၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အယ်နီညိုဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားလာကြောင်း WMO ထုတ်ပြန်

News Image

  • ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အယ်နီညိုဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားလာကြောင်း WMO ထုတ်ပြန်

၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အယ်နီညို (El Nino) ရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပေါ်လာနိုင်ပြီး ကမ္ဘာ့အပူချိန်နှင့် မိုးရွာသွန်းမှုပုံစံအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဧပြီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ပစိဖိတ်သမုဒ္ဒရာ၏ အီကွေတာအနီးရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန်များ   လျင်မြန်စွာ မြင့်တက်နေခြင်းကြောင့် မေလမှ ဇူလိုင်လအတွင်း အယ်နီညိုအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ခြေ မြင့်မားနေခြင်းဖြစ်သည်။

ထိုရာသီဥတုဖြစ်စဉ်ကြောင့် လာမည့်သုံးလတာကာလအတွင်း ကမ္ဘာ့ကုန်းမြေဒေသအများစုတွင် ပုံမှန်ထက်ပိုသောအပူချိန်များဖြစ်ပေါ်နိုင်ပြီး ဒေသအလိုက် မိုးရွာသွန်းမှုပုံစံများလည်း ပြောင်းလဲနိုင်ကြောင်း ခန့်မှန်းထားသည်။ ယခုနှစ်အစပိုင်းတွင် ရာသီဥတုအခြေအနေမှာ ပုံမှန်အဆင့်၌သာ ရှိသော်လည်း လက်ရှိတွက်ချက်မှုများအရ အယ်နီညိုဖြစ်ပေါ်ရန် သေချာသလောက်ရှိနေပြီး နောက်ပိုင်းလများတွင် ပိုမိုပြင်းထန်လာနိုင်ကြောင်း WMO ၏ ရာသီဥတုခန့်မှန်းချက်ဆိုင်ရာ အကြီးအကဲကပြောသည်။

အယ်နီညိုဖြစ်စဉ်သည် ပုံမှန်အားဖြင့် ၂  နှစ်မှ ၇ နှစ်လျှင် တစ်ကြိမ်ဖြစ်ပွားလေ့ရှိပြီး ၉ လမှ ၁၂ လအထိ ကြာလေ့ရှိကာ ကမ္ဘာ့ရာသီဥတုကို ပူနွေးစေသော သက်ရောက်မှုရှိသည်။ အဆိုပါဖြစ်စဉ်သည် တောင်အမေရိက တောင်ပိုင်းနှင့် အမေရိကတောင်ပိုင်းဒေသတို့တွင် မိုးများစေနိုင်သော်လည်း အာရှတောင်ပိုင်းဒေသအချို့တွင် မိုးခေါင်ရေရှားမှုကို ဖြစ်ပေါ်စေသည်။ အပူလှိုင်းဖြတ်ခြင်းနှင့် မိုးသည်းထန်စွာရွာခြင်းကဲ့သို့သော ပြင်းထန်သည့် မိုးလေဝသ အခြေအနေများလည်း ဖြစ်ပေါ်နိုင်သည်။ 

MWD