ရုရှားနိုင်ငံသားများအား ဗီဇာပိတ်ပင်ခြင်းကို ဥရောပသမဂ္ဂအနေဖြင့် ဆောင်ရွက်နိုင်သည့် အာဏာမရှိဟု ဘရပ်ဆဲလ်က ပြောကြား
ဥရောပသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို ရုရှားနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်း ရပ်ဆိုင်းရန် မည်သို့မျှ မတိုက်တွန်းနိုင်ကြောင်းဥရောပကော်မရှင်နာ Magnus Brunner က တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၄) တွင် ပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Mari Rantanen နှင့်အတူ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် Brunner အား ရုရှားနိုင်ငံသားများအတွက် ဥရောပ သမဂ္ဂတစ်ခွင်လုံးတွင် ခရီးသွားဗီဇာ တားမြစ်ချက်အလားအလာနှင့် ပတ်သက်သည့် သတင်းများအကြောင်း မေးမြန်းခဲ့မှုကို ၎င်းက "ဗီဇာ ဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ပိုင်ခွင့်အာဏာဖြစ်ပါသည်၊ ထို့ကြောင့် ဥရောပသမဂ္ဂအနေဖြင့် ယင်းကို အပြီးအပိုင် တားမြစ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ" ဟု ၎င်းက ပြောကြားခဲ့ပြီး "အချို့အဖွဲ့ဝင်နိုင်ငံများတွင် ဗီဇာ ထုတ်ပေးသည့် ကိန်းဂဏန်းတွေ နည်းနည်းမြင့်တက်လာသည်ကို မိမိတို့ တွေ့ရပါသည်၊ ယင်းက မိမိတို့ကို စိုးရိမ်စေပါသည်" ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများစွာသည် ရုရှားနိုင်ငံသားများအတွက် ဗီဇာ ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တင်းကျပ်လိုက်ခြင်း သို့မဟုတ် ယာယီရပ်ဆိုင်းလိုက်ကြသည်။ စလိုဗက်ကီးယားနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် စကင်ဒီနေးဗီးယန်းဗီဇာထုတ်ပေးခြင်းကို ပြန်လည် စတင်ခဲ့ပြီး ယခင်က မိသားစုဝင်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ လိုအပ်ချက်ရှိသူများ သို့မဟုတ် သံတမန်အဆင့်အတန်းရှိသူ ရုရှား နိုင်ငံသားများကိုသာ ဗီဇာထုတ်ပေးရန် ကန့်သတ်ခဲ့သည်။ စကင်ဒီနေး ဗီးယန်းဗီဇာကိုင်ဆောင်ထားသူများသည် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံ သို့ ခရီးသွားလာနိုင်ခွင့်ရှိသည်။ စလိုဗက်ကီးယားနိုင်ငံသည် လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနှင့် ပိုလန်နိုင်ငံတို့နှင့်အတူ ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံသားများအတွက် ခရီးသွားဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။
လက်ရှိ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Kaja Kallas သည် ၂၀၂၂ ခုနှစ် က အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် ဥရောပသမဂ္ဂတစ်ခွင်လုံး ခရီးသွားဗီဇာပိတ်ပင်ရန် တိုက်တွန်းခဲ့ပြီး “ရုရှားနိုင်ငံသားများကို ခရီးသွားဗီဇာ ထုတ်ပေးခြင်းကို ရပ်လိုက်ပါ ၊ ဥရောပကို သွားရောက်လည်ပတ်ခွင့်ဆိုသည်မှာ အခွင့်ထူး တစ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးတစ်ရပ်တော့ မဟုတ်ပါ” ဟု X (Twitter) ပေါ်တွင် ရေးသားခဲ့သည်။
ဥရောပကော်မရှင်၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ရုရှား နိုင်ငံသားများသည် စကင်ဒီနေးဗီးယန်းဗီဇာအတွက် လျှောက်ထားမှုပေါင်း ၆၀၆,၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ၅၂၀,၀၀၀ ခန့်မှ မြင့်တက်လာခြင်း ဖြစ်ကာ ခန့်မှန်းခြေအားဖြင့် ၇.၅% ပယ်ချခံခဲ့ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
