အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာဓာတ်ခွဲခန်း တည်ဆောက်ခြင်းစီမံကိန်း(ပထမအဆင့်) စီမံကိန်းဖွင့်ပွဲကျင်းပ
နေပြည်တော် ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်းစီမံကိန်း (ပထမအဆင့်) ၏ စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်းစီမံကိန်း (ပထမအဆင့်)သည် မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)ဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု များကို ကာကွယ်နိုင်ရန်၊ လေထု၊ ရေထု၊ မြေထု အရည်အသွေးများကို ဆန်းစစ်အကဲဖြတ်နိုင်ရန်၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် အမျိုးသား ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်နိုင်ရေး အခြေခံအချက်အလက်များ စုဆောင်းနိုင်ရန် ရည်ရွယ်ပြီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။
ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင် အခြေအနေအဖြစ် ထိန်းသိမ်းနိုင်ရန်အတွက် ကိန်းဂဏန်း အချက်အလက် အထောက်အထားများအပေါ် အခြေခံပြီး စနစ်တကျလေ့လာဆန်းစစ်နိုင်ရေး အတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ရန် မဖြစ်မနေလိုအပ်ကြောင်း၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
စီမံကိန်း၏ ဒုတိယအဆင့်နှင့် တတိယအဆင့်များကိုလည်း သတ်မှတ်ကာလများအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီထောက်ပံ့ပေးခဲ့ကြသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Minister Counsellor Dr. Zheng Znhongr (ဒေါက်တာ ကျန့်ကျစ်ဟုန်)နှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က အမှာစကားပြောကြားကြကြောင်း သိရသည်။
သတင်းစဉ်
MDN
