ဓာတ်မတည့်ခြင်း(Allergy)
Posted_Date
Image
Body
ဓာတ်မတည့်ခြင်းက လူငါးဦးတွင် အနည်းဆုံးတစ်ဦး ထိခိုက်စေသည်။ မိသားစုထဲမှတစ်ဦးဦးတွင် အစားအစာဓာတ်မတည့်ခြင်း၊ ရာသီအလိုက်ဓာတ်မတည့်ခြင်း သို့မဟုတ် တခြားဓာတ်မတည့်မှုပုံစံတချို့လည်းရှိနိုင်သည်။ ဓာတ်မတည့်သူများတွင် ဓာတ်မတည့်သူကို ပို၍ဆိုးရွားစေနိုင်မည့် Antihistamine နှင့် Acetaminophen ကဲ့သို့ ဆေးဝါးများကို မကြာခဏအားကိုးကြရသည်။ တချို့သူများသည် ဓာတ်မတည့်ခြင်းကိုထိန်းချုပ်ရန် တခြားဆေးဝါးများကိုလည်း ရှာဖွေတတ်ကြသည်။ ဆေးဝါးသောက်သုံးခြင်းအပြင် မိမိခံစားနေရသော မည်သည့်ဓာတ်မတည့်မှုမျိုးကိုမဆို တိုက်ဖျက်ရန် သဘာဝဖြည့်စွက်စာများ အသုံးပြုနိုင်သည်။
ဓာတ်မတည့်မှုဖြစ်စေသောအရာ(Allergens)တစ်ခုခုကို ထိတွေ့မိပြီဆိုလျှင် နှာချေခြင်း၊ နှာစေးခြင်း၊ အရေပြားတွင် အနီအပိမ့်ထွက်ခြင်းနှင့် အင်ပျဉ်ကဲ့သို့ဖြစ်ခြင်းမျိုးဖြစ်ကာ တုံ့ပြန်သည်။
ဓာတ်မတည့်မှုကိုတုံ့ပြန်ရန် ခန္ဓာကိုယ်က ဓာတုပစ္စည်းများထုတ်နေသည့် လက္ခဏာများဖြစ်သည်။ အဆိုးဆုံးအနေဖြင့် ဓာတ်မတည့်ခြင်းက သေဆုံးသည်အထိဖြစ်နိုင်သည်။
အတွေ့ရများသောဓာတ်မတည့်မှုများမှာ ဝတ်မှုန်ဓာတ်မတည့်ခြင်း (Hay Fever)၊ အစားဓာတ်မတည့်ခြင်း(Food Allergy)နှင့် အရေပြားဓာတ်မတည့်ခြင်းပြဿနာတို့ဖြစ်သည်။
ဓာတ်မတည့်မှုသည် အဖြစ်များသောကျန်းမာရေးပြဿနာဖြစ်ပြီး သေချာစွာကုသမှုခံယူရန် လိုအပ်သည်။
ဓာတ်မတည့်ခြင်းလက္ခဏာများ
ဓာတ်မတည့်ခြင်းဖြစ်သည့်အခါ ခန္ဓာကိုယ်က Histamine နှင့် Leuko- trienes အပါအဝင် ဓာတုပစ္စည်းများကို ထုတ်လွှတ်သည်။ အဆိုပါဓာတုပစ္စည်းများက အရေပြားကိုထိခိုက်စေသကဲ့သို့ အသက်ရှူလမ်းကြောင်းစနစ်၊ အစာခြေစနစ်နှင့် တခြားသောရောဂါများကို ထိခိုက်စေနိုင်သည်။
ဓာတ်မတည့်မှုဖြစ်သည့်အခါ နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ အရေပြားအဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်သည်။ ဓာတ်မတည့်မှုအမျိုးအစားလိုက်၍ လက္ခဏာများကွာခြားနိုင်သည်။
ဓာတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင်ခြင်းက ဝတ်မှုန်၊တိရစ္ဆာန်အမွေး၊ အညစ်အကြေးနှင့် ဖုန်မှုန့်များကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ နှာချေခြင်း၊ နှာရည်ကျခြင်း၊ နှာစေးခြင်း၊ မျက်လုံးယားယံခြင်း၊ နှာခေါင်းပိတ်ခြင်းမျိုးခံစားရနိုင်သည်။ ရှူရှိုက်မိခြင်းမဟုတ်ဘဲ ထိတွေ့မိသည်ဆိုလျှင် အရေပြားနီမြန်းခြင်း၊ ယားယံခြင်း၊ အရည်ကြည်ဖုထွက်ခြင်းတို့ခံစားရနိုင်သည်။
