ဟစ်ဇ်ဘိုလာအကြောင်း တစ်စေ့တစ်စောင်း
Posted_Date
Image
Body
ဟစ်ဇ်ဘိုလာသည် လက်ဘနွန်နိုင်ငံအခြေစိုက် ရှီးယား အစ္စလာမ်မစ် နိုင်ငံရေးပါတီဖြစ်သလို လက်နက်ကိုင်အဖွဲ့အစည်းလည်းဖြစ်သည်။ အာရပ်ဘာသာအရ "ဘုရားသခင်၏ ပါတီ ( Party of God) " ဟု အဓိပ္ပာယ်ရသော ထိုအဖွဲ့သည် လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုရေးကဏ္ဍ များတွင် အလွန်ဩဇာညောင်းသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ၁၉၈၂ ခုနှစ် တွင် စတင်တည်ထောင်ခဲ့၍ ယနေ့အထိ ဆယ်စုနှစ် လေးစုနီးပါးကြာမြင့်လာပြီဖြစ်ကာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခများတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
သမိုင်းကြောင်း
ဟစ်ဇ်ဘိုလာအဖွဲ့ကို ၁၉၈၂ ခုနှစ်တွင် လက်ဘနွန် ရှီးယား ဘာသာရေးခေါင်းဆောင်များက စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ရသည့် အကြောင်းရင်းမှာ ၁၉၈၂ ခုနှစ်တွင် အစ္စရေးက လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်ရန်နှင့် ၁၉၇၉ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေး ၏ သြဇာလွှမ်းမိုးမှုအောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) မှ နည်းပြ ၁၅၀၀ ခန့်က လက်ဘနွန်နိုင်ငံသို့ ရောက်ရှိလာပြီး လက်ဘနွန် ရှီးယားအုပ်စုငယ် များကို ဟစ်ဇ်ဘိုလာအဖြစ် စုစည်းပေးခဲ့ပါသည်။
ဟစ်ဇ်ဘိုလာအဖွဲ့ စစ်ရေးအရစတင်ပေါ်ပေါက်လာခြင်း အထိမ်းအမှတ်နေ့အဖြစ် ၁၉၈၂ ခုနှစ် ဇွန်လ ၈ ရက်ကို သတ်မှတ်ကြပါသည်။ ထိုနေ့တွင် လက်ဘနွန် ရှီးယားပြည်သူ့စစ်သည် ၅၀ ခန့်က ဘေရွတ်မြို့တောင်ဘက်ရှိ ခါလ်ဒေါင်း (Khalde) အရပ်တွင် အစ္စရေး သံချပ်ကာယာဉ်တန်းကြီးကို ချုံခိုတိုက်ခိုက်ခဲ့ပြီး ဘေရွတ်မြို့သို့ ချီတက်နေသော အစ္စရေးတပ်များကို ခြောက်ရက်ကြာ ချုပ်နှောင် ထားနိုင်ခဲ့ပါသည်။
အင်အားတည်ဆောက်လာခြင်း
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဟစ်ဇ်ဘိုလာသည် အစ္စရေးတပ်များကို တန်ပြန်တိုက်ခိုက်မှု၊ အသေခံဗုံးခွဲတိုက်ခိုက်ခြင်းနှင့် နိုင်ငံခြားစစ်သားများ ဖမ်းဆီးခြင်းစသည့် နည်းဗျူဟာများကို အသုံးပြုခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် ဘေရွတ်မြို့ရှိ အမေရိကန် မရိန်းတပ်စခန်းနှင့် ပြင်သစ် လေထီး တပ်စခန်းများကို ဗုံးခွဲတိုက်ခိုက်မှုတွင် ဟစ်ဇ်ဘိုလာ၏ လက်ချက်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။
၁၉၉၀ ပြည့်နှစ် လက်ဘနွန်ပြည်တွင်းစစ်ပြီးဆုံးချိန်တွင် တာအီဖ် သဘောတူညီချက်အရ ပြည်သူ့စစ်အားလုံး လက်နက်ဖျက်သိမ်းရန် ပါရှိခဲ့သော်လည်း ထိုစဉ်က လက်ဘနွန်ကို ထိန်းချုပ် ထားသည့် ဆီးရီးယားက ဟစ်ဇ်ဘိုလာကို ၎င်း၏ လက်နက်များ ဆက်လက်ထိန်းသိမ်းခွင့်ပြုခဲ့သည်။ ယင်းနောက်ပိုင်း ဟစ်ဇ်ဘိုလာသည် တော်လှန်ရေးအဖွဲ့မှ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းလာခဲ့ပြီး "ဟစ်ဇ်ဘိုလာ၏ လက်ဘနွန်ပြည်တွင်းရေး ဦးတည်ချက်သို့ပြောင်းလဲခြင်း (Lebanonization)" ဟု ခေါ်ဆိုသည့် ဖြစ်စဉ်ကို ကျော်လွှားခဲ့ပါသည်။
