ဟူသီတို့အကြောင်း တစ်စေ့တစ်စောင်း
Posted_Date
Image
Body
ဟူသီသူပုန်များသည် ယီမင်နိုင်ငံအခြေစိုက် နိုင်ငံရေးလှုပ်ရှားမှုလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ တရားဝင်အမည်မှာ (Ansar Allah) ဖြစ်ပြီး “အလ္လာဟ်အရှင်မြတ်ကို ထောက်ခံသူများ” ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းတို့သည် ရှီအာ ဘာသာခွဲဖြစ်သည့် ဇိုင်ဒီ (Zaidi) ဂိုဏ်းဝင်များဖြစ်ကြပါသည်။ လက်ရှိတွင် ဟူသီသူပုန်များသည် ယီမင်နိုင်ငံမြောက် ပိုင်းရှိ ဒေသအများအပြားကို ထိန်းချုပ်ထားကြပါသည်။
ဟူသီသူပုန်များသည် ယီမင်နိုင်ငံ ဆာဒါး(Saada) နှင့် ဆန်နာ (Sanaa) မြို့တော်တို့ တွင် အခြေစိုက်ကြပါသည်။ ၎င်းတို့ လှုပ်ရှားရာဒေသမှာ ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း၊ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နေရာများဖြစ်ပါသည်။ အင်အားသောင်းချီ တိုက်ခိုက်ရေး သမားများရှိသည်ဟု ခန့်မှန်းထားကြပါသည်။ အီရန်သည် ဟူသီသူပုန်များကို ထောက်ပံ့ ပေးနေသည့် နိုင်ငံဖြစ်ပါသည်။ ဟူသီသူပုန်တို့၏ အဓိကရန်ဘက်များမှာ ယီမင်အစိုးရ၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အမေရိကန်နှင့် အစ္စရေးတို့ဖြစ်သည်။
သမိုင်းကြောင်းနှင့် မူလဇစ်မြစ်
ဟူသီလှုပ်ရှားမှုမှာ ၁၉၉၀ ပြည့်လွန်နှစ်များက ဇိုင်ဒီဘာသာ ပြန်လည်ရှင်သန်ရေးအတွက် စတင်ခဲ့သော “သစ္စာတော်ရှင်လူငယ်” (Believing Youth) လှုပ်ရှားမှုမှ ပေါက်ဖွား လာခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် ယီမင်အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် ဆော်ဒီအာရေဗျ နှင့်အမေရိကန်တို့၏ ဩဇာလွှမ်းမိုးမှုကို ဗြောင်ကျကျဆန့်ကျင်သည့် လှုပ်ရှားမှုအဖြစ် ကြီးထွားလာခဲ့ပြီး၊ ၂၀၁၃ ခုနှစ် အီရတ်ကျူးကျော်မှုအပြီးတွင် အမေရိကန်နှင့် အစ္စရေးတို့ကို ဆန့်ကျင်မှုများ ပိုမိုပြင်းထန်လာခဲ့ပါသည်။
၁၉၉၀ ပြည့်လွန်နှစ်များက လှုပ်ရှားမှုစတင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင် ၎င်းတို့၏ ခေါင်းဆောင် ဟူစိန်ဘာဒ်ရက်ဒင် အယ်လ်-ဟူသီကို ယီမင်စစ်တပ်က သတ်ဖြတ်ပြီးနောက် လက်နက်ကိုင်တော်လှန်ရေး စတင်လာခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် မြို့တော် ဆန်နာကို သိမ်းပိုက်လိုက်ကြပြီး နိုင်ငံတကာအသိအမှတ်ပြုအစိုးရကို ဖြုတ်ချကာ ပြည်တွင်းစစ် စတင်ဆင်နွှဲခဲ့ကြပါသည်။ ဟူသီသူပုန်တို့၏ နယ်ပယ်ချဲ့ထွင်မှုကို တုံ့ပြန်ရန် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်အဖွဲ့က ၂၀၁၅ ခုနှစ်တွင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခဲ့ပါသည်။
လက်ရှိအခြေအနေနှင့်ထိန်းချုပ်နယ်မြေ
ဟူသီတို့သည် ယီမင်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်းခန့် နေထိုင်ရာ နိုင်ငံမြောက်ပိုင်းရှိ ကုန်းမြင့်ဒေသအများအပြားကို ထိန်းချုပ်နိုင်ထားကြပါသည်။ လက်ရှိ အခြေအနေမှာ ဆော်ဒီအာရေဗျနှင့် ယီမင်ညွှန့်ပေါင်းအဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိသော်လည်း တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ဆော်ဒီ၏ စစ်ရေးဆောင်ရွက်မှုကြောင့် ယီမင်တောင်ပိုင်း ခွဲထွက်ရေးသမားများ၏ ဩဇာကျဆင်းသွားခဲ့ပြီး ဟူသီများ၏ရှေ့တန်းစစ်မျက်နှာတွင် စိုးရိမ်ဖွယ်ရာ ငြိမ်သက်မှုများ ဖြစ်ပေါ်နေပါသည်။
