း၏ တာဝန်ဖြစ်သည့်အတွက် ပိုမိုလက်တွေ့ကျပြီး အားလုံးပါဝင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများအသုံးပြု၍ ပြည်သူများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို ပြည်သူတိုင်းလက်ဝယ် ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။   ။

MWD