ရုပ်ရှင်ပွဲတော်ရက်သတ္တပတ်မှသည် တူညီသောချစ်ခြင်းတရားတို့၏ ဆုံမှတ်ဆီသို့...
Posted_Date
Image
Body
ဒီရက်ပိုင်းအတွင်း မြန်မာရုပ်ရှင်ချစ်သူတို့အတွက် သတင်းကောင်းတစ်ခုက ဆီးကြိုလို့နေသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပြည်သူများ ပိုမိုထိတွေ့ဆက်ဆံနိုင်ရေးအတွက် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်ပြုလုပ်မည်ဆိုသည့် သတင်းပင်ဖြစ်သည်။ ထိုသတင်းကောင်းမှာ အစီအစဉ်မစတင်မီကပင် ရုပ်ရှင်ချစ်သူတို့အကြား တစ်ဦးနှင့်တစ်ဦး သတင်းစကားပေးပို့ရင်းဖြင့်ပျံ့နှံ့နေပြီဖြစ်၏။
အစီအစဉ်အရ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်မှ ၁၁ ရက်အထိ ဥတ္တရသီရိကုန်တိုက် ဂျေစီနီပလက်စ် ရုပ်ရှင်ရုံ၌ စိတ်ဝင်စားဖွယ် ရုပ်ရှင်ဇာတ်ကားကောင်းများကို ညနေငါးနာရီအထိ တစ်ရက်လျှင် နှစ်ကားနှုန်းဖြင့် အခမဲ့ပြသခဲ့ရာ ရုပ်ရှင်ချစ်ပရိသတ်များ နှစ်ထောင်းအားရလျက်ရှိကြောင်းကိုလည်း တွေ့ရှိရပါ၏။
ကမ္ဘာ့ရုပ်ရှင်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ပြင်သစ်နိုင်ငံ ပါရီမြို့ ဂရင်းန်ကဖေးတွင် ၁၈၉၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ပြသခဲ့သည့် " workers Leaving the Lumiere Factory " အမည်ရှိ မှတ်တမ်းရုပ်ရှင်မှာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်ရုပ်ရှင်ဖြစ်ကြောင်း မှတ်သားရသည်။ ပြင်သစ်လူမျိုး လူမီယဲညီနောင်တို့ တီထွင်ရိုက်ကူးထုတ်လုပ်လိုက်သည့် ၎င်းရုပ်ရှင်မှာ ဖလင်အရှည် ၁၇ မီတာမျှသာရှိပြီး ပြသချိန်မှာလည်း စက္ကန့် ၅၀ မျှသာ ကြာမြင့်သည့်တိုင် ကမ္ဘာကြီးကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်ဟု အဆိုရှိသည်။
ရုပ်ရှင်သည် အနုပညာနှင့် အတတ်ပညာတို့ အချိုးကျပေါင်းစပ်ထားသည့် ထုတ်ကုန်တစ်မျိုးပဲဖြစ်သည်။ ရုပ်ရှင်ပိတ်ကားပေါ်တွင် လှုပ်ရှားနေကြသည့် ပုံရိပ်များက ကြည့်ရှုနေကြသူများ၏စိတ်နှလုံးကို ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။ ရုပ်ရှင်ကြည့်ပရိသတ်တို့အပေါ် ကြီးမားသည့် ဩဇာသက်ရောက်မှုရှိနေသည့် အပျော့ထည်စွမ်းအား (Soft Power) တစ်ခုလည်းဖြစ်သည်။
အပျော့ထည်စွမ်းအား (Soft Power) ဆိုသည်မှာ အနိုင်အထက်မပြု၊ အတင်းအကျပ်မခိုင်း၊ ဖိအားမပေး၊ အမိန့်ပေးခြင်းလည်းမလုပ်။ယင်းတို့အစား သိမ်မွေ့ညင်သာစွာ ဆွဲဆောင်မှုကိုသာ ပြုလုပ်သည်။ စည်းရုံးသိမ်းသွင်းမှုကိုသာ ပြုလုပ်သည်။ ရုပ်ရှင်၊ ဂီတ၊ အနုပညာ၊ အားကစား၊ အစားအစာ၊ ပညာရေးစသည့် အရင်းအမြစ်များ၊ လူ့ဂုဏ်သိက္ခာနှင့် စံနှုန်းများ၊ ကျင့်ဝတ်များ၊ သံခင်းတမန် ခင်းများ၊ အကူအညီပေးအပ်ခြင်းများ စသည်တို့မှာ အပျော့ထည်စွမ်းအား၏ အဓိကအရင်းအမြစ်များပင်ဖြစ်သည်။