ဖွဲ့စည်းပုံနှင့်အင်အား
ဟစ်ဇ်ဘိုလာသည် လက်ဘနွန်နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လျက်ရှိသည်။ ၎င်း၏ နိုင်ငံရေးတောင်ပံဖြစ်သော "သစ္စာခံမှုနှင့် ခုခံမှုအင်အားစု (Loyalty to the Resistance Bloc)" သည် လက်ဘနွန် ပါလီမန်တွင် အမတ်နေရာ ၁၂၈ နေရာအနက် ၁၅ နေရာ (၁၂ ရာခိုင်နှုန်းခန့်) ရရှိထားပါသည်။ ဟစ်ဇ်ဘိုလာသည် နိုင်ငံရေးအရ ဩဇာညောင်းရုံသာမက ကျယ်ပြန့်သော လူမှုဖူလုံရေးကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ကျောင်းများ၊ ဆေးရုံများဖွင့်လှစ်ထားပြီး အယ်လ်-မနာရ် (Al-Manar) ဂြိုဟ်တုရုပ်မြင်သံကြားဌာနကိုလည်း ပိုင်ဆိုင်ထားပါသည်။
စစ်ဖက်ဖွဲ့စည်းပုံနှင့်အင်အား
ဟစ်ဇ်ဘိုလာ၏ စစ်ရေးတောင်ပံကို ဂျီဟတ်ကောင်စီ (Jihad Council) က ဦးဆောင်ပါသည်။ ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်သည်အင်အားနှင့်ပတ်သက်၍ ခန့်မှန်းချက်များ ကွဲပြားနေပါသည်။ ခေါင်းဆောင်ဟောင်း ဟာဆန် နက်စ်ယဲလာ (Hassan Nasrallah) က ၂၀၂၁ ခုနှစ်တွင် စစ်သည် ၁၀၀,၀၀၀ ရှိသည်ဟု ကြေညာခဲ့သလို အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ၏ ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်တွင် အမြဲတမ်းစစ်သား ၂၀,၀၀၀ နှင့် အရန်စစ်သား ၂၅,၀၀၀ ခန့် ရှိသည်ဟု ဆိုထားပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ခန့်မှန်းချက်အရ စစ်သား ၄၀,၀၀၀ နှင့် အရန်စစ်သား ၃၀,၀၀၀ ခန့် ရှိနေနိုင်သည်ဟု CIA ဆိုထားပါသည်။
လက်နက်ခဲယမ်းအင်အားမှာ ဒုံးကျည်နှင့် စွမ်းရည်မြင့် ဒုံးကျည်ပေါင်း ၁၃၀,၀၀၀ ခန့် သိုလှောင်ထားနိုင်သည်ဟု ခန့်မှန်းရပါသည်။ တာတို၊ တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များ ပိုင်ဆိုင်ထားပြီး အစ္စရေးနိုင်ငံအနှံ့အပြားကို ပစ်မှတ်ထားနိုင်စွမ်းရှိလာပါသည်။ ဒရုန်းပေါင်း ၁၀၀၀ ကျော် ပိုင်ဆိုင်ထားပြီး ဆက်လက်ထုတ်လုပ်လျက်ရှိပါသည်။ ၂၀၀၆ ခုနှစ် စစ်ပွဲအတွင်း ဒုံးကျည်ထောင်ပေါင်းများစွာ ပစ်ခတ်နိုင်ခဲ့ပြီး ယခုအခါ ပိုမိုတိကျသော ဒုံးကျည်များလည်း ပိုင်ဆိုင်ထားသည်ဟု ဆိုထားကြပါသည်။ ဟစ်ဇ်ဘိုလာ၏ စစ်အင်အားသည် လက်ဘနွန် အစိုးရတပ်မတော်ထက်ပင် အင်အားကြီးမားသည်ဟု စစ်ဖက်ကျွမ်းကျင်သူများက သုံးသပ်ထားကြပြီး ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး အစိုးရမဟုတ်သော စစ်အင်အားစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါသည်။
မဟာမိတ်များနှင့် ဆက်ဆံရေး
