ပူပြင်းသောနွေရာသီတွင် အပူဒဏ်မှသက်သာစေမည့်နည်းလမ်းများ

Posted_Date

Image

ပူပြင်းသောနွေရာသီတွင် အပူဒဏ်မှသက်သာစေမည့်နည်းလမ်းများ

Body

ပူပြင်းသောနွေရာသီတွင် အပူဒဏ်မှသက်သာစေမည့်နည်းလမ်းများ

ပူပြင်းသောရာသီဥတုနှင့်  အပူလှိုင်းများအတွင်း  လူအများစုသည် ပုံမှန်ထက်ပြင်းထန်စွာဖျားနာခြင်း   သို့မဟုတ်  ကျန်းမာရေးဆိုင်ရာအန္တရာယ်များနှင့် သေဆုံးခြင်းများဖြစ်ပွားလေ့ရှိသည်။   ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် အပူချိန်များဆက်လက်မြင့်တက် လာသည်နှင့်အမျှ ပူပြင်းသောရာသီဥတုတွင် အေးမြအောင်နေထိုင်ပြီးအပူဒဏ်ကိုကျော်လွှားရန် အရေးကြီးသည်။ ယခုနွေရာသီတွင် မည်သူ မဆို ကျန်းမာရေးမထိခိုက်စေရန်နှင့် အပူဒဏ်မှသက်သာစေရန် အေးမြ အောင်နေထိုင်ရမည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့မှုကို သတိထားရှောင်ကြဉ်ခြင်း

တစ်နေ့တာ၏အပူဆုံးအချိန်များတွင် အပူဒဏ် သို့မဟုတ် အပူလျှပ် ခြင်းကိုရှောင်ရှားရန် အပြင်မထွက်ဘဲ အိမ်တွင်း၌နေထိုင်ခြင်း သို့မဟုတ် အရိပ်ရသောနေရာ၌  ပုံမှန်အနားယူခြင်းက  အကောင်းဆုံးဖြစ်သည်။ အလုပ်အများဆုံးအချိန်များ (နံနက် ၁၀ နာရီမှ ညနေ ၄  နာရီအထိ) အတွင်း နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ပါ။ တစ်ခါ တစ်ရံ ရှောင်လွှဲ၍မရပါက နေရောင်ခြည်နှင့် ထိတွေ့မှုကို ရှောင်ကြဉ် ရန် နေရောင်ကာခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပါ။ ပေါ့ပေါ့ပါးပါးနှင့် အရောင်ဖျော့ဖျော့ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။ လေဝင် လေထွက်ကောင်းစေသော  ပွပွချောင်ချောင်ချည်ထည်အဝတ်အစား များဝတ်ဆင်ခြင်းဖြင့် နွေရာသီ၏အပူဒဏ်ကို သဘာဝအတိုင်းကျော်လွှား ရန်ပြင်ဆင်ပါ။

တစ်နေ့လုံး ရေများများသောက်ခြင်း

ပူပြင်းသောရာသီဥတုတွင်   ရေများများသောက်ရန်   အရေးကြီး သည်။  တစ်နေ့လုံး ချွေးထွက်များပြီး   ရေဓာတ်ခန်းခြောက်ခြင်းကို

