နေပြည်တော် ဧပြီ ၂၄ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား မိုင်းဖြတ်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု များတက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သားများသည် နိုင်ငံတော်ကို ချစ်သောစိတ်၊ တိုင်းပြည်ကို ချစ်သောစိတ်တို့ဖြင့် မိမိ ဆန္ဒအလျောက် စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ အလားတူ တပ်မတော်သားများ၏ ဇနီးများသည်လည်း ကောင်းတူဆိုးဘက် တာဝန်ကျရာနေရာတွင် ပါရမီဖြည့်ဖက်ကောင်းများအဖြစ် လိုက်ပါနေထိုင်၍ တပ်ရေးတပ်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင် လုပ်ကိုင်လျက်ရှိကြကြောင်း၊ ထို့အပြင် တပ်မတော်သည် ရဲဘော်စိတ်ကိုအခြေခံ၍ တည်ဆောက် ထားကာ အထက်အောက် လေးစားသော စိတ်ဓာတ်၊ ရွယ်တူကိုလေးစားသော စိတ်ဓာတ်၊ ငယ်သူကို ညှာတာသော စိတ်ဓာတ်ရှိသည့် ခိုင်မာသောအဖွဲ့အစည်းဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီမှ အဖွဲ့၊ တပ်စိတ်၊ တပ်စုအဆင့်ဆင့်သည် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း။ တပ်မတော်သားများအတွက် စောင့်ထိန်းလိုက်နာရမည့် စစ်သည်တော် ကျင့်ဝတ်အပါး (၆၀) ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် အထက်အောက်ဆက်ဆံရေး၊ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး၊ ပြည်သူလူထုနှင့်ဆက်ဆံရေးများတွင် အဆင်ပြေနိုင်မည်ဖြစ်၍ ကျင့်ဝတ်အပါး (၆၀) ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိန်း လိုက်နာရန်လိုအပ်ကြောင်း၊ စည်းကမ်း သည် တပ်မတော်၏ အသက်သွေးကြောဖြစ်၍ စည်းကမ်းနှင့်ပတ်သက်၍ အလျှော့ပေး၍မရကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်မှုမှ စားသောက်နေထိုင်သွားလာမှုများအထိ ထောင့်စုံအောင် သတ်မှတ်ထားသည့် စည်းကမ်းများရှိပြီး အိမ်ထောင်သည်လိုင်းစည်းကမ်း၊ တပ်ပြင်ထွက်ခွင့် စည်းကမ်း စသဖြင့်သတ်မှတ်ထားကာ လိုက်နာကြရန်လိုကြောင်း၊ စည်းကမ်းချိုးဖောက်မှုများနှင့် ပတ်သက်၍ လျစ်လျူရှု၍မရကြောင်း၊ အိမ်ထောင်တစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွင်း စည်းကမ်းချိုးဖောက်မှုကို လျစ်လျူရှုခြင်းသည် ၎င်းအိမ်ထောင်နှင့် အဖွဲ့အစည်းအတွင်း ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်စေကြောင်း၊ တာဝန်ရှိသူများ၏ ဘာသိဘာသာနေမှုသည် အဖွဲ့အစည်းကို ထိခိုက်စေသည် သာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်သဖြင့် စည်းကမ်းနှင့်အညီ ပြုပြင်ဆုံးမရန် လိုကြောင်း၊ သို့ဖြစ်၍ စည်းကမ်းနှင့်ပတ်သက်လာပါက အမိအဖစိတ်ဓာတ်၊ တပ်မှူးကောင်းစိတ်ဓာတ်တို့ဖြင့် မပြတ်သွန်သင် ဆုံးမခြင်းဖြင့် မကောင်းမှုကိုတားမြစ်နိုင်ပြီး စည်းကမ်းကောင်းသော တပ်မတော် အဖြစ် အစဉ်ရပ်တည်နိုင်မည်ဖြစ်ကြောင်း။အထက်ပါ စိတ်ဓာတ်နှင့်စည်းကမ်းကဲ့သို့ အရေးကြီးသောအချက်မှာ သစ္စာရှိမှုပင်ဖြစ်ကြောင်း၊ သစ္စာရှိမှုသည် တပ်မတော်သားတိုင်းအတွက် ဘဝနှင့်သက်ဆိုင်၍ လေးနက်မှုရှိကြောင်း၊ တပ်မတော် သားတို့သည် နိုင်ငံတော်အတွက် အသက်ကိုပင်စွန့်လွှတ်မည်ဟု ကတိသစ္စာပြုထားသူများ ဖြစ်ကြကြောင်း၊ နိုင်ငံတော်အတွက် သစ္စာရှိစွာ စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်သော သူများကိုလည်း ချီးမြှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ သစ္စာရှိမှု ဆိုရာတွင်လည်း နိုင်ငံတော်နှင့် တပ်မတော်အပြင် မိမိရဲဘော်ရဲဘက်နှင့် မိသားစုများအပေါ် သစ္စာရှိစွာ အမြဲစောင့်ထိန်းနေရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ သစ္စာရှိစွာ လိုက်နာကျင့်ကြံမှုမှ အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိပြီး စည်းလုံးညီညွတ်မှုကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာရှိမှုကို အခြေခံ၍ တော်တည့်မှန်ကန်သော ခေါင်းဆောင်မှုပေးခြင်းဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးလုပ်သူသည် မှန်ကန်သောအမိန့်ကို ပေးရန်လိုပြီး ၎င်းအမိန့်ကို လိုက်ပါဆောင်ရွက် နိုင်ရန်လည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ ကောင်းမွန်သောခေါင်းဆောင်မှုနှင့် စည်းလုံးညီညွတ်မှု ရှိသော တပ်ရင်း/တပ်ဖွဲ့သည် မည်သည့်ကိစ္စကိုမဆို အောင်မြင်အောင်လုပ်ဆောင် နိုင်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ခြင်း၊ သစ္စာရှိခြင်း၊ စည်းလုံးခြင်းဟူသော အချက် (၄) ချက်နှင့်ပြည့်စုံခြင်းဖြင့် စွမ်းရည်သုံးရပ် ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ စွမ်းရည်သုံးရပ်တွင်လည်း တပ်ရင်း/တပ်ဖွဲ့တိုင်းသည် စစ်ရေးစွမ်းရည်ပြည့်ဝနေရန် အမြဲလေ့ကျင့် နေကြရန်လိုကြောင်း။ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ ကျန်းမာရေးကြောင့် မလိုလားအပ်သော ပြုန်းတီးမှုများဖြစ်ပေါ်လျက်ရှိပြီး တပ်မတော်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်သကဲ့သို့ မိသားစုများအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးတို့သည် မိမိကိုယ်တိုင်ကြိုးစားလုပ်ယူရသော ကိစ္စရပ်များဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျန်းမာရေးကို ကိုယ်စီဂရုစိုက်ကြရန်နှင့် ကျန်းမာရေးထိခိုက်စေသည့် အပျော်အပါးများကို ရှောင်ကြဉ်ရန် မှာကြားလိုကြောင်း။ ပညာရေးနှင့်ပတ်သက်၍ တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ KG+9 တက်ရောက်အောင်မြင်ပြီးသူများ အနေဖြင့်လည်း စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ မွေးမြူရေးသိပ္ပံကျောင်းများသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင် စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် တပ်မတော်နှင့် နိုင်ငံတော် အတွက် လူသားအရင်းအမြစ်များ ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်း။ တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ဗဟုသုတရစေသည့် ပြင်ပစာပေများကို ဖတ်ရှု လေ့လာရန်လိုကြောင်း၊ တပ်မတော်မှ ထုတ်ဝေဖြန့်ချိလျက်ရှိသော မဂ္ဂဇင်း၊ ဂျာနယ်များနှင့် သတင်းစာများကို အချိန်မီရရှိအောင် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စများနှင့်ပတ်သက်၍ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း လုံး ဝမပြုလုပ်ရန်နှင့် မိသားစုဝင်များပါ ကင်းကင်းရှင်းရှင်းရှိစေရေး ကြပ်မတ်သွန်သင်နေရန်လိုကြောင်း၊ အလားတူ လောင်းကစားခြင်းသည်လည်း ဆိုးရွားသောအကျိုးဆက်များကိုဖြစ်ပေါ်စေ၍ မိသားစုနှင့် လုပ်ငန်းတာဝန်များကိုပါ ထိခိုက်စေနိုင်ကြောင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုနှင့် ပတ်သက်၍လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထား၍ သတင်းရရှိသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီသတင်းပို့ တားဆီးနိုင်ရန်လိုကြောင်း။ တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် လိုအပ်ချက်များကို အမြဲမပြတ်ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မိသားစုဝင်များအနေဖြင့်လည်း တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မိသားစု၏စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှုဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း။ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်ဒေသတို့သည် တိုင်းရင်းသား ပြည်သူလူထုအများစု နေထိုင်ရာနယ်မြေများဖြစ်၍ ဒေသခံတိုင်းရင်းသားများနှင့် ထိတွေ့ဆက်ဆံရာတွင် တပ်မတော်သား ပီသစွာ ကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုရန်နှင့် ဒေသအလိုက် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာခဲ့ပါကလည်း အထက်အမိန့်မစောင့်ဘဲ ထိရောက်သောကူညီမှုများ ဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်လေးစားမှုကိုရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကိုမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်များရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းဖြတ် တပ်နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။သတင်းစဉ်
Sat, 25-Apr-2026