ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများအား တွေ့ဆုံ
နေပြည်တော် ဧပြီ ၂၄
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ယခုလို ဇေယျာသီရိမြို့နယ် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် လွန်စွာကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့်အတိုင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
ယခုတွေ့ဆုံပွဲတွင်လည်း ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒနှင့်အသံကို နားထောင်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ ပြည်သူနှင့်အတူ တစည်းတလုံးတည်း ဒေသကောင်းကျိုးများကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးကိစ္စများကိုလည်း စည်းစည်းလုံးလုံး သစ္စာရှိရှိ ဆက်လက်ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော လုံခြုံရေးစနစ်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံမဲဆန္ဒရှင်ပြည်သူများက သာသနာရေး ဆိုင်ရာ ကိစ္စရပ်များ၊ လမ်းတံတားဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် တင်ပြချက်များအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိ မဲဆန္ဒနယ်မြေအတွင်း တည်ငြိမ် အေးချမ်းစေရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ စေလိုပါကြောင်း ပြန်လည်ရှင်းလင်း ပြောကြားပြီး ဒေသခံမဲဆန္ဒရှင် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
