သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ
Posted_Date
Image
Body
မြေဩဇာဆိုသည်မှာ သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနှင့် အပင်များရှင်သန်ကြီးထွားရေးအတွက် မြေဆီလွှာတွင် ဓာတုဆိုင်ရာ ပြောင်းလဲမှုဖြစ်စေရန်နှင့် အပင်အာဟာရဓာတ်များကို အခြားနည်းလမ်းတစ်ခုခုဖြင့် ထောက်ပံ့ပေးနိုင်သော ပစ္စည်းများကိုခေါ်ဆိုသည်။ စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာသိပ္ပံပညာရှင်များက မြေဩဇာအမျိုးအစားများအား (က) ဓာတ်မြေဩဇာ(ခ)သဘာဝမြေဩဇာ (ဂ)ဇီဝမြေဩဇာများဟူ၍ သုံးမျိုးခွဲခြားထားသည်။
ဓာတ်မြေဩဇာဆိုသည်မှာ သဘာဝအရပြုလုပ်ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုပြင်စီမံထားသည့် မြေဩဇာများကိုခေါ်ဆိုသည်။ မြန်မာနိုင်ငံတွင် တောင်သူအသုံးများသည့် ဓာတ်မြေဩဇာများမှာ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကို အားပေးသည့် နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်သော ယူရီးယားဓာတ်မြေဩဇာ၊ အမြစ်များကြီးထွားမှုနှင့် ပန်းပွင့်ချိန်ကို လှုံ့ဆော်အားပေးသော ဖော့စဖိတ်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်သော တီစူပါ(Triple Super Phosphate)ဓာတ်မြေဩဇာ၊ ရေနှင့်အာဟာရဓာတ်များ ပို့ဆောင်ပေးခြင်း၊ အပင်၏ဇီဝကမ္မဖြစ်စဉ်များဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် ပိုတက်စီယမ်ဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်သော ပိုတက်ဓာတ်မြေဩဇာ၊ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ်အာဟာရဓာတ် သုံးမျိုးပါဝင်သောကွန်ပေါင်းဓာတ်မြေဩဇာ အချိုးအမျိုးမျိုးနှင့် ရွက်ဖျန်းဓာတ်မြေဩဇာတို့ဖြစ်သည်။
ဇီဝမြေဩဇာဆိုသည်မှာ အပင်များရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများဖြစ်သည့် ဗက်တီးရီးယား၊ မှို စသည်တို့ဖြင့်ပွားများ ထုတ်လုပ်သည့် မြေဩဇာများကိုခေါ်ဆိုသည်။ ဇီဝမြေဩဇာအမျိုးအစားများမှာ ရိုင်ဇိုဘီယမ်၊ စိမ်းပြာရေညှိ၊ အဇိုလာ၊ ထရိုင်ဂိုဒါးမား၊ အီးအမ်၊ ဒိုချက်ကင်နှင့် မိုင်ကိုရိုက်ဇာတို့ဖြစ်သည်။
သဘာဝမြေဩဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့်အပင်တို့၏ ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများ၊ အဏုဇီဝပိုးများ၏အကူအညီဖြင့် ဆွေးမြည့်စေပြီး အပင်များမှ အသင့်စားသုံးနိုင်သည့် အာဟာရဓာတ်များရရှိစေရေးအတွက် ပြုပြင်စီမံ၍ရရှိလာသော ပစ္စည်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ သဘာဝမြေဩဇာများမှာ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ (နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး)နှင့် လယ်ယာစွန့်ပစ်ပစ္စည်းများ(ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ်)များကို ဆွေးမြည့်စေပြီး သဘာဝမြေဩဇာပြုလုပ်ခြင်း၊ မြေဆွေး၊ တီကျစ်စာ၊ သစ်ဆွေးမြေ၊ အရိုးမှုန့်၊ အီးအမ်မြေဆွေး၊ သစ်စိမ်းမြေဩဇာ၊ ဒိုချက်ကင်၊ ငါးအမိုင်နိုအက်စစ်နှင့် ကြံမြှုပ်ချေးတို့ဖြစ်သည်။
သဘာဝမြေဩဇာများသည် ဓာတ်မြေဩဇာများလောက် အာဟာရဓာတ်ပါဝင်မှုမများသော်လည်း မြေဆီလွှာထက်သန်ကောင်းမွန်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သည်။
မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများဖြစ်သည့် မြေသားဖွဲ့စည်းမှုကောင်းစေခြင်း၊ လေဝင်လေထွက်ကောင်းစေခြင်း၊ ရေထိန်းစွမ်းအားကောင်းစေခြင်း၊ အပင်အာဟာရဓာတ် စုပ်ယူနိုင်မှုကောင်းစေခြင်းနှင့်မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ စေးသောမြေကိုဖွယ်စေ၍ဖွယ်သော မြေကိုစေးစေခြင်းနှင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့်ဓာတုဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်လာစေနိုင်သည်။
မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများမှာ
(က) တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ - နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး
(ခ) လယ်ယာကုန်ထုတ်စက်ရုံ ဘေးထွက်ပစ္စည်းများ- လွှစာမှုန့်၊ ကော်ဖီကြိတ်ဖတ်၊ စပါးခွံ
(ဂ) အပင်နှင့် အပင်အကြွင်းအကျန်များ-ကောက်ရိုး၊ ပြောင်းရိုး၊ မြက်၊ မြက်ခြောက်၊ ဗေဒါ
(ဃ) ဇီဝသက်ရှိများ - အီးအမ်၊ ထရိုင်ဂိုဒါးမား(မှို)၊
ဒိုချက်ကင်မြေဆွေးပြုလုပ်ရာတွင် ကောင်းစွာဆွေးမြည့်သောမြေဆွေးကောင်းရရှိရန်အတွက် အဓိကကျသည့်အချက်များရှိသည်။ ၎င်းတို့မှာ အော်ဂဲနစ်ပစ္စည်း၏ ကာဗွန်၊ နိုက်ထရိုဂျင်အချိုး၊ အသုံးပြုမည့်ပစ္စည်း၏ အရွယ်အစား၊ အစိုဓာတ်၊ လေဝင်လေထွက်အခြေအနေ၊ အပူချိန်၊ သင့်တော်သောမြေဆွေးပုံအရွယ်အစားနှင့် အာဟာရဓာတ်ဖြစ်စေသော အခြားပစ္စည်းများ ထည့်သွင်းခြင်းတို့ဖြစ်သည်။ မြေဆွေးပြုလုပ်နည်းများမှာ-
(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း- မြေဆွေးပုံ
(၂) အကျိုးပြုအဏုဇီဝများဖြင့်ပြုလုပ်နည်း - အီးအမ် (Effective microorga-nism)၊ ထရိုင်ဂိုဒါးမား (Trichoderma)၊ ဒိုချက်ကင် (Dochekin)၊
(၃) အဏုဇီဝ အားဖြည့်စာများဖြင့်ပြုလုပ်နည်း (ME: Microbe Enhancer Technology)
- အော်ဂဲနစ်ရှလကာရည်၊ စပါးခွံမီးသွေး၊ ခိုင်တိုစန်၊ စပီရူလိုင်းနားရေညှိ၊
- ကြံမြှုပ်ချေး၊ ငါးအမိုင်နိုအက်စစ်၊ သစ်သီးချဉ်ဖောက်ရည်၊ ကုက္ကိုသီး
(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း(မြေဆွေးပုံ)
(က) အရိပ်ရပြီး ညီညာပြန့်ပြူးသောနေရာ၊ ရေမဝပ်သောနေရာတွင် မြေဆွေးပုံပြုလုပ်ပါ။
(ခ) အော်ဂဲနစ်ပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများကို အလွှာလိုက်စုပါ။
(ဂ) ပထမအလွှာတွင် သီးနှံအကြွင်းအကျန်အရိုး/အရွက်ခြောက်များကို (၈-၁၀) လက်မအထူဖြန့်ခင်း၍ နုန်းမြေ၊ နွားချေးနှင့်ပြာမှုန့်များကို ရေတွင်ခပ်ပျစ်ပျစ်ဖျော်ပြီး ဖျန်းရမည်။
(ဃ) ဒုတိယအလွှာတွင် လတ်ဆတ်သောအစိမ်းရောင်ရှိ အပင်ထွက်ပစ္စည်းများကို (၈-၁၀) လက်မအထူဖြန့်ခင်းရမည်။ (ရေလောင်းရန်မလိုပါ)
(င) တတိယအလွှာတွင် နွားချေး၊ကြက်ချေး၊ ဝက်ချေးများကို (အခြောက်/အစို)ကို မြေကြီး/ သစ်ဆွေးများနှင့်ရော၍ (၂-၄)လက်မအထိရအောင်ဖြန့်ရမည်။ တိရစ္ဆာန်အညစ်အကြေး ရရှိနိုင်မှုနည်းပါက ရေနှင့်ဖျော်၍(၁/၂)လက်မရရှိအောင်ဖျန်းရမည်။
(စ) အလွှာများကိုတစ်လွှာခြင်း အမြင့် ၃ ပေ (သို့) ၄ ပေရရှိသည်အထိစုပုံပါ။ မြေဆွေးပုံရာတွင် အလယ်ပိုင်းကပိုထူပြီး အဖျားပိုင်းများက အနည်းငယ်စီနိမ့်၍ လိပ်ပုံသဏ္ဌာန်စုပုံပါ။ မြေဆွေးပုံအမြင့်သည် ၄ ပေခွဲကျော်သွားပါက အောက်ဆုံးအလွှာရှိ အဏုဇီဝများမှာ ကောင်းစွာအလုပ်မလုပ်နိုင်သဖြင့် ဆွေးမြည့်မှုနောက်ကျမည်ဖြစ်သည်။
(ဆ) မြေဆွေးပုံအတွင်း လေဝင်လေထွက်ကောင်းစေရန် ဒေါင်လိုက်(သို့) ဝါးတုတ်များထိုးစိုက်ပါ။
(ဇ) မြေဆွေးပုံအား ပလတ်စတစ် (သို့)ရွှံ့စေးဖြင့်ဖုံးအုပ်ပါ။ မြေဆွေးပုံမပျက်စီးစေရန် အောက်ခြေတွင် ကျောက်တုံးများစီခြင်း/ အကာအရံပြုလုပ်ပါ။
(ဈ) မြေဆွေးပုံ အလယ်သားများ ဆွေးမြည့်လာပါက အပုံကိုအထက်အောက်လှန်ပေးပြီး ရေအနည်းငယ်ဖျန်းပေးရန်လိုအပ်သည်။ သို့မှသာ အပုံရှိမြေဆွေးအားလုံး စိုထိုင်းစေမည်ဖြစ်သည်။
(ည) ဆွေးမြည့်ပြီး မြေဆွေးပုံသည် ယခင်မြေဆွေးပုံအမြင့်၏ ထက်ဝက်ခန့်သာရှိမည်ဖြစ်သည်။ အတွင်းသားအရောင်မှာ ညိုမည်းနက်မှောင်နေပြီး အနံ့လည်း ကောင်းမွန်လာမည် ဖြစ်သည်။
MWD