ရှောင်ရှားရန်အတွက်   ဆုံးရှုံးသွားသောအရည်များကို   အစားထိုးရန် လိုအပ်သည်။ ဆုံးရှုံးသွားသောဆား၊ သကြားနှင့်အရည်များကို ပြန်လည် ဖြည့်တင်းရန် အားကစားဖျော်ရည် (Isotonic sport drinks)  ကို သောက်သုံးနိုင်သည်။ အပူဒဏ်ကိုခံနိုင်ရည်ရှိရန် လက်ဖက်ရည်၊ ကော်ဖီ အပါအဝင် ကဖင်းဓာတ်ပါသောဖျော်ရည်များကို ရှောင်ကြဉ်ပြီး ရေကိုစွဲစွဲမြဲမြဲသောက်သုံးခြင်းက အကောင်းဆုံးဖြစ်သည်။ ရေဓာတ်ခန်းခြောက် ခြင်းလက္ခဏာများဖြစ်သော ပါးစပ်ခြောက်ခြင်း၊ မူးဝေခြင်း  သို့မဟုတ်  ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ကို ကုသမှုမခံယူပါက အပူဒဏ် ကြောင့် ရေဓာတ်ခန်းခြောက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း ဖြစ်စေနိုင် သည်။ ရေငတ်ခြင်းမခံစားရမီတွင်ပင် အရည်များကို မကြာခဏသောက် ရန်လိုအပ်သည်။ အုန်းရည်၊ သံပရာရည် သို့မဟုတ် သံပရိုရည်များသည် Electrolyte မျှခြေကိုထိန်းသိမ်းရန် အထောက်အကူပြုသည်။

ရေဓာတ်များသောအစားအစာများကို စားသုံးခြင်း

ရေဓာတ်ပြည့်ဝစေသော နောက်ထပ်နည်းလမ်းတစ်ခုမှာ ရေဓာတ်ပါဝင်မှုမြင့်မားသောအစားအစာများကို စားသုံးခြင်းဖြစ်သည်။ ရေဓာတ် ပါဝင်မှုမြင့်မားသောအစားအစာများတွင် ဖရဲသီး၊ ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊  စတော်ဘယ်ရီသီးနှင့်  မက်မွန်သီးကဲ့သို့သော  သစ်သီးများ 

နှင့် အုန်းရည်တို့ပါဝင်သည်။ ခရမ်းချဉ်သီး၊ သခွားသီး၊  ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊  တရုတ်နံနံနှင့်  ဘရိုကိုလီကဲ့သို့  ဟင်းသီးဟင်းရွက်များသည်လည်း  နွေရာသီတွင် ရေဓာတ်ပြည့်ဝပြီး  အေးမြနေစေရန် ကူညီပေးပါလိမ့်မည်။ ရေဓာတ်ပမာဏကို မြှင့်တင်ပေးသည့် စွပ်ပြုတ် များကဲ့သို့ အရည်ဓာတ်ပါဝင်မှုမြင့်မားသောအစားအစာများကိုလည်းစားသုံးနိုင်သည်။

ကဖင်းစားသုံးမှုကိုကန့်သတ်ခြင်း

ကဖင်းဓာတ်သည် ဆီးသွားခြင်းကိုအထောက်အကူပြုခြင်းဖြင့် ဆီး ပိုမိုသွားစေပြီး ရေဓာတ်ဆုံးရှုံးစေနိုင်သောကြောင့် ကဖင်းဓာတ်စားသုံးမှု ကို ကန့်သတ်သင့်သည်။

အရက်သောက်သုံးမှုကို ကန့်သတ်ခြင်း

အရက်သည် ခန္ဓာကိုယ်၏ဆီးသွားမှုကိုထိန်းချုပ်သော ဟော်မုန်းထုတ်လုပ်မှုကိုလျော့နည်းစေခြင်းကြောင့်    ပိုမိုဆီးသွားစေနိုင်သည်။

ထို့ပြင် အရက်သည် ခန္ဓာကိုယ်တွင် သွေးကြောများကို  ကျယ်စေခြင်းကြောင့် အပူထုတ်လွှတ်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိသည့်ယန္တရား များကို  လွဲမှားစေနိုင်သည်။  ထို့ကြောင့် အရက်အလွန်အကျွံသောက်ခြင်းသည် ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်သည်။

ရေဓာတ်ဆုံးရှုံးမှုဖြစ်စေသောအစားအစာများကို ရှောင်ကြဉ်ခြင်း

အစာခြေစနစ်က ခန္ဓာကိုယ်ကိုအလုပ်လုပ်စေပြီး အပူထုတ်ပေးနိုင် ခြင်းကြောင့် ပူပြင်းသောအခါတွင် အလွယ်တကူချေဖျက်နိုင်ပြီး မျှတ သောပုံမှန်အစားအစာများကို စားသုံးခြင်းကပိုကောင်းသည်။