ပြင်းထန်သည့်ဓာတ်မတည့်မှု၏တုံ့ပြန်မှုအနေဖြင့် မျက်နှာများရောင်ကိုင်းခြင်း၊ လျှာများ၊ နှုတ်ခမ်းများ၊ ခြေလက်များရောင်ရမ်းခြင်း၊အင်ပျဉ်များထွက်ခြင်းနှင့်အသက်ရှူရခက်ခြင်းတို့ ခံစားရနိုင်သည်။ ထိုသို့လက္ခဏာများ ခံစားရမည်ဆိုလျှင် အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်။
ဓာတ်မတည့်မှုဖြစ်စေသော အရာများနှင့် ပထမဆုံးအကြိမ်ထိတွေ့သည့်အခါ ခန္ဓာကိုယ်က ဓာတ်မတည့်သည့် အရာများကိုတုံ့ပြန်ရန် ပဋိပစ္စည်း(IgE)ကို ထုတ်လွှတ်သည့်အခါတွင် ကိုယ်ခံအားဆဲလ်များ၏ တုံ့ပြန်မှုကြောင့် လက္ခဏာများဖြစ်လာပြီး ဓာတ်မတည့်မှုကို ခံစားသိရှိလာသည်။
ဓာတ်မတည့်မှုကိုဖြစ်စေသည့်အရာများမှာ လေထဲမှတစ်ဆင့် လွင့်လာသည်ကများသည်။ ထိုသို့ အသက်ရှူလမ်းကြောင်းသို့ဝင်ရောက်ပြီး နှာချေခြင်း၊ နှာစေးခြင်း၊ နှာရည်ကျခြင်းမျိုးခံစားရနိုင်သည်။ အကယ်၍ ဓာတ်မတည့်စေသည့်အရာက အစာခြေစနစ်ထဲရောက်သွားမည် ဆိုလျှင် အစာခြေစနစ်တွင် ပြဿနာများခံစားရနိုင်သည်။
တချို့သူများတွင် ဓာတ်မတည့်မှုများက ပုံမှန်သုံးနေကျအရာများကြောင့်ဖြစ်တတ်သော်လည်း တချို့သူများမှာ ဓာတ်မတည့်မှုဖြစ်စေသောအရာများက မည်သည့်အရာများဆိုသည်ကို တိတိကျကျမသိရခြင်းမျိုးလည်းရှိသည်။ ဓာတ်မတည့်မှုက မိသားစုမျိုးရိုးမှ ဆင်းသက်လာသည်လည်းဖြစ်နိုင်သည်။ တချို့မှာ မျိုးရိုးမရှိသော်လည်း ဓာတ်မတည့်မှုကို ပြင်းပြင်းထန်ထန်ခံစားရနိုင်သည်။
ဓာတ်မတည့်မှုကိုစစ်ဆေးသိရှိမှု
ဓာတ်မတည့်မှုအမျိုးအစားပေါ် လိုက်ပြီးကွာခြားနိုင်သည်။ ပထမဆုံးအနေဖြင့် ဓာတ်မတည့်မှုဖြစ်သည့်အခါ ဓာတ်မတည့်မှုကြောင့် ခံစားရသည့်လက္ခဏာများကို စစ်ဆေးရသည်။ အဆိုပါလက္ခဏာများကို ကြည့်ကာ မည်သည့်အတွက်ကြောင့် ဓာတ်မတည့်မှုဖြစ်သည် ဆိုသည်ကိုသုံးသပ်သည်။ ထို့ပြင် တိကျသည့်အဖြေရှိရန် ဆရာဝန်နှင့် စစ်ဆေးနိုင်သည်။ စစ်ဆေးသည့်အခါ အရေပြားကို စစ်ဆေးခြင်း(Skin Testing)နှင့် သွေးကိုစစ်ဆေးခြင်း(Specific Ige-Sige)ဆိုပြီးရှိသည်။ အစားဓာတ်မတည့်မှုဆိုလျှင် အစားစားခြင်းမှတစ်ဆင့်စစ်ဆေးရသည်။
ကုသမှုနည်းလမ်းများ
ဓာတ်မတည့်မှုဖြစ်လျှင် များသောအားဖြင့် အနေအထိုင်၊ အစားအသောက် အရာရာဂရုစိုက်ရန်လိုအပ်သည်။ မပြင်းထန်သော ဓာတ်မတည့်မှုများအတွက် Antihistamine များဖြစ်သော ဘာမီတွန်၊ စီထရင်းကဲ့သို့ဆေးဝါးများသောက်ခြင်း၊ ဆားရည်ဖြင့်ဆေးကြောခြင်း၊ နှာခေါင်းထဲအစက်ချခြင်းမျိုးလုပ်ပေး၍ရသည်။ မသက်သာလျှင် လိုအပ်သောကုသမှုများကို ခံယူသင့်သည်။ ဆေးလိမ်းခြင်း၊ ဆေးသောက်ခြင်းတို့ကို ဆရာဝန်နှင့်ပြသမှုခံယူသင့်သည်။ အလွန်ပြင်းထန်လာပါက (Anaphy-laxis Shock)ဝင်လာပါက ဆေးထိုးခြင်း (Steroid Injection)လိုအပ်မည်ဖြစ်သည်။
ဒေသထွက်ပျားရည်
ပျားရည်က အရသာရှိရုံသာမက ရောဂါအမျိုးမျိုးကိုကုသရန် အသုံးပြုနိုင်သောကြောင့် မီးဖိုချောင်၏အဓိက လိုအပ်ချက်တစ်ခုဖြစ်သည်။