အကယ်စင်စစ် ရုပ်ရှင်အနုပညာဆိုသည်ကလည်း နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခြေခံအင်အားတစ်ရပ်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့စရိုက် များကို ကမ္ဘာနှင့်ဆက်သွယ်ပေါင်းကူးပေးနိုင်သည့် ဘာသာစကားတစ်ခုလည်းဖြစ်သည်။ ထို့အတူ မိမိတို့နိုင်ငံ၏ အမျိုးသားရေးလက္ခဏာနှင့် လူနေမှုဘဝအသီးသီးကို ကမ္ဘာသို့ထုတ်ဖော်ပြသနိုင်သည့် ကျယ်ပြန့်သော မီဒီယာတစ်ခုလည်းဖြစ်သည်။ နိုင်ငံနှင့်ပြည်သူတို့၏ အတွေးအခေါ်ပိုင်း၊ စိတ်ဓာတ်ပိုင်းနှင့် တန်ဖိုးထားမှုများကို ထင်ဟပ်ဖော်ပြနိုင်သည့် အားကောင်းသော အနုပညာတစ်ရပ်ဖြစ် သည့်အတွက် ရုပ်ရှင်အနုပညာကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍမပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုများမှာ ပြီးပြည့်စုံမှုမရှိဟုပင် ဆိုနိုင်ကောင်းသည်။ ထိုကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက် အင်အားတစ်ရပ်ဖြစ်သော ရုပ်ရှင်အနုပညာကို နိုင်ငံတော်၏ စိတ်ဝိညာဉ်ဟုဆိုလျှင် လွန်အံ့မထင်ပါ။
မိမိတို့နိုင်ငံ၌လည်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ထူထောင်နိုင်ရန် ၁၉၁၀ ပြည့်နှစ်မှစ၍ ကြံစည် ကြိုးပမ်းမှုများရှိခဲ့ရာ ကမ္ဘာနှင့်အညီ အမီလိုက်နိုင်ရန် ထိုခေတ်မြန်မာတို့ ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ၁၉၂၀ပြည့်နှစ်တွင် လန်ဒန်အတ် ဦးအုန်းမောင်ရိုက်ကူးသည့် “ဦးထွန်းရှိန် ဈာပနမှတ်တမ်း ရုပ်ရှင်” ပေါ်ထွက်လာခဲ့ခြင်းဖြင့် မြန်မာ့ရုပ်ရှင်သမိုင်း စတင်ခဲ့ခြင်းဖြစ်၏။ မိမိတို့တွင်ရှိနေသည့် အရင်းအမြစ်၊ အနုပညာ၊ အတတ်ပညာ၊ တီထွင်ကြံဆမှုတို့ဖြင့် မြန်မာ့ရုပ်ရှင်ဟူ၍ ဖြစ်တည်လာရခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းတစ်လျှောက်တွင် မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့သည်။ ခေတ်သမိုင်းများစွာကို ကျော်လွန်ဖြတ်သန်း၍ နိုင်ငံ့တာဝန်များကို အနုပညာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီလည်းဖြစ်သည်။
ရုပ်ရှင်ပွဲတော်များမှတစ်ဆင့် နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုနှင့် ယဉ်ကျေးမှုများ ပေါင်းစည်းဖလှယ်ခြင်းမှာ အလွန်သင့်မြတ်သော အစီအမံကောင်းများပင်ဖြစ်သည်။ လူတို့၏စိတ်နှလုံးကို ညွတ်နူးပျော့ပျောင်းစေ၍ ကျယ်ပြန့်သော အတွေးအမြင်များကို လက်ခံစေနိုင်ဖို့ဆိုလျှင် ရုပ်ရှင်အစရှိသော အနုပညာအစုစုတို့မှာ လိုအပ်လှစွာသော ပေါင်းကူးတံတားများပင်ဖြစ်သည်။ မြန်မာနှင့်တရုတ်နိုင်ငံတို့မှာ မိုင်ပေါင်း ၁၃၈၄ မိုင်ခန့်ရှည်လျားစွာ နယ်နိမိတ်ချင်းထိစပ်နေကြသည်။ ဤမျှရှည်လျားသော နယ်နိမိတ်ကိုဖြတ်ကျော်၍ နှစ်ပေါင်းထောင်ချီသည့် အချိန်ကာလများတစ်လျှောက် လူများ၊ ကုန်စည်များသာမက ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမတို့ပါ အပြန်အလှန် စီးဆင်းခဲ့ကြရာယဉ်ကျေးမှုများ ပေါင်းစည်းကြွယ်ဝခြင်း သဘောတရားအရ မိမိတို့နိုင်ငံအဖို့လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများကို အလေးအနက်ထားသူဖြစ်သည်။ ယခုလည်း “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ် အစီအစဉ်” ဖွင့်ပွဲအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် ချီးမြှင့်ခဲ့သည်မှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များအတွက် အားတက်ဖွယ်မြင်ကွင်း တစ်ရပ်ပင်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီး၏ “ရုပ်ရှင်မပေါ်ခင်ကာလများမှ ခေတ်အဆက်ဆက်ကတည်းက နှစ်နိုင်ငံအကြား စာပေနှင့် ဂီတ၊ သဘင်ကဏ္ဍများမှတစ်ဆင့် ပြည်သူများအကြား အပြန်အလှန် စီးဆင်းပေါင်းစည်းခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ၏ လေးနက်လှသည့် ဂန္ထဝင်ဝတ္ထုကြီးများ၊ တရုတ်ရိုးရာစစ်ဗျူဟာများ၊ သစ္စာတရားများကို မြန်မာ့စာပေလောက၌ ဘာသာပြန် ဖတ်ရှုကြရသည့်အတွက် ယနေ့ထက်ထိ ရှင်သန်နေဆဲဖြစ်ကြောင်း၊
ထိုကဲ့သို့ စာပေ၊ ဂီတ၊ အနုပညာအခြေခံအုတ်မြစ်များ ခိုင်မာခဲ့သည့်အစဉ်အလာကြောင့်ပင် ယနေ့ခေတ်ရုပ်ရှင်ကဏ္ဍ၌ ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင် ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားချက်မှာ များစွာမှတ်သားဖွယ်ကောင်းလှသည်။
မိမိတို့မြန်မာစာပေလောကတွင် ကမ္ဘာ့အစောဆုံးစစ်ပညာကျမ်းဖြစ်သည့် တရုတ်စစ်ပါရဂူ စစ်သူကြီး ဆွန်ဇူး (Sun Tzu) ၏ စစ်ဝိဇ္ဇာပညာကျမ်း (The Art of War) ဆိုလျှင် ယနေ့တိုင် အကြိမ်ကြိမ် ဘာသာပြန်ဆိုထုတ်ဝေနေရဆဲ စာအုပ်တစ်အုပ်ဖြစ်သည်။ ထို့အတူ ချင်မင်းဆက် (Qing Dynasty) ကာလအတွင်း စာရေးဆရာ ချောင်းရွှယ်ချင် (Cao Xueqin) ရေးသားခဲ့သော တရုတ်ဂန္ထဝင်စာပေသမိုင်းတွင် အကြီးကျယ်ဆုံးနှင့် ဩဇာအရှိဆုံးဝတ္ထုကြီးဖြစ်သည့် “ခန်းဆောင်နီ အိပ်မက် (Dream of the Red Chamber)” ကိုလည်း မြန်မာစာရေးဆရာကြီး မြသန်းတင့်က အခန်း ၁၂၀ လုံးကို အဆင့်မြင့်မားစွာ ဘာသာပြန်ဆိုခဲ့သည်။ ယင်းစာအုပ်မှာ အမျိုးသားစာပေဆုရစာအုပ် အဖြစ် မြန်မာစာပေဧည့်ခန်းဆောင်တွင် တခမ်းတနားတည်ရှိနေပြီဖြစ်သည်။ ထို့ပြင် တရုတ်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည့် စာအုပ်များ၊ အင်္ဂလိပ်ဘာသာမှတစ်ဆင့် ပြန်ဆိုသည့်စာအုပ်များ စသည်ဖြင့် သုတ၊ရသ၊ ကျမ်းစာအုပ်များလည်း အများအပြားရှိနေသည်။
ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများဆိုလျှင်လည်း တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို လွန်ခဲ့သည့် ဆယ်စုနှစ်များမှပင် မြန်မာတို့စွဲလမ်းနှစ်သက်စွာ ကြည့်ရှုခံစားခဲ့ကြသည်။
မိမိတို့၏ ငယ်စဉ်ဘဝကို ပြန်တွေးမိလျှင်ပင် ထိုဇာတ်လမ်းတွဲများမှာ တစ်ခန်းတစ်ကဏ္ဍအဖြစ် တခုတ်တရပါဝင်နေမည်သာဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည့် “အနောက်သို့ခရီးသွားခြင်း (Journey to the West)” ဆိုလျှင် မြန်မာမိသားစုတို့၏ ညဉ့်ဦးယံဧည့်ခန်းတွင် မိသားစုဝင်များ အားလုံးကို စုံညီစေခဲ့သည်အထိ အနုပညာ၏တန်ဖိုးနှင့် အကြောင်းအရာ၏ တန်ဖိုးများ နက်ရှိုင်းလှပနေခဲ့သည်။