ဟစ်ဇ်ဘိုလာ၏ အဓိက ကျောထောက်နောက်ခံမှာ အီရန်ဖြစ်ပါသည်။ တည်ထောင်စဉ်ကတည်းက အီရန်၏ ဘဏ္ဍာရေး၊ စစ်ရေးနှင့် လက်နက်အကူအညီများကို ရရှိခဲ့ပါသည်။ နှစ်ဖက် စလုံးသည် ရှီးယားအစ္စလာမ်မူဝါဒကို လက်ကိုင်ထားကြပြီး အီရန်၏ ဩဇာခံများဖြင့် ဖွဲ့စည်းထားသော "ခုခံမှု ဝင်ရိုးတန်း (Axis of Resistance)" ၏ အဓိက အဖွဲ့ဝင်လည်းဖြစ်ကြပါသည်။ ၂၀၂၆ ခု နှစ် ဖေဖော်ဝါရီ လတွင် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်သစ် နာအင် ကာဆင် (Naim Qassem) သည် အီရန် အမျိုးသား လုံခြုံရေးကောင်စီအကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) နှင့် တွေ့ဆုံပြီး အစ္စရေးကို ရင်ဆိုင်ရာတွင် အီရန်၏ ဆက်လက် ထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
ဟစ်ဇ်ဘိုလာသည် ဆီးရီးယား ပြည်တွင်းစစ်အတွင်း သမ္မတ ဘာရှားအယ်လ်အာဆက်အစိုးရကို ထောက်ခံခဲ့ပြီး စစ်သွေးကြွများ စေလွှတ်တိုက်ခိုက်ခဲ့ပါသည်။ သို့သော် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လတွင် အာဆက်အစိုးရ ပြုတ်ကျသွားခြင်းသည် ဟစ်ဇ်ဘိုလာအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ရပ် ဖြစ်ခဲ့ရပါသည်။ ယခုအခါ ဆီးရီးယားအစိုးရသစ်သည် အီရန်နှင့် ဟစ်ဇ်ဘိုလာကို ဆန့်ကျင်သော အနေအထားတွင် ရှိနေပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တင်းမာမှုများ ရှိနေပါသည်။
ဟစ်ဇ်ဘိုလာသည် ပါလက်စတိုင်းအုပ်စုများဖြစ်သော ဟားမက်စ် (Hamas) နှင့် ပါလက်စတိုင်း အစ္စလာမစ် ဂျီဟတ်တို့နှင့် နီးကပ်စွာ ဆက်ဆံမှုရှိနေပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် တွင် ဟားမက်စ်၏ အစ္စရေးကို လုပ်ကြံမှုအပြီး နောက်တစ်နေ့မှစ၍ ဟစ်ဇ်ဘိုလာသည် ပါလက်စတိုင်း တို့ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် အစ္စရေးစစ်စခန်းများကို စတင်ပစ်ခတ် ခဲ့ပါသည်။
လတ်တလောအခြေအနေနှင့် စိန်ခေါ်မှုများ
၂၀၂၄ ခုနှစ် စက်တင်ဘာလမှစတင်၍ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပါသည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟစ်ဇ်ဘိုလာ၏ ထိပ်တန်းခေါင်းဆောင်များ ဆက်တိုက် ကျဆုံးခဲ့ရသည်။ ဥပမာ၊ ဆယ်စုနှစ်သုံးစုကြာ ဦးဆောင်ခဲ့သော အထွေထွေအတွင်း ရေးမှူးချုပ် ဟာဆန် နက်စ်ယဲလာ၊ ထိပ်တန်း စစ်ဖက်ခေါင်းဆောင်များဖြစ်သည့် အီဘရာဟင်း အကီလ် အပါအဝင် တပ်မှူးများစွာ ကျဆုံးခဲ့ကြရပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ဘော်ကာ ချိုင့်ဝှမ်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မှူး ဟူစိန်ယာဂီ ကျဆုံးခဲ့ရပါသည်။ ထို့ပြင် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များ အသုံးပြုသော ပေ့ဂျာ (pager) နှင့် စကားပြောစက် (walkie-talkie) ထောင်ပေါင်းများစွာ ပေါက်ကွဲမှုကြောင့် အဖွဲ့၏ ဆက်သွယ်ရေးစနစ် ထိခိုက်ပျက်စီးခဲ့ရပါသည်။
