ယခုနှစ်ပြောင်းစိုက်ပျိုးမှု တိုးတက်လာပြီးရှမ်းပြည်နယ်တွင်းအများဆုံးစိုက်ပျိုးနေ

News Image

  • ယခုနှစ်ပြောင်းစိုက်ပျိုးမှု တိုးတက်လာပြီးရှမ်းပြည်နယ်တွင်းအများဆုံးစိုက်ပျိုးနေ

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြောင်းသီးနှံ စိုက်ဧက ၁ သန်းခန့်ရှိပြီး ရှမ်းပြည်နယ်တွင် ၆၅ ရာခိုင်နှုန်း အထိ အများဆုံးစိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်စိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်၌ ပြောင်းစိုက်ဧက ၃ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ဧကပေါင်း ၆ သိန်းကျော်အထိ တိုးမြှင့် စိုက်ပျိုးနိုင်ခြင်းဖြစ်တယ်လို့ အဆိုပါ အသင်းထံမှ သိရသည်။ 
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောင်းစိုက်ဧကက ၁ သန်းလောက်ရှိပါတယ်။ အဓိကကတော့ ဧက ၁ သန်းမှာ ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ ဧက ၆ သိန်းကျော်လောက်က ရှမ်းပြည်နယ်မှာစိုက်တာဖြစ်တယ်။ ပြောင်းက တောင်သူတွေ အတွက် တွက်ခြေကိုက်တဲ့ စိုက်ပျိုးသီးနှံဖြစ်ခဲ့ပါတယ်။ ဒီဘက်နောက်ပိုင်းမှာကတော့ တောင်သူမှာ လည်းရွေးချယ်စရာတွေရှိလာတဲ့အတွက် ပြောင်းစိုက်ပျိုးမှုလျော့ကျတာလည်းရှိတယ်။ သို့သော် အခု ၂၀၂၅ ခုနှစ် မှာတော့ စိုက်ဧက ပြန်တက်လာတာလည်းရှိပါတယ်” လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
လက်ရှိတွင် ပြောင်းသီးနှံစိုက်ပျိုးမှုမှ ထွက်ရှိသည့် ၃၅ ရာခိုင်နှုန်းကို တိရစ္ဆာန်အစာနှင့် ပြည်တွင်းလုပ်ငန်း အမျိုးမျိုးအတွက် အသုံးပြုလျက်ရှိပြီး ပိုလျှံတဲ့ ၆၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယ စသည့် နိုင်ငံများသို့လည်း ဈေးကွက်တိုးချဲ့တင်ပို့လျက်ရှိကြောင်း သိရသည်။

NP News