ထိုစဉ်က မျောက်မင်းစွန်းဝူခုန်းကို သဘောကျနှစ်သက်ခဲ့ကြသည့် မိမိတို့တစ်တွေပင် ယခုဆိုလျှင် မိဘအရွယ်သို့ ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။ ဆိုလိုရင်းအဓိပ္ပါယ်မှာ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများဆိုသည်မှာ အချက်အလက်များ၊ ရိုက်ကူးတင်ပြပုံများနှင့် အနုပညာစွမ်းရည်ကောင်းလျှင် ကောင်းသလောက် လူမျိုးတစ်မျိုးနှင့်တစ်မျိုး သိမြင်နားလည်မှု၊ ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုရရှိနိုင်စေရန် စွမ်းဆောင်နိုင်စွမ်းအမြင့်မားဆုံးသော မီဒီယာများဖြစ်သည်ဟု တင်ပြလိုခြင်းဖြစ်သည်။
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၆)နှစ်မြောက် အခါသမယအထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” တွင် မြန်မာဘာသာစာတန်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကားကို အလှည့်ကျ အခမဲ့ပြသလျက်ရှိသည်။
မြန်မာရုပ်ရှင်ချစ်သူများကလည်း တစ်ခဲနက် အားပေးကြည့်ရှုလျက်ရှိရာ ရုပ်ရှင်အနုပညာကပေးသည့် ဖော်ပြပါစွမ်းဆောင်ရည်များကိုလည်း တစ်ပါတည်းရရှိခံစားနိုင်ကြလိမ့်မည်ဟု အပြည့်အဝယုံကြည်ပါသည်။
အခြားတစ်ဖက်မှကြည့်လျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်နိုင်ငံကြီးဖြစ်ပြီး နိုင်ငံသစ်ထူထောင်သည်မှစ၍ တရုတ်ခေါင်းဆောင်များနှင့် တရုတ်ပြည်သူများ၏ မဆုတ်မနစ်ကြိုးစားရုန်းကန်မှုများ၊ ဇွဲသတ္တိနှင့်လုံ့လဝီရိယများ၊ ဖွံ့ဖြိုးတိုးတက်မှု လှေကားကို တစ်ဆင့်ပြီးတစ်ဆင့် ခိုင်ခိုင်မြဲမြဲတက်လှမ်းလာမှုများမှာလည်း မိမိတို့မျက်စိရှေ့မှောက်မှာပင် မြင်တွေ့နေရသည့် ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်သဖွယ်ပင်ဖြစ်သည်။ မိမိတို့အတွက် မုဒိတာပွားဖွယ်၊ အားကျအတုယူဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဟုဆိုနိုင်ပါ၏။
သို့ဖြစ်ရာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းအဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိသည့် မြန်မာနှင့်တရုတ်အကြားမှ ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆက်လက်ရှင်သန်တိုးတက်နေစေရေး ယခုကဲ့သို့ အနုပညာဆိုင်ရာပွဲတော်များဖြင့် ယဉ်ကျေးမှုများ မြှင့်တင်ဖလှယ်နေရမည်ဖြစ်သည်။ ထို့ပြင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးဆိုင်ရာ ခံစားမှုများ၊ ပညာရေးပူးပေါင်းဆောင်ရွက်မှုများ အစရှိသည့် နယ်ပယ်စုံ၌လည်း ပိုမိုတိုးမြှင့်လုပ်ဆောင် သွားကြရမည်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ချီးမြှင့်၍ အောင်မြင်စွာကျင်းပလျက်ရှိသည့် “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” မှသည် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့်မြောက်သည့် အခါသမယအတွင်း နှစ်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် အလွှာအသီးသီးတို့ကြား၌လည်း တူညီသော ချစ်ခြင်းတရားတို့၏ ဆုံမှတ်ဆီသို့ မလွဲဧကန်ဆိုက်ရောက် လိမ့်မည်ဖြစ်ပါကြောင်း ညွတ်နူးသောစိတ်နှလုံးဖြင့် စာပန်းချီခြယ်မှုန်းလိုက်ရပါသည်။ ။
MWD
