ရဲဘော်စိတ် (သို့မဟုတ်) ဝင်္ကပါခရီးကြမ်း လျှောက်လှမ်းကြရာဝယ် . . . . .
Posted_Date
Image
Body
လက်ရှိအချိန်မှာ (၈၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ တိမ်ပင်လယ်ခရီးကြမ်းဇာတ်ကားကတော့ Social Media မှာ ခေတ်စားနေတာတွေ့ရပါတယ်။ ဒီတိမ်ပင်လယ်ခရီးကြမ်း ဇာတ်ကားဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတိုက်ပွဲကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းမှာ နောင်ချိုဒေသကို ပြန်လည်သိမ်းပိုက် ရရှိနိုင်သည်အထိ အဓိကကျခဲ့တဲ့ တောင်ခမ်းဒေသက တိုက်ပွဲဝင်တပ်များရဲ့ တိုက်ပွဲများကို ဇာတ်လမ်း/ ဇာတ်ကွက်များ၊ ဒရာမာဆန်တဲ့ ပြကွက်များနဲ့ စိတ်ဓာတ်တက်ကြွဖွယ်၊ လွမ်းမောဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ တပ်မတော်
ရဲ့ မျက်မှောက်ကာလတိုက်ပွဲများစွာထဲက ကြီးမားတဲ့ တိုက်ပွဲအလှည့်အပြောင်းကိုဖြစ်ပေါ်စေခဲ့တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် “အမိမြေမှ သားကောင်းများ” ဇာတ်ကားကဲ့သို့ပင် သမိုင်းဝင်အောင်ပွဲ၊ သမိုင်းတင်ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် “တိမ်ပင်လယ်ခရီးကြမ်း” ဖြစ်ရပ်မှန်ဇာတ်လမ်းက ဖော်ဆောင်နေတာကြောင့် ယနေ့ Social Media မှာ ခေတ်စားနေတာလည်းဖြစ်ပါတယ်။
ဒီတိမ်ပင်လယ်ခရီးကြမ်းဆိုတဲ့ ဇာတ်ကားမှာ အခြေခံထားတဲ့ တောင်ခမ်းတိုက်ပွဲဖြစ်စဉ်ဟာ တကယ်တော့ မိမိတို့တပ်မတော်ဖြတ်သန်း လျှောက်လှမ်းခဲ့ရတဲ့ ဝင်္ကပါခရီးကြမ်းကြီးထဲက ခြေလှမ်းတစ်လှမ်းမျှသာဖြစ်ပါသေးတယ်။ မြန်မာ့တပ်မတော်ဟာ သမိုင်းစဉ်ဆက်ကာလ တစ်လျှောက်လုံး ပြည်သူတို့ရဲ့လိုအပ်ချက်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်၊ ခေတ်စနစ်ရဲ့လိုအပ်ချက်ဆိုတဲ့ သမိုင်းပေးတာဝန်ကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့သမိုင်းကိုပြောတဲ့အခါ၊ ရေးတဲ့အခါတိုင်း တပ်မတော်ရဲ့သမိုင်းက ဒွန်တွဲပါလာမြဲပါ။ နိုင်ငံတော်ရဲ့သမိုင်းသည် တပ်မတော်ရဲ့သမိုင်းဖြစ်သည်မှာ ခေတ်ကာလသမိုင်းကြေးမုံပြင်ထဲက ပုံရိပ်စစ်၊ ပုံရိပ်မှန်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်လျှောက်လှမ်းရတဲ့ခရီးဟာ ခက်ခဲတဲ့ခရီးကြမ်းဖြစ်ခဲ့သလို ခေတ်ကာလအခြေအနေတွေအရ ဝင်္ကပါလို ကောက်ကွေ့သွယ်ဝိုက်နေရတဲ့ ခရီးလမ်းတွေကြုံခဲ့ရပါတယ်။ ကိုလိုနီလက်ကျန်အုပ်ချုပ်ရေးဝင်္ကပါ၊ အချင်းချင်းအာဏာပြိုင်ဆိုင်တဲ့ နိုင်ငံရေးဝင်္ကပါ၊ ကိုလိုနီခေတ်သွေးခွဲအုပ်ချုပ်မှုက စခဲ့တဲ့ တိုင်းရင်းသားရေးဝင်္ကပါတွေပါပဲ။ တပ်မတော်ရဲ့ဝင်္ကပါခရီးကြမ်းကို ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်း သောင်းကျန်းမှုအရှိန်မြင့်တက်ပြီး ရန်ကုန်အစိုးရလို့ အခေါ်ခံရချိန် တပ်ရင်း ၃ ရင်း၊ ၄ ရင်းဖြင့် နိုင်ငံတော်အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခဲ့ရတာက စပြီး လက်ရှိမျက်မှောက်ကာလမှာတော့ တပ်မတော်အကြီးအကဲများရဲ့ ဦးဆောင်မှုဖြင့် သမားရိုးကျ စစ်ပွဲများကို အဆင့်မီဆင်နွှဲနိုင်စွမ်းရှိတဲ့ ခေတ်မီတပ်မတော်(Standard Army) ဖြစ်တဲ့အထိ တည်ဆောက်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။
ကျွန်တော့်အနေနဲ့ ဆောင်းပါးမှာ တပ်မတော်သမိုင်းကြောင်းကို အကျယ်ချဲ့မရေးတော့ပါဘူး။