ဒေသထွက်ပျားရည်ကို စားသုံးသင့်သည့် အကြောင်းရင်းများစွာရှိသည်။ ကျန်းမာရေးပြဿနာများဖြစ်သော ရောင်ရမ်းမှုကို လျော့ကျခြင်း၊ ဗက်တီးရီးယားပိုး ဆန့်ကျင်ခြင်းနှင့် ဗိုင်းရပ်စ်ပိုးကိုဆန့်ကျင်သည့်ဂုဏ်သတ္တိများပါဝင်သည်။ ထို့ကြောင့် ဒေသထွက်ပျားရည်ကို အသုံးပြုခြင်းက ရာသီအလိုက် ဓာတ်မတည့်ခြင်းကို တိုက်ဖျက်ရန် အကောင်းဆုံး ဖြစ်သည်။ ဒေသထွက်ပျားရည်တစ်ဇွန်းကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ဝတ်မှုန်များအပေါ် မိမိခန္ဓာကိုယ်ခံနိုင်ရည်အား အမှန်တကယ်မြင့်တက်စေနိုင်ပြီး ရာသီဥတုပြောင်းလဲချိန်တွင် မိမိနှာခေါင်းအတွင်း ပိတ်ဆို့မှုမဖြစ်စေရန်ကာကွယ်ပေးသည်။
လက်ဖက်စိမ်း
ဓာတ်မတည့်ခြင်းမှကာကွယ်ရန် အသုံးပြုနိုင်သည့်နောက်ထပ်သဘာဝဖြည့်စွက်စာမှာ လက်ဖက်စိမ်းဖြစ်သည်။ လက်ဖက်စိမ်းတွင်EGCG ပမာဏမြင့်မားစွာပါဝင်ပြီး ဓာတ်မတည့်ခြင်း ဖြစ်ပေါ်စေသည့်(Immunoglobulin E)နှင့် ဟစ္စတမင်း(Histamine) ထုတ်လုပ်မှုကို ထားဆီးပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျိုးအစားတစ်ခုဖြစ်သည်။ တစ်ရက်လျှင် လက်ဖက်စိမ်းလက်ဖက်ရည် လေးခွက်ခန့် သောက်သုံးပေးပါက ခန္ဓာကိုယ်မှ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏမြင့်မားစေပြီး ဓာတ်မတည့်မှုတုံ့ပြန်ခြင်းမှ အကာအကွယ်ရစေနိုင်သည်။
ယူကလစ်ဆီ
ဓာတ်မတည့်မှုအတွက် အဆီများနှင့် မတူညီသည့် သက်ရောက်မှု အားလုံးလေ့လာသည့်အခါ ယူကလစ်ဆီက ဝင်ရောက်မှုနှုန်းအမြင့်ဆုံးတွင် ပါဝင်သည်ဟုဆိုသည်။ အဆီများက ခန္ဓာကိုယ်တွင်ရှိနေသည့်ဗိုင်းရပ်စ်ပိုး သို့မဟုတ် ဗက်တီးရီးယားပိုး ဝင်သောကြောင့်ဖြစ်ပေါ်လာသည့် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်စွမ်းရှိသည်။ ယူကလစ်ဆီနှင့်အနံ့ကိုရယူရန် ယူကလစ်ဆီကို ဓာတ်ငွေ့ဖြန့်ဝေခြင်း၊ မိမိအဝတ်အစားမွှေးကြိုင်စေရန် အဝတ်လျှော်သည့်အခါ ထည့်လျှော်ခြင်း သို့မဟုတ် ခေါင်းသန့်ရှင်းရေးအတွက်လည်း အသုံးပြုနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ဆိုးရွားသောဓာတ်မတည့်ခြင်း(Anaphy-laxis shock)အတွက် အချိန်မီ စတီးရွိုက်ထိုးဆေး(Injection steroid)ပေးမှသာ အသက်ချမ်းသာရာရသည်။ လူတချို့သည် ပင်နီဆီလင်၊ ဘားပလက်၊ ဆာလဖာတို့နှင့် မတည့်တတ်ကြပါ။ ထို့ကြောင့် ဆေးကိုမစမ်းသပ်ဘဲ ထိုးနှံခြင်း၊ ဆေးသောက်ခြင်းပြုသည့်အခါ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အသက်ရှူရခက်ခဲလာခြင်းမှသည် အသက်အန္တရာယ် ဖြစ်လာနိုင်သည့်အခါ ဆရာဝန်နှင့်ပြသပြီး ပြုစုစောင့်ရှောက်မှုပြုလုပ်သင့်သည်။ ဓာတ်မတည့်သည့် ပစ္စည်းများ၊ ဆေးဝါးများကို စာအုပ်ဖြင့် မှတ်ထားသင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
MWD