တစ်နေ့တာလှုပ်ရှားမှုများကို ကန့်သတ်ခြင်း

ပူပြင်းသောရာသီဥတုတွင် လှုပ်ရှားမှုများကို အပူဆုံးအချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိရှောင်ရှားပြီး တစ်နေ့တာ၏အေးမြ သောအချိန်များဖြစ်သည့် နေ့လယ်ခင်းနှောင်းပိုင်း၊ ညနေခင်း၊ ညဘက် သို့မဟုတ်  နံနက်စောစောအချိန်များတွင်  ရွှေ့ပြောင်းပြုလုပ်ပါ။   ပိုမိုပူပြင်းစေသောလေ့ကျင့်ခန်း သို့မဟုတ် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ လေ့ကျင့်ခန်း သို့မဟုတ် အားကစားလုပ်ပြီးပါက ခန္ဓာကိုယ်အေးမြ စေရန် ရေများများသောက်ပြီး အပိုဖိအားများမဖြစ်စေရန်  ပုံမှန်ထက် အနားယူချိန်ပိုထားပါ။

အိမ်ကို အေးမြအောင်ထားခြင်း

ပူပြင်းသောရာသီဥတုတွင်   အိမ်ကိုအပူဒဏ်က  လွတ်မြောက်နိုင် သော နေရာတစ်ခုဖြစ်အောင် ပြင်ဆင်ရန်လိုအပ်သည်။ နွေရာသီအပူ ချိန်သည်  အပူလှိုင်းအဆင့်ကို   ရောက်ရှိလာသောအခါ  ထင်ထားသည် ထက်ပိုသောစိန်ခေါ်မှုများရှိလာနိုင်သည်။ အထပ်မြင့်အဆောက်အအုံ နှင့် မြို့ပြဒေသတွင်နေထိုင်သူများသည် အိမ်ကိုအေးမြအောင်ထားခြင်း က သက်သောင့်သက်သာရှိစေရန် အဓိကသော့ချက်ဖြစ်သည်။ သဘာဝ လေစီးဆင်းမှုရှိစေရန်   နံနက်စောစောနှင့်   ညဘက်  အပြင်အပူချိန်ကျဆင်းသွားချိန်တွင် ပြတင်းပေါက်များကိုဖွင့်ပြီးနောက် နေ့ခင်းဘက်တွင် ပြတင်းပေါက်များကိုပိတ်၍ လိုက်ကာများနှင့်ကာထားပြီး ပန်ကာနှင့်လေအေးပေးစက်များ အသုံးပြုပါ။ အိမ်တွင်းအပင်များသည် လေထုအရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး ရေငွေ့ပျံခြင်းမှတစ်ဆင့် သဘာဝအအေးဓာတ်ကို ပေးစွမ်းနိုင်သောကြောင့် အခန်းအပူချိန်ကို  လျှော့ချပေးနိုင်သည်။ အပူထုတ်ပေးသောပစ္စည်းများဖြစ်သည့် မီးဖိုပေါ်တွင် ချက်ပြုတ်ရသောအစားအစာများအစား လတ်လတ်ဆတ်ဆတ် စားနိုင်သော အမြန်ချက်ပြုတ်ထားသောအစားအစာများကို ရွေးချယ်ခြင်းဖြင့် အိမ်ကိုအေးမြစေနိုင်သည်။

အပူလှိုင်းကာလအတွင်း  ညဘက်မှာပင် အပူချိန်မြင့်မားနေတတ် သောကြောင့် ကောင်းမွန်စွာအိပ်ပျော်ရန် ခက်ခဲတတ်သည်။ ထို့ကြောင့် ညဘက်တွင် အိမ်ကိုအေးမြအောင်ထားရန်နှင့် အိပ်ရာကို အေးမြအောင် ထားရန် အထူးအရေးကြီးသည်။