စစ်ရေးစွမ်းရည်နှင့် လှုပ်ရှားမှု
ဟူသီသူပုန်များ၏ စစ်ရေးစွမ်းရည်သည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးတက်လာပါသည်။ ဟူသီများ၏ လက်နက်ပစ္စည်းအများစုကို အီရန်နိုင်ငံက တိုက်ရိုက် ထောက်ပံ့ပေးနေခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့၏ အစီရင်ခံစာအရ အီရန် သည် ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သော လက်နက်ရောင်းချမှု ပိတ်ဆို့အရေးယူမှု (UN arms embargo) ကို ချိုးဖောက်ကာ ဟူသီများထံ လက်နက်များ ထောက်ပံ့ခဲ့ကြောင်း အတည်ပြုပြောကြားထားပါသည်။
ဟူသီတို့အား အီရန်မှ တိုက်ရိုက်ထောက်ပံ့သော လက်နက်များမှာ ပဲ့ထိန်းဒုံးကျည် ၊ ခရုဇ်ဒုံးကျည်၊ တိုက်ခိုက်ရေးနှင့် ကင်းထောက်မောင်းသူမဲ့လေယာဉ် (UAV) များ၊ ရေမြုပ်မိုင်း (naval mines) နှင့် လူမဲ့ရေယာဉ် (unmanned surface and underwater vessels) များ ပါဝင်ပါသည်။ ကုလသမဂ္ဂကျွမ်းကျင်သူများက ဆော်ဒီအာရေဗျသို့ ပစ်ခတ်ခဲ့သော ဒုံးကျည် အပျက်အစီးများကို စစ်ဆေးရာတွင် ၎င်းတို့မှာ အီရန်ထုတ် Qiam-1 ဒုံးကျည်များနှင့် တူညီ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
ဟူသီများသည် အီရန်မှ တင်သွင်းသော (engine, propulsion systems, guidance units, avionics) စသည့် အစိတ်အပိုင်းတို့ကို အသုံးပြု၍ ယီမင်နိုင်ငံအတွင်းရှိ တောင်တန်း ဒေသများတွင် မြှုပ်နှံတည်ဆောက်ထားသော စက်ရုံများ၌ တပ်ဆင်ထုတ်လုပ်လာနိုင် ပါသည်။ ၎င်းတို့တွင် လေယာဉ်ကိုယ်ထည် (airframe) များ ပြုလုပ်ခြင်း၊ ထိပ်ဖူးများ (warheads) တပ်ဆင်ခြင်းနှင့် ပစ်လွှတ်ရန် အခြေခံအဆောက်အအုံများ ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်လာနိုင်ပါသည်။ အမေရိကန်၏ စစ်ရေးအရထိုးနှက်မှုများခံရပြီးနောက်တွင်ပင် ထိုစနစ်ဖြင့် ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါသည်။
ဟူသီများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ ပြသနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက် တိုဘာလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ဟူသီများသည် ပင်လယ်နီနှင့် အေဒင် ပင်လယ်ကွေ့အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်သင်္ဘောများနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်စစ်သင်္ဘောများကို အနည်းဆုံး အကြိမ် ၂၀၀ တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက် ခိုက်မှုများကြောင့် လူ ၃ သေဆုံးကာ သင်္ဘော ၄ စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၂၅ ဦး ဖမ်းဆီးခံခဲ့ရပါသည်။ ယင်းတိုက်ခိုက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေကာ အာမခံနှုန်းထားများ မြင့်တက်စေပြီး အမေရိကန်နှင့် မဟာမိတ် ရေတပ်များကိုပါ တိုက်ရိုက်ထိတွေ့စေခဲ့ပါသည်။ထို့ပြင် ဟူသီများသည် အစ္စရေးနိုင်ငံကိုပါ ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ စစ်ဖက် ဆိုင်ရာအချက်အလက်များအရ ၎င်းတို့သည် အစ္စရေးပိုင်နက်သို့ ဒုံးကျည်နှင့် ဒရုန်း ၃၀၀ နီးပါး ပစ်လွှတ်ခဲ့ကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ် မေလ ၄ ရက်နေ့တွင် ဟူသီများက တဲလ်အဗစ်မြို့ရှိ အစ္စရေး၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သော ဘန်ဂူရီယန်လေဆိပ်အား အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် (hypersonic ballistic missile) ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်လည်ပတ်မှု တစ်နာရီခန့် ရပ်ဆိုင်းခဲ့ရပါသည်။ အဆိုပါဒုံးကျည်ကို အမေရိကန်နှင့် အစ္စရေး၏ ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ မေလ ၁၄ ရက်နေ့တွင်လည်း အလားတူ လေဆိပ်ကိုပင် ၂၄ နာရီအတွင်း နှစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ ဒုတိယအကြိမ် ဒုံးကျည်ကိုမူ အစ္စရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဟူသီများသည် အစ္စရေးမြောက်ပိုင်း ဟိုင်ဖာမြို့အနီးသို့ အသံထက်မြန်သော ဒုံးကျည်ဖြင့် ပထမဆုံးအကြိမ် ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး အစ္စရေးစစ်တပ်ကလည်း ဒုံးကျည်အား ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း အတည်ပြုပြောကြားထားပါသည်။
ထို့ပြင် ဟူသီများသည် အမေရိကန်၏ စစ်ဆင်ရေးများကိုတန်ပြန်ရန် ဝေဟင်ပစ် စွမ်းရည်ကိုလည်း ပြသခဲ့ပါသည်။ ၎င်းတို့သည် ယီမင်နိုင်ငံအထက်တွင် ပျံသန်းနေသော အမေရိကန် MQ-9 Reaper ဒရုန်းများကို ပစ်ချနိုင်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အနည်းဆုံး ၂၆ စင်း ပစ်ချခဲ့သည်ဟု သိရပါသည်။ ထိုသို့ ပစ်ချရာတွင် အီရန်လုပ် 358 ဝေဟင်ပစ်ဒုံးကျည်များ သုံးစွဲခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြပါသည်။
အာဖရိက ချဲ့ထွင်မှု
ဟူသီသူပုန်များ၏ အာဖရိကချဲ့ထွင်မှုသည် ၎င်းတို့အား ဒေသတွင်း သူပုန်အဖွဲ့ အဖြစ်မှ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြောင်းလဲလာခြင်းကို ပြသနေပါသည်။ ယီမင်ပြည်တွင်း၌ ဖိအားများတိုးလာခြင်းကြောင့် ဟူသီများသည် တောင်ဘက်အာဖရိက ဦးချိုဒေသသို့ လှည့်လည်ကာ ချဲ့ထွင်မှုများ ပြုလုပ်လာခြင်းဖြစ်ပါသည်။ ၎င်းတို့၏ မဟာဗျူဟာမှာ အခွင့်ကောင်းကို ရယူလိုခြင်းဖြစ်ပြီး ဘာသာရေးအယူဝါဒရေး မဟာမိတ်ဖွဲ့ခြင်း မဟုတ်ပေ။
ဟူသီများ၏ အထင်ရှားဆုံးချဲ့ထွင်မှုမှာ ဆိုမာလီယာအခြေစိုက် အယ်လ်ကိုင်ဒါ ဆက်နွယ်အဖွဲ့ဖြစ်သော အယ်လ်ရှာဘာ့ခ်နှင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်ပါသည်။ ၎င်းတို့နှစ်ဖွဲ့သည် ရှီအာနှင့် ဆွန်နီ အယူဝါဒအရ ကွဲပြားသော်လည်း လက်တွေ့ကျသော အကျိုးအမြတ်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုလသမဂ္ဂ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဇူလိုင်နှင့် စက်တင်ဘာလများတွင် ဆိုမာလီယာ၌ အစည်းအဝေးများ ကျင်းပ ခဲ့ပြီး ဟူသီများက အဆင့်မြင့်လက်နက်များနှင့် နည်းပညာအကူအညီများ ထောက်ပံ့ရန် သဘောတူညီခဲ့ကြပါသည်။ ယင်းတွင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) များ၊ ဝေဟင်ပစ် ဒုံးကျည်များ၊ ဖောက်ခွဲရေးပစ္စည်းများ ပါဝင်ပါသည်။ ဟူသီအင်ဂျင်နီယာများသည် အယ်လ်ရှာဘာ့ခ်ထံသို့ သွားရောက်ကာ အဆင့်မြင့်လက်နက်နှင့် ဗုံးများပြုလုပ်နည်းကိုပါ သင်ကြားပေးခဲ့သည်။ ဤမဟာမိတ်ဖွဲ့မှုသည် "ငွေကြေးအတွက် လက်နက်" ဟူသော ပုံစံမျိုးဖြစ်ပါသည်။ အယ်လ်ရှာဘာ့ခ်သည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၀၀ အထက် ဝင်ငွေရှိပြီး လက်နက်များ ဝယ်ယူရန် ငွေကြေးတတ်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် အယ်လ်ရှာဘာ့ခ်သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်တွင် ပင်လယ်ဓားပြလုပ်ငန်းများ ပြန်လည်အသက်သွင်းရန် ကတိပြုခဲ့ပြီး ဖမ်းဆီးရမိသော သင်္ဘောများမှ ရွေးနုတ်ဖိုးငွေများ ရယူရန် ဆောင်ရွက်ခဲ့ပါသည်။ ဟူသီ-အယ်လ် ရှာဘာ့ခ် မဟာမိတ် ဖွဲ့မှုကြောင့် ဆိုမာလီယာကမ်းလွန်တွင် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော ပင်လယ်ဓားပြ လုပ်ငန်းများ ပြန်လည် ရှင်သန်လာခဲ့သည်။
ဟူသီတို့သည် ဆိုမာလီယာအပြင် အခြားသော အာဖရိကဦးချိုနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား၊ အီရီထရီးယား၊ ဂျီဘူတီတို့တွင်ပါ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန်ကြိုးပမ်းမှုများ ရှိနေပါသည်။ ဟူသီများသည် နိုင်ငံစုံတွင် နေထိုင်သော အာဖာလူမျိုးစုအား အဓိကထား စုဆောင်းလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ပေါ်လာသော အီရီထရီး ယားနိုင်ငံသားတစ်ဦး၏ ထွက်ဆိုချက်အရ ဟူသီများသည် အာဖာလူမျိုးစုဝင်များအား ယီမင်နိုင်ငံသို့ ခေါ်ဆောင်ကာ စစ်ရေးလေ့ကျင့်သင်ကြားပေးပြီး ၎င်းတို့၏ အယူဝါဒကို သွတ်သွင်းခဲ့သည်။ အဆိုပါအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဖာလူမျိုးစုမှ ကလေးငယ်များကိုပါ ယီမင်သို့ ခေါ်ဆောင်ကာ ဘာသာရေးအယူဝါဒ ပြောင်းလဲသွတ်သွင်း ရန် ကမ်းလှမ်းခဲ့သည်ဟု သိရပါသည်။
ထိုထွက်ဆိုချက်များအရ အီရန်နိုင်ငံသည် အီရီထရီးယား၊ အီသီယိုးပီးယားနှင့် ဂျီဘူတီနိုင်ငံများမှ အာဖာဒေသအား လွတ်လပ်ရေးရယူရန် ကူညီမည်ဟု ကတိပြုထားပြီး ဟစ်ဇ်ဘိုလာနှင့် ဟူသီများကို ထောက်ပံ့သကဲ့သို့ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများ ပေးအပ်ရန် စီစဉ်ထားပါသည်။ ထိုချဲ့ထွင်မှုများသည် အာဖရိကဦးချိုဒေသ၏ တည်ငြိမ်ရေး အတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပါသည်။ နိုင်ငံတကာရေကြောင်း ကင်းလှည့်မှုများ ရှိနေသော်လည်း ဟူသီများ၏ ကျယ်ပြန့်လာသော ဩဇာလွှမ်းမိုးမှုနှင့် ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ တန်ပြန် ရန်မှာ စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်လာပါသည်။
နိုင်ငံတကာ၏ ရပ်တည်ချက်