စစ်ရေးအရ အားနည်းလာချိန်တွင် ဟစ်ဇ်ဘိုလာသည် ပြည်တွင်း၌လည်း နိုင်ငံရေးဖိအားများ ရင်ဆိုင်လာရပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဟစ်ဇ်ဘိုလာ အားနည်းလာမှုကြောင့် နှစ်နှစ်ကြာ နိုင်ငံရေးမတည်ငြိမ်မှုကို ကျော်လွှားကာ သမ္မတ ဂျိုးဇက်အောင်း (Joseph Aoun) ကို ရွေးချယ်နိုင်ခဲ့ပါသည်။ ဝန်ကြီးချုပ်သစ် နာဝါဆလမ် (Nawaf Salam) ဦးဆောင်သော အစိုးရသည် အမေရိကန်၏ ဖိအားပေးမှုအောက်တွင် ဟစ်ဇ်ဘိုလာအား လက်နက်ဖျက်သိမ်းရေး အစီအစဉ်ကို ရေးဆွဲရန် တာဝန်ပေးခဲ့ပါသည်။ ကာတေဘ် ပါတီကဲ့သို့သော နိုင်ငံရေးအင်အားစုများက ဟစ်ဇ်ဘိုလာ၏ လုံခြုံရေးနှင့် စစ်ရေးအခြေခံအဆောက်အအုံများကိုဖျက်သိမ်းရန် တောင်းဆိုလာကြပါသည်။
လက်ဘနွန်အစိုးရသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၀၁ အရ ဟစ်ဇ်ဘိုလာ အား လက်နက်ဖျက်သိမ်းရန် ကြိုးပမ်းလျက်ရှိပါသည်။ အမေရိကန်၏ ဖိအားပေးမှုအောက်တွင် ရေးဆွဲထားသော "ဘားရက်အစီအစဉ် (Barrack Plan)" အရ ဟစ်ဇ်ဘိုလာအား လက်နက်ဖျက်သိမ်း ရန်နှင့် ယင်းအစား စီးပွားရေးမက်လုံးများပေးအပ်ရန် ပါရှိပါသည်။ သို့သော် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် နာအင်ကာဆင်က လက်နက်ဖျက်သိမ်းရေးကို ပြတ်ပြတ်သားသား ငြင်းဆန်ထားပြီး ကျူးကျော်မှုနှင့် သိမ်းပိုက်မှုများ ဆက်လက်ရှိနေသရွေ့ ခုခံသွားမည်ဖြစ်ပြီး လက်နက်များ လုံးဝလွှဲအပ်ပေးမည် မဟုတ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့ပါသည်။
ဟစ်ဇ်ဘိုလာသည် ရှီးယားမွတ်စလင်အသိုင်းအဝိုင်းကြားတွင် ဆက်လက်ထောက်ခံမှု ရရှိဆဲဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ခံမှုမှာ ကျဆင်းလျက်ရှိပါသည်။ ၂၀၂၄ ခု နှစ် စစ်တမ်းတစ်ခုအရ လက်ဘနွန် ပြည်သူ ၅၅ ရာခိုင်နှုန်းက ဟစ်ဇ်ဘိုလာကို လုံးဝ ယုံကြည်မှုမရှိ ဟု ဖြေကြားထားပါသည်။ စီးပွားရေးကျပ်တည်းမှုနှင့် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဟစ်ဇ်ဘိုလာအပေါ် မကျေနပ်မှုများ မြင့်တက်လာလျက်ရှိပါသည်။
အနာဂတ် အလားအလာ
ဟစ်ဇ်ဘိုလာသည် လက်ရှိတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။ အားနည်းချက်များအဖြစ် ခေါင်းဆောင်ပိုင်း ဆုံးရှုံးရခြင်း၊ ဆီးရီးယား မဟာမိတ် ဆုံးရှုံးရခြင်း၊ ပြည်တွင်း နိုင်ငံရေးဖိအားများ ရင်ဆိုင်နေရခြင်း၊ အမေရိကန်၏ ဖိအားပေးမှုအောက်တွင် လက်နက်ဖျက်သိမ်းရေး ခြိမ်းခြောက်ခံနေရခြင်းတို့ရှိနေပါသည်။ တစ်ဖက်တွင်လည်း အားသာချက်များ အဖြစ် စစ်အင်အား ကြီးမားဆဲဖြစ်ပြီး စစ်သည် ၇၀,၀၀၀ ခန့်နှင့် ဒုံးကျည် သောင်းနှင့်ချီ ရှိနေဆဲဖြစ်ပါသည်။ ရှီးယား အသိုင်းအဝိုင်း၏ သစ္စာခံမှု ရရှိထားဆဲဖြစ်သလို အီရန်၏ ဆက်လက်ထောက်ပံ့မှုကိုလည်း ရရှိထားဆဲဖြစ်ပါသည်။
လာမည့်အနာဂတ်တွင် ဟစ်ဇ်ဘိုလာတို့အတွက် ဖြစ်နိုင်ခြေ သုံးရပ်ရှိနေပါသည်။ ပထမအချက်မှာ လက်နက်ဖျက်သိမ်းရေးဖိအားကို ဟစ်ဇ်ဘိုလာက ပြင်းပြင်းထန်ထန် တွန်းလှန်ပါက အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ရကာ ပြည်တွင်းစစ်သစ် ဖြစ်ပွားနိုင်ခြေရှိနေပါသည်။ ဒုတိယအချက်မှာ စီးပွားရေးမက်လုံးများဖြင့် လက်နက်ဖျက်သိမ်းရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်ပါသည်။ တတိယအချက်မှာ လက်ရှိအကျပ်အတည်းကို ကျော်လွှားကာ ဟစ်ဇ်ဘိုလာက မိမိ၏ အင်အားကို ပြန်လည်တည်ဆောက်နိုင်လာပါသည်။