အပူလှိုင်းကာလအတွင်း ထိခိုက်လွယ်သူများ

အပူလှိုင်းသည် မည်သူ့ကိုမဆို ထိခိုက်စေနိုင်သော်လည်း သက်ကြီး ရွယ်အိုများ အထူးသဖြင့် အသက် ၇၅ နှစ်ကျော်သူများနှင့် အမျိုးသမီးများ၊ တစ်ယောက်တည်းနေထိုင်သူများ၊ စောင့်ရှောက်ရေးဂေဟာတွင် နေထိုင်သူများ၊ နှလုံးနှင့်အသက်ရှူ လမ်းကြောင်းဆိုင်ရာပြဿနာရှိသူများ၊ အဆုတ်ရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပါကင် ဆန်ရောဂါ၊ စိတ်ကျန်းမာရေးအခြေအနေရှိသူများ၊ ကလေးငယ်များ၊ အိပ်ရာထဲတွင် လဲလျောင်းနေရသူများ၊ မူးယစ်ဆေးဝါး သို့မဟုတ် အရက် စွဲနေသူများ၊  အယ်လ်ဇိုင်းမားရောဂါရှိသူများ၊  ပူပြင်းသောရာသီဥတု ဒဏ်ကိုပိုမိုခံစားရနိုင်ခြေရှိစေမည့်  ဆေးဝါးများစွာ သောက်သုံးနေသူ များ၊ အပြင်ဘက် သို့မဟုတ် ပူပြင်းသောနေရာများတွင် အလုပ်လုပ် ကိုင်သူများ၊   အိုးမဲ့အိမ်မဲ့များအတွက်   အပူလှိုင်းကြောင့်ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည်။

သတိထားရမည့်အပူဒဏ်အန္တရာယ်များ

အပူဒဏ်က ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်ပြီး  အထူးသဖြင့် အပူလှိုင်းကျရောက်နေချိန်တွင် ရေလုံလောက်စွာ မသောက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်သော လက္ခဏာများနှင့် အပူလျှပ်ခြင်းဖြစ်ပွားနိုင်သည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ် မှုနှင့် အပူလျှပ်ခြင်း၏လက္ခဏာများတွင် ရေငတ်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ချွေးထွက်များခြင်း၊ ဆီးထွက်နည်းခြင်း၊ ဆီးအရောင်ရင့်လာခြင်း၊ ခေါင်း မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားအရောင်ပြောင်းလဲခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်အခြေအနေပြောင်းလဲမှုများပါဝင်သည်။  ခန္ဓာကိုယ်က ချွေးထွက်ခြင်းကြောင့်  ရေ၊  ဆားနှင့် သကြားဓာတ်အလွန်အကျွံဆုံးရှုံးသွားသောအခါ ပြင်းထန်သောအပူဒဏ် ကြောင့် စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန် ခြင်းနှင့် တက်ခြင်း သို့မဟုတ် မေ့မြောသွားခြင်းဖြစ်ပေါ်ပါက ချက်ချင်း ဆေးကုသမှုခံယူရန် အရေးကြီးသည်။

အချုပ်အားဖြင့်ဆိုရသော် ပူပြင်းသောရာသီဥတုသည် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သောကြောင့် နွေရာသီအပူလှိုင်း ကာလအတွင်း ရေများများသောက်ခြင်း၊  နေရောင်ခြည်နှင့်ဝေးဝေးနေခြင်း၊  အေးမြအောင် မည်သို့နေထိုင်ရမည်ကို သိရှိရန်အရေးကြီးသည်။ အပူဒဏ်နှင့် ဆက်စပ်သောလက္ခဏာများကို   သတိထားရန်နှင့်   အပူလျှပ်ခြင်းကိုရှောင်ရှားရန်အတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်ကြောင်း ကျန်းမာရေး သုတမျှဝေလိုက်ရပါသည်။

MWD