အမေရိကန်ပြည်ထောင်စုသည် ၂၀၂၅ ခုနှစ်မတ်လ ၄ ရက်တွင် အန်ဆာရာလာဟု တရားဝင်အမည်ရှိသော ဟူသီတို့အား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း (FTO) အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါသည်။ အကြောင်းပြချက်မှာ ဟူသီများ၏ လုပ်ဆောင်ချက်များသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် အရပ်သားများနှင့် စစ်သည်များ၏ လုံခြုံရေး၊ ဒေသတွင်းမဟာမိတ်များ၏ ဘေးကင်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှု တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်နေသောကြောင့်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်မှစတင်၍ ဟူသီများသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းရှိ ကုန်တင်သင်္ဘောများ၊ အမေရိကန်နှင့် မဟာမိတ်စစ်သင်္ဘောများကို အကြိမ်ပေါင်း ရာချီ၍ တိုက်ခိုက်ခဲ့ပါသည်။
အမေရိကန်၏ FTO သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်ခဲ့သော အမှုဆောင်အမိန့် (Executive Order 14175) ကို အကောင်အထည် ဖော်ခြင်းဖြစ်ပြီး ၎င်း၏ရာထူးတာဝန်ယူချိန်မှစ၍ ပထမဆုံးကတိကဝတ် တစ်ခုကို ဖြည့်ဆည်းလိုက်ခြင်းလည်းဖြစ်ပါသည်။
အဆိုပါ FTO ၏ ဥပဒေသက်ရောက်မှုများအနေဖြင့် မည်သူမဆို ဟူသီတို့ကို ငွေကြေး၊ လက်နက်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ လေ့ကျင့်မှု စသည် တို့ကို ပေးအပ်ခြင်းသည် ပြစ်မှုကျူးလွန်ရာရောက်ပြီး၊ ဒဏ်ခတ်အရေးယူခံရမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံအသီးသီးရှိ ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် FTO နှင့် ဆက်စပ်နေသောငွေကြေး များကို ထုတ်မပေးဘဲ ထိန်းချုပ်ထားရမည်ဖြစ်ပြီး ယင်းသို့မပြုလုပ်ပါက ပြစ်ဒဏ်ခံရမည်ဖြစ် ပါသည်။ ထို့ပြစ်မှုကျူးလွန်သူများ၏ အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များ အမေရိကန် ဝင်ရောက်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ ထို့ပြင် ဟူသီတို့၏ ဘဏ္ဍာရေးယန္တရားများကို အနှောက် အယှက်ဖြစ်စေမည့်သတင်းအချက်အလက်များ ရရှိနိုင်ပါက ဒေါ်လာ ၁၅ သန်း ဆုကြေးငွေအတွက် အမေရိကန်က ကမ်းလှမ်းခဲ့ပါသည်။ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ မလေးရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် ယီမင်အစိုးရတို့ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားကြပါသည်။
အမေရိကန်၏ စစ်ရေးဆောင်ရွက်မှု
အမေရိကန်သည် ၂၀၂၅ ခုနှစ် မတ်လမှ မေလအထိ ဟူသီတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် "အော်ပရေးရှင်း ရတ်ရိုက်ဒါ" (Operation Rough Rider) ကို ဆင်နွှဲခဲ့ပြီး အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပါသည်။
သို့ရာတွင် ထိုသဘောတူညီချက်သည် အမေရိကန်စစ်သင်္ဘောများကို ကာကွယ်ပေးခဲ့သော်လည်း ကုန်သင်္ဘောများနှင့် အစ္စရေးကိုပစ်မှတ်ထားခြင်းကိုမူ တားမြစ်နိုင်ခြင်း မရှိချေ။ . ထို့ကြောင့် ဟူသီများသည်ကုန်သင်္ဘောများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်ဇူလိုင်လတွင် ဂရိပိုင်သင်္ဘောနှစ်စင်း MV Magic Seas နှင့် MV Eternity C ကိုတိုက်ခိုက်ရာ သင်္ဘောသား၄ ဦး သေဆုံးခဲ့သည် စက်တင်ဘာလတွင် ဒတ်ခ်ျကုန်တင် သင်္ဘော MV Minervagracht ကိုတိုက်ခိုက်ရာလည်း သင်္ဘောသား ၁ ဦး သေဆုံးခဲ့ ပါသည်။