အဓိကပြောလိုတာကတော့ တပ်မတော်လျှောက်လှမ်းခဲ့တဲ့ ဝင်္ကပါခရီးကြမ်းကြီးမှာ ခေတ်အဆက်ဆက် တပ်မတော်ကြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့တာဟာ တပ်မတော်သားအားလုံးရဲ့ “ရဲဘော်စိတ်(Esprit de Corps)” ကြောင့်ပဲဖြစ်ပါတယ်။ “ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏။”ဆိုတာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ ရဲဘော်စိတ်ပါပဲ။
တပ်မတော်သားတွေအနေနဲ့ တိုင်းပြည်နဲ့လူမျိုးကိုမချစ်တဲ့ တပ်မတော်သားတစ်ဦးတစ်ယောက်မှ မရှိပါဘူး။ တပ်မတော်သားတိုင်းက နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ကိုယ်စီဆန္ဒပြုဝင်ရောက်လာကြသူများသာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တပ်မတော်ထဲ ဝင်လာ ကြပေမယ့် တပ်မတော်သားအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့အခါ အားလုံးက တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်သွားပါတယ်။ ဆွေရင်းမျိုးရင်းညီရင်း အစ်ကိုမောင်နှမအရင်းများ သဖွယ်ဖြစ်သွားကြတဲ့အထိ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်က လှုံ့ဆော်ပေးလိုက်တာဖြစ်ပါတယ်။ ဒီစိတ်ကို ရဲဘော်စိတ်လို့ သတ်မှတ်နိုင်ပါတယ်။
၁၃-၃-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်း ” အခမ်းအနားမှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ခမ်းခမ်းနားနား ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ခြင်းဟာလည်း ၁၅ နှစ်တာကာလအတွင်း ရဲဘော်စိတ်နဲ့ အနီးကပ်အတူလက်တွဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုအပေါ် ရိုးရှင်းလှတဲ့ စကား၊ ခမ်းနားထည်ဝါတဲ့နှလုံးသားဖြင့် ကမ္ပည်းထိုးမှတ်တမ်းတင်ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။
အခမ်းအနား တက်ရောက်ကြသူအားလုံးကတော့ ဒီဂုဏ်ပြုစကားကြားလိုက်ရတဲ့ အချိန်မှာ ရဲဘော်စိတ် ဆိုတဲ့အသိက တပ်လှန့်လိုက်သည်နဲ့တစ်ပြိုင်နက် ကြက်သီးမွေးညင်း တဖြန်းဖြန်းထသည်အထိ ဖြစ်ခဲ့ရပါတယ်။
ဒီချီးကျူးစကားသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သားတိုင်းကို ပြောကြားတဲ့ စကားလည်းဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေသာမက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားများ၊ ပါရမီဖြည့်ဖက် မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းအားလုံးအတွက် ဖြစ်ပါတယ်။
ကျွန်တော်တို့တပ်မတော်ဟာ ရဲဘော်စိတ်နဲ့ တပ်မတော်ကိုထူထောင်ခဲ့ကြပါတယ်။ ရဲဘော်စိတ်နဲ့ လွတ်လပ်ရေးကို ရယူခဲ့ရပါတယ်။ အဲဒီစိတ်နဲ့ပဲ ပြည်တွင်းသောင်းကျန်းမှုခေတ်ဆိုးကြီးကို ပြည်သူနဲ့ အတူဖြတ်ကျော်ခဲ့ရပါတယ်။ ဒီစိတ်နဲ့ပဲ နိုင်ငံတော်ကို တည်ဆောက်နေပါတယ်။ ဆက်လက်ပြီးဒီရဲဘော်စိတ်နဲ့ပဲ နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရေးသားရင်း ကျွန်တော်တို့တပ်မတော်အနေနဲ့ တိမ်ပင်လယ်ကြီးနဲ့နီးတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတိုက်ပွဲမှာ စစ်သည်တော်တိုင်းရဲ့ ရင်ထဲနှလုံးသားထဲမှာ အစဉ်ကိန်းဝပ်နေတဲ့ ရဲဘော်စိတ်နဲ့ သောင်းကျန်းသူတွေကို အမြစ်ပြတ်ချေမှုန်းသုတ်သင်ရှင်းလင်းခဲ့သလို မြန်မာ့တပ်မတော်လျှောက်လှမ်းခဲ့ရတဲ့ ဝင်္ကပါခရီးကြမ်းမှာ ခြေလှမ်းတိုင်းခြေလှမ်းတိုင်းက ရဲဘော်စိတ်ကို အခြေတည် မြန်မာဆိုတဲ့ရွှေပြည်ကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား ဖော်ပြလိုက် ရပါတယ်။ ။MWD