အချုပ်ဆိုရသော် ဟစ်ဇ်ဘိုလာသည် ၁၉၈၂ ခုနှစ် စတင်ပေါ်ပေါက်ချိန်မှစ၍ လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်းကို ပုံဖော်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အီရန်၏ ကျောထောက်နောက်ခံဖြင့် အင်အားကြီးမားသော စစ်အင်အားစုအဖြစ် ကြီးထွားလာခဲ့ပြီး ဒေသတွင်း ပဋိပက္ခများတွင် ပါဝင်လှုပ်ရှားခဲ့ပါသည်။ သို့သော် ၂၀၂၄-၂၀၂၅ ခုနှစ်များအတွင်း ဆက်တိုက် ကြုံတွေ့ခဲ့ရသော စစ်ရေးနှင့် နိုင်ငံရေးထိုးနှက်ချက်များကြောင့် ဟစ်ဇ်ဘိုလာသည် ယခင်ကဲ့သို့ ဩဇာညောင်းမှု မရှိတော့သည့် အခြေအနေသို့ ရောက်ရှိလာသည်။
ဆီးရီးယား မဟာမိတ်ဆုံးရှုံးခြင်း၊ ခေါင်းဆောင်ပိုင်း အစုလိုက်အပြုံလိုက်ကျဆုံးခြင်းနှင့် ပြည်တွင်းနိုင်ငံရေးဖိအားများတိုးလာခြင်းတို့ကြောင့် ၎င်း၏ အနာဂတ်မှာ မရေရာမသေချာအခြေအနေ ဖြစ်နေပါသည်။ လက်ရှိတွင် ပြဿနာမှာ ဟစ်ဇ်ဘိုလာအား လက်နက်ဖျက်သိမ်းရေး ဖြစ်ပါသည်။ အမေရိကန်၏ ဖိအားပေးမှုအောက်တွင် လက်ဘနွန်အစိုးရက လက်နက်ဖျက်သိမ်းရေးအစီအစဉ်ကို ရေးဆွဲထားသော်လည်း ဟစ်ဇ်ဘိုလာက ပြတ်ပြတ်သားသား ငြင်းဆန်ထားပါသည်။ ယင်းအခြေအနေသည် အနာဂတ်တွင် လက်ဘနွန် နိုင်ငံတည်ငြိမ်မှုကို ဆက်လက် စိန်ခေါ်နေဦးမည့်အကြောင်းရင်း တစ်ရပ်ဖြစ်လာမည်ဟု သုံးသပ်ရပါသည်။ ။
ကိုးကားချက်
(၁) The Jerusalem Post. (2026, February 24). Does Hezbollah fear Syria’s new government amid Iran tensions?
(၂) Central News Agency (CNA). (2024, September 24)
(၃) (National News Agency (Lebanon). (2026, February 24). Kataeb warns of Hezbollah’s potential role in regional escalation, demands state control of weapons
(၄) Defa Press. (2026, January 6). Hezbollah Is Ready with 70,000 Fighters and Hundreds of Missiles
(၅) The Canadian Press / Associated Press. (2026, February 24). Lebanese government urges Hezbollah militant group to avoid getting involved if the US strikes Iran
(၆) CGTN. (2026, February 21). Hezbollah commander killed in Israeli airstrikes on E. Lebanon
(၇) Wikipedia. (n.d.). Hezbollah. Retrieved February 27, 2026
(၈) The New York Times. (2025, January 10). Lebanon Turns a Political Page as Hezbollah’s Hold Is Weakened
(၉) Middle East Eye. (2025, September 9). Lebanon: What will it take to disarm Hezbollah? New Age BD / AFP. (2026, February 23). Hezbollah chief thanks Iran for support to face Israel