ထို့ကြောင့် အစ္စရေးနှင့် ဟားမက်တို့အကြား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက် တွင်ပိုမိုခိုင်မာသော အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဟူသီများသည်ကုန်သင်္ဘောများကို တိုက်ခိုက်ခြင်းကို ထပ်မံရပ်ဆိုင်းခဲ့ပါသည်။ သို့သော် ဟူသီများသည်လက်နက်ခဲယမ်း အလုံအလောက်သိုလှောင်ထားဆဲဖြစ်ပြီး အီရန်ကလည်း ဆက်လက်ထောက်ပံ့နေသဖြင့် မည်သည့်အချိန်တွင်မဆို တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း
ဟူသီသူပုန်များ အခြေစိုက်ရာ ယီမင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူသားချင်းစာနာမှု ဆိုင်ရာအကျပ်အတည်း အဆိုးရွားဆုံး နိုင်ငံဖြစ်နေပါသည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ယီမင်နိုင်ငံသား ၁၉.၅ သန်းခန့် (နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်) သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေပါသည်။ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့် နေသော ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ သိသိသာသာ လျော့နည်းလာမှုတို့၏ အကျိုးဆက်ဖြစ်ပါသည်။
လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ သိသိသာသာ လျော့နည်းလာခြင်းအဓိက အကြောင်းရင်းမှာ အမေရိကန်ပြည်ထောင်စုသည် နှစ်ပေါင်းများစွာ ယီမင်၏ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ ထိုအခြေအနေမျိုး မဟုတ်တော့ပေ။ အခြား အဓိကအလှူရှင်နိုင်ငံများသည်လည်း ဘတ်ဂျက်ငွေများ ဖြတ်တောက်ခြင်းနှင့် ခြိုးခြံချွေ တာရေးမူဝါဒများကြောင့် အကူအညီများ လျှော့ချခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကဲ့သို့ အေဂျင်စီများသည် လူသန်းပေါင်းများစွာအတွက် စားနပ် ရိက္ခာများ ဖြတ်တောက်ရန် သို့မဟုတ် လျှော့ချရန် ဖိအားပေးခံနေရပါသည်။
အချုပ်ဆိုရသော် ဟူသီသူပုန်များသည်ယီမင်နိုင်ငံ၏ ဒေသတွင်း တိုက်ခိုက်ရေး အင်အားစုမျှသာမက ပင်လယ်နီဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နိုင်သော နိုင်ငံဖြတ်ကျော်စစ်ရေးအင်အားစုအဖြစ် ပြောင်းလဲလာခဲ့ပြီးဖြစ်ပါသည်။ အီရန်၏ အဆက်မပြတ်ထောက်ပံ့မှုနှင့် ပြည်တွင်း၌ လက်နက်တပ်ဆင်ထုတ်လုပ်နိုင်မှုတို့သည် ၎င်းတို့အား နိုင်ငံတကာ ၏ ဖိအားပေးမှုများကြားတွင်ပင် ခံနိုင်ရည်ရှိလာစေပါသည်။ အာဖရိကဦးချိုဒေသသို့ ချဲ့ထွင်လာမှုနှင့် ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အနာဂတ်တွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ဖော်ပြနေပါသည်။ ဟူသီများ၏ စစ်ရေးစွမ်းရည် ဆက်လက်မြင့်တက်လာမှုနှင့် ယီမင်ပြည်သူများ၏ ဒုက္ခခံစားနေရမှုတို့ကြား ကွာဟချက်မှာလည်း ကျယ်ပြန့်လာနေပြီး ယင်းကွာဟချက်ကို ပေါင်းကူးရန်မှာ နိုင်ငံတကာအတွက် အဓိကစိန်ခေါ်မှုကြီး တစ်ရပ်အဖြစ် ကျန်ရှိနေဦးမည်ဖြစ်ပါသည်